ကင်းလှည့်

August 31, 2022

ဒလမြို့နယ်တွင် စစ်တပ်နှင့်အတူကင်းလှည့်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်မှာ စစ်တပ်နဲ့အတူကင်းလှည့်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဩဂုတ် ၃၀ ရက် ည ၆ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး တယောက်သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက် သမ္မတကမ်းခြေစျေးလမ်းမှာ ညပိုင်းက စစ်တပ်နဲ့ကင်းလှည့်ပြီး လက်ဖက်ရည်ဝင်သောက်နေစဥ် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူ သုံးယောက်က  ဝင်ရောက်ပစ်ခဲ့တာလို့  ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“စစ်တပ်ရယ်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရယ် ကင်းလှည့်ပြန်လာပြီး  လက်ဖက်ရည်ဝင်သောက်တဲ့အချိန် အပစ်ခံရတာ တစ်ဦးသေတယ်။ သုံးဦးဒဏ်ရာရတယ်။ အပစ်ခံရတာ အုပ်ချုပ်ရေးထဲက လူတွေ၊  ရာအိမ်မှူးလား၊ ဆယ်အိမ်မှူးလားတော့ မသိဘူး။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သမ္မတကမ်းခြေစျေးလမ်းအတွင်း လမ်းသွားလမ်းလာနဲ့ ကားတွေကိုပါစစ်ဆေးနေတယ်လို့  ရပ်ကွက်နေသူတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ဘယ်သူက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်အဖွဲ့ကမှ လတ်တလော သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက် ညပိုင်းကလည်း ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဆရာစံလမ်းရှိ ဟိန်းကို လက်ဖက်ရည်ဆိုင်မှာ  စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ လူမိုက် ခလေး(ခ) ကျော်ကျော်ဝင်းတို့အဖွဲ့ကို အမည်မသိသေနတ်ကိုင်ဆောင်သူတွေက ပစ်ခတ်ခဲ့လို့ သုံးယောက် ဒဏ်ရာရရှိခဲ့ပါ သေးတယ်။

5 months Ago

August 11, 2022

ထိုင်ဝမ်ကျွန်းတဝိုက်တွင် တရုတ်စစ်တပ် ပုံမှန်ကင်းလှည့်သွားမည်

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းတဝိုက်မှာ လုပ်ငန်းတာဝန် အမျိုးမျိုးကို ဆောင်ရွက် ပြီးမြောက်ခဲ့ပေမဲ့ ပုံမှန်ကင်းလှည့်သွားမယ်လို့ နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက သြဂုတ် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်တိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ကြေညာခဲ့တာပါ။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ အရင်သီတင်းပတ်က ထိုင်ဝမ်ကို လာရောက်လည်ပတ်ခဲ့လို့ ဒေါသထွက်နေတဲ့ တရုတ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ မူလသတ်မှတ်ထားတဲ့ လေ့ကျင့်ချိန် လေးရက်ထက် ကျော်လွန်ပြီး အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခဲ့တာပါ။

ပဲ့ထိန်းဒုံးကျည်တချို့ ပစ်လွှတ်ခဲ့ပြီး တချို့က ထိုင်ဝမ်ကျွန်းရဲ့ မြို့တော် တိုင်ပေကို ဖြတ်ကျော် ပျံသန်းခဲ့ပါတယ်။

ထိုင်ဝမ်တဝိုက် တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်ရာမှာ လုပ်ငန်းတာဝန်အမျိုးမျိုးကို အောင်မြင် ပြီးမြောက်ခဲ့ပြီး တပ်ဖွဲ့တွေရဲ့ ပေါင်းစပ်တိုက်ခိုက်ရေး စွမ်းရည်ကို ထိထိရောက်ရောက် စမ်းသပ်ခဲ့တယ်၊ တပ်ဖွဲ့တွေဟာ ထိုင်ဝမ်ရေလက်ကြားက အခြေအနေ အပြောင်းအလဲတွေကို စောင့်ကြည့်ရမှာဖြစ်ပြီး တိုက်ပွဲအတွက် ဆက်ပြီး လေ့ကျင့် ပြင်ဆင်သွားမယ်၊ ထိုင်ဝမ်ရေလက်ကြားရဲ့ ဦးတည်ချက်မှာ ပုံမှန်တိုက်ပွဲဝင်ဖို့ အဆင်သင့် ကင်းလှည့်နေမယ်၊ တရုတ်နိုင်ငံရဲ့ နယ်မြေစိုးမိုးရေးနဲ့ အချုပ်အခြာ အာဏာကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို့ တရုတ်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအပေါ် ထိုင်ဝမ်ဘက်ကတော့ ချက်ချင်း မတုံ့ပြန်ခဲ့ပေမဲ့ ထိုင်ဝမ်စစ်တပ်က ကျူးကျော်စစ် ဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်နေတဲ့ ဗီွဒီယိုဖိုင်ကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းတဝိုက်မှာ စစ်ရေးအရ အင်အားပြတာကို တုံ့ပြန်တဲ့အနေနဲ့ ခုလို ထုတ်ပြန်ခဲ့တာပါ။

ဗီွဒီယိုဖိုင်ထဲမှာ တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ စစ်သင်္ဘောအများအပြား ထိုင်ဝမ်ရေလက်ကြားနားမှာ ခုတ်မောင်းနေတာကို ပြသထားပါတယ်။

တရုတ်စစ်သင်္ဘောတွေထဲမှာ ဖရီးဂိတ် အန်းယန် (599) နဲ့ မားအန်းရှန်း (525) သင်္ဘောတွေ ပါပါတယ်။

တရုတ်စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ဒရုန်းအများအပြားဟာ ထိုင်ဝမ်ကျွန်းနဲ့ ထိုင်ဝမ်ရေတပ်အပေါ် တိုက်ခိုက်ပုံတွေကို ပုံဖော်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပြီး တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်ကလည်း လေယာဉ်နဲ့ သင်္ဘောတွေ စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။

6 months Ago
More News
Up