ကင်ဆာလူနာ

November 27, 2020

ကိုဗစ်ကာလ မန္တလေး‌ဆေးရုံ သွားပြရသည့် လားရှိုးက ကင်ဆာလူနာများ အခက်အခဲဖြစ်

လားရှိုးမြို့က ကင်ဆာလူနာ ကိုဗစ်ကာလ မန္တလေး‌ဆေးရုံကိုသွားပြရမှာ အခက်အခဲဖြစ်နေကြတာကြောင့် ကင်ဆာအထူးကုဆရာဝန်တယောက်လောက် အမြန်ဆုံးချထားပေးဖို့ လူနာရှင်တဦးက တောင်းဆိုလိုက်ပါတယ်။ လားရှိုးက ကင်ဆာရောဂါသည်တွေဟာ ကိုဗစ်အကန့်အသတ်တွေကြား မန္တလေး သို့မဟုတ် နေပြည်တော်ကို သွားရောက်ကုသရတာ အစစအရာရာအဆင်မပြေဘဲ ကွာရန်တင်းဝင်ရ၊ တို့ဖတ်ယူရ၊ ထောက်ခံစာ စစ်ရတာတင်မက သွားဖို့ကားမရှိတာနဲ့ ကိုဗစ်ကပ်ရောဂါကို ကြောက်ရတာ အစရှိတဲ့ အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရပါတယ်လို့ ကင်ဆာဖြစ်နေတဲ့ မိခင်ကို ပြုစုစောင့်ရှောက်နေတဲ့ မအီကပ်က ပြောပါတယ်။ အခုလိုကာလ မန္တလေးမှာ သွားရောက်ကုသတဲ့အခါ ကုသရက်ကြာရှည်ပြီး အိမ်ငှားခအပြင် ဆေးကုသစရိတ်လည်း ကြီးတာကြောင့် ကိုဗစ်အကြပ်အတည်းကြား အလုပ်အကိုင်အဆင်မပြေတဲ့ အခြေခံ လူတန်းစားကို ငဲ့ကွက်တဲ့အနေနဲ့ လားရှိုးမြို့မှာ ကင်ဆာအထူးကုတစ်ယောက် အမြန်ဆုံးတာဝန်ချပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။ လစ်လပ်နေတဲ့ ကင်ဆာအထူးကု ဆရာဝန်နေရာအတွက် တဦးချထားပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် မရသေးဘဲ ကင်ဆာအထူးကုဆရာဝန်လည်း အလုံအလောက်မရှိဘူးလို့ လားရှိုးမြို့ဆေးရုံအုပ် ဒေါက်တာ ဉာဏ်မြင့်က ပြောပါတယ်။ မန္တလေးဆေးရုံကို သွားကုသဖို့ စရိတ်စက အခက်အခဲရှိတာကြောင့် သွားရောက်မကုသခဲ့ဘဲ ဖခင်လုပ်သူ ဆုံးပါးခဲ့ရတဲ့ နန်းနောင့်နောင့်က "ရှမ်းမြောက်မှာ ဆရာဝန်တယောက်တော့ ချထားပေးသင့်တယ်" လို့ ပြောပါတယ်။ ကိုဗစ်ကြောင့် ရန်ကုန်ကို ၆ လတခါ ပုံမှန်ဆေးစစ်သွားလို့တောင် မရဘူးဖြစ်နေတယ်လို့ ကင်ဆာဝေဒနာသည် မခေါင်မိုင်က ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကင်ဆာလူနာတွေဟာ မန္တ‌‌ဆေးရုံကြီးမှာ တန်းစီနေရပြီး လားရှိုးဆေးရုံမှာ ကင်ဆာအထုးကုဆရာဝန်တစ်ယောက်မှမရှိတာ ၂ နှစ်လောက်လာပြီလို့ သိရပါတယ်။ နန်းစံပယ်
6 months Ago

August 20, 2020

ရန်ကုန်ဆေးရုံကြီးတွင် ယမန်နှစ်က လူနာ ၆ သိန်းကျော် ကုသပေးခဲ့၊ ကင်ဆာဌာန အများဆုံးဖြစ် 

ရန်ကုန်ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ နှစ်အတွင်း လူပေါင်း ၆ သိန်းကျော်ကုသပေးခဲ့ပြီး ဓာတ်ရောင်ခြည်နဲ့ ကင်ဆာဆေးကုဌာနမှာ အများဆုံးကုသပေးခဲ့ရပါတယ်။ ပြင်ပလူနာဌာနမှာကုသရေးဌာနပေါင်း ၃၂ ခုက လူနာပေါင်း ၅၂၀,၀၀၀ ကျော်ကို ကုသပေးခဲ့ပြီး အတွင်းလူနာဌာနမှာတော့ ကုသရေးဌာနပေါင်း ၁၇ ခုက လူနာပေါင်း ၈၉,၀၀၀ ကျော်ကို ကုသပေးခဲ့ပါတယ်။ ကင်ဆာနဲ့ပတ်သက်ပြီးတော့ ဓာတ်ရောင်ခြည်ဌာနနဲ့ ကင်ဆာဆေးကုဌာနမှာ လူနာသစ်ပေါင်း ၁၁,၀၀၀ ကျော်ကို ကုသပေးခဲ့ပြီး လူနာဟောင်းကတော့ ၁ သိန်းခွဲကျော်ပါတယ်။ ကင်ဆာလူနာတွေကို ကုသပေးတာဟာ စုစုပေါင်းလူနာတွေရဲ့ သုံးပုံတပုံလောက်ရှိနေ တာပါ။ အထွေထွေရောဂါတွေကုသပေးတဲ့ ဆေးပညာဌာနကတော့ လူနာစုစုပေါင်း ၅ သောင်းကျော်ကို ကုသပေးခဲ့ပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။ ပြင်ပလူနာဌာနဟာ လူနာဟောင်းပေါင်း ၃၆၅၀၀၀ ကျော်ကို ကုသပေးခဲ့ပြီး လူနာသစ်ထဲမှာတော့ အရေးပေါ်ဌာနနဲ့ အရေးပေါ်ထိခိုက်ဒဏ်ရာဌာနမှာ လူနာပေါင်း ၈ သောင်းလောက်ကို ကုသပေးခဲ့တာပါ။ အဏုမြူရောင်ခြည်ဆေးကုဌာနဟာလည်း အများဆုံး ကုသပေးခဲ့တဲ့ဌာနတခုဖြစ်ပြီး ဒီကုသနည်းနဲ့ လည်ပင်းသွိုင်းရွိုက်လိုရောဂါတွေအပါအဝင် နောက်ပိုင်းမှာ တခြားရောဂါတွေကိုလည်း ကုသတာတွေရှိလာတယ်လို့ အထွေထွေရောဂါကုဆရာဝန်တယောက်က ပြောပါတယ်။ စုစုပေါင်း ကုသပေးခဲ့တဲ့ လူနာတွေထဲမှာ အရေပြားရောဂါက ကင်ဆာပြီးရင် တတိယအများဆုံး ဖြစ်ပါတယ်။ ခွဲစိတ်ဌာန၊ နှလုံးဌာနတွေမှာ လူနာတွေဟာ ကင်ဆာ၊ အထွေထွေရောဂါနဲ့ အရေပြားထက်စာရင် တော်တော်ကိုနည်းပြီး ဆီးချို၊ သွေးချို အမျိုးအစား ၁ ဆိုရင် အနည်းဆုံးထဲမှာ ပါနေတာပါ။ အတွင်းလူနာစာရင်းမှာတော့ အထွေထွေရောဂါလူနာတွေက အများဆုံးဖြစ်ပြီး ခွဲစိတ်ကုသရတဲ့ လူနာတွေက ဒုတိယအများဆုံး၊ ကင်ဆာကုသဆောင်မှာတော့ တတိယအများဆုံး ကုသပေးခဲ့ရပါတယ်။
9 months Ago
Up