ကင်ဂျုံနမ်

June 11, 2019

လုပ်ကြံခံခဲ့ရသည့် ကင်ဂျုံနမ် စီအိုင်အေသတင်းပေး ဖြစ်ခဲ့ဖူးဟု ဘာနာမာသတင်းဌာန ထုတ်ပြန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ်ဟာ အမေရိကန်ထောက်လှမ်းရေး (စီအိုင်အေ) သတင်းပေး ဖြစ်ခဲ့ဖူးတယ်လို့ စပွတ်ညစ် သတင်းဌာနကို ကိုးကားပြီး မလေးရှားအခြေစိုက် ဘာနာမာ သတင်းဌာနက ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ကင်ဂျုံနမ်ဟာ ၂၀၁၇ ဖေဖော်ဝါရီလက မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ အမျိုးသမီး နှစ်ယောက် လုပ်ကြံခံရလို့ သေဆုံးပါတယ်။ သူ့မျက်နှာကို သုတ်လိမ်းခဲ့တဲ့အရာဟာ အာရုံကြောအဆိပ် VX လို့ အာဏာပိုင်တွေက ယုံကြည်ကြပါတယ်။ အဲဒီအမျိုးသမီးနှစ်ယောက်ကို မလေးရှား အာဏာပိုင်တွေက တရားစွဲအပြီး ဒီနှစ်အစောပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကင်ဂျုံနမ် မလေးရှားနိုင်ငံကို ခရီးထွက်ခဲ့တာဟာ သူ့ရဲ့ စီအိုင်အေ အဆက်အသွယ်ကို တွေ့ဖို့လို့ ဒီိကိစ္စကိုသိတဲ့ လူတယောက်ကို ကိုးကားပြီး သည်ဝေါလ်စထရိ(ထ်) ဂျာနယ်က တနင်္လာနေ့မှာ ဖော်ပြပါတယ်။ ကင်ဂျုံနမ်ဟာ အသတ်မခံရခင် ဘယ်သူဘယ်ဝါ မသိရတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသားတယောက်နဲ့ တွေ့ခဲ့တဲ့အကြောင်း အမျိုးသမီးနှစ်ယောက်ကို စစ်မေးချိန်မှာ ရဲတွေက စစ်ချက်ရခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်း သတင်းစာကလည်း ကင်ရဲ့ အဖေတူအမေကွဲ အစ်ကိုဟာ အမေရိကန် ထောက်လှမ်းရေးအရာရှိလို့ လူအများအပြားက သံသယရှိထားတဲ့ လူတယောက်နဲ့ အစည်းအဝေး လုပ်ခဲ့တယ်လို့ ၂၀၁၇ မေလက ဖော်ပြခဲ့ပါတယ်။
2 years Ago

May 3, 2019

ကင်ဂျုံနမ်သတ်ဖြတ်မှု စွပ်စွဲခံရသည့် ဗီယက်နမ်အမျိုးသမီးအား မလေးရှားအစိုးရ ပြန်လွှတ်

ကင်ဂျုံနမ်ကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ဗီယက်နမ်အမျိုးသမီး ဒုံသီဟောင်ကို မလေးရှားအစိုးရက မေလ ၃ ရက်နေ့မှာ လွှတ်ပေးလိုက်ပါတယ်။ အင်ဒိုနီးရှားအမျိုးသမီး ဆီတီအိုက်ရှာနဲ့အတူ စွပ်စွဲခံရတဲ့ ဒုံသီဟောင်ဟာ မလေးရှားထောင်အတွင်း ၂ နှစ်ကျော် နေခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်ရဲ့ မျက်နှာကို VX ဓာတုအဆိပ် သုတ်လိမ်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတာပါ။ ကင်ဂျုံနမ်ကို သတ်ဖြတ်တယ်ဆိုတာကို နှစ်ဦးစလုံးက ငြင်းဆိုခဲ့ပြီး သူတို့ဟာ နောက်ပြောင်ကျီစယ်တဲ့ တီဗွီအစီအစဉ်တခုမှာ ပါဝင်ခဲ့တာသာ ဖြစ်တယ်လို့ တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ မတ်လတုန်းက မလေးရှားအစိုးရဟာ အင်ဒိုနီးနားအစိုးရ မေတ္တာရပ်ခံချက်နဲ့ ဆီတီအိုက်ရှာကို လွှတ်ပေးခဲ့ပါတယ်။ ဧပြီလမှာတော့ ဒုံသီဟောင်က ကင်ဂျုံနမ်ကို ထိခိုက်စေတဲ့ ပြစ်မှုကို ကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီးနောက် မလေးရှားအစိုးရ ရှေ့နေတွေက သူ့အပေါ် စွဲဆိုထားတဲ့ လူသတ်မှုကို ရုပ်သိမ်းခဲ့တာပါ။ မလေးရှားအကျဉ်းထောင်ကနေ ဒုံသီဟောင်ကို လွှတ်လွှတ်ချင်း လူဝင်မှုကြီးကြပ်ရေး ဌာနမှာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ ဒုံသီဟောင်ဟာ မေလ ၃ ရက်နေ့ နှောင်းပိုင်းမှာ နေရပ် ဗီယက်နမ်ကို ပြန်မယ်လို့ ရှေ့နေဖြစ်သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
2 years Ago
More News
Up