ကင်ဆာရောဂါသည် သူငယ်ချင်းကို သီချင်းဖြင့်အားပေးခဲ့သည့် လေဒီဂါဂါရုပ်သံ ပရိသတ်များ မျက်ရည်ဝဲစေခဲ့

April 24, 2017

ကင်ဆာရောဂါသည် သူငယ်ချင်းကို သီချင်းဖြင့်အားပေးခဲ့သည့် လေဒီဂါဂါရုပ်သံ ပရိသတ်များ မျက်ရည်ဝဲစေခဲ့

ကင်ဆာရောဂါ ခံစားနေရတဲ့ သူငယ်ချင်းဖြစ်သူကို သီချင်းနဲ့ အားပေးသီဆို ဖျော်ဖြေခဲ့တဲ့ ပေါ့ပ်အဆိုကျော် လေဒီဂါဂါရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ကြည့်ရှုသူ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ထိခိုက်စေခဲ့ကာ ဝမ်းနည်းမျက်ရည်ဝဲစေခဲ့ရပါတယ်။ ကင်ဆာရောဂါဝေဒနာရှင် ဆွန်ဂျာ ဒါဟန်ဟာ လေဒီဂါဂါရဲ့ လက်ထောက်အဖြစ် အလုပ်အတူတူလုပ်ခဲ့သူတဦးဖြစ်ကာ သူနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက အသိမိတ်ဆွေတွေအဖြစ် ရှိနေခဲ့ကြတာပါ။ “ကျမသူငယ်ချင်း ဆွန်ဂျာဟာ တော်တော့ကို နေမကောင်းဖြစ်နေပါတယ်။ ကျမ သူ့ကို သိပ်ချစ်ပါတယ်။ အခု ရှင်တို့လည်း ကျမနဲ့ထပ်တူရှိမယ်ဆိုရင် ကျမ သူ့အတွက် ဒီသီချင်းကို ဆိုချင်ပါတယ်” လို့ လေဒီဂါဂါက ပြောခဲ့ပြီး ဧပြီ ၂၂ ရက် ညပိုင်းမှာ ကျင်းပတဲ့ Coachella 2017 ဂီတပွဲတော်မှာ ဖျော်ဖြေခဲ့တာပါ။ လေဒီဂါဂါဟာ ပြီးခဲ့တဲ့လကလည်း ဆွန်ဂျာနဲ့ သူ့ချစ်သူ အမျိုးသားတို့ရဲ့ မင်္ဂလာပွဲအတွက် စီစဉ်ပေးခဲ့ပါသေးတယ်။ သူ သီချင်းသီဆိုဖျော်ဖြေနေချိန် အလယ်လောက်မှာ “ရှင် နေမကောင်းဖြစ်နေတာကို ကျမ စိတ်မကောင်းဖြစ်ရပါတယ်။ ကျမတို့အားလုံး ရှင်နဲ့ထပ်တူရှိနေပြီး ကျန်းမာစေဖို့ ဆုတောင်းပေးနေပါတယ်” လို့ ပြောခဲ့ပါတယ်။ ဆွန်ဂျာကတော့ သူ့ရဲ့ ဘလော့ဂ်စာမျက်နှာပေါ်မှာ “ဂါဂါနဲ့ တခြားသော ငွေကြေး ထောက်ပံ့ကူညီသူတွေသာ မရှိခဲ့ဘူးဆိုရင် ကျမ ဒီနေရာမှာ ရှိနေလိမ့်မယ်မထင်ပါဘူး” လို့ ရေးခဲ့ပါတယ်။ အခုနှစ်အစောပိုင်းတုန်းကတော့ ဆွန်ဂျာဟာ ဆေးရုံပေါ်က လျှပ်တပြက်ဓာတ်ပုံတွေကို ပြန်လည်မျှဝေခဲ့ကာ အတူရှိနေခဲ့ကြောင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပြသခဲ့ပါသေးတယ်။
4 years Ago
Up