ကချင်စစ်ရှောင်ဒုက္ခသည်

January 20, 2018

ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို သတ်မှုဖြင့် တပ်ရင်းမှူးအပါ ၆ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

ကချင် စစ်ရှောင်ဒုက္ခသည်တွေကို သတ်ဖြတ်တဲ့အတွက် တပ်ရင်းမှူးအပါအဝင် အရာရှိနဲ့ စစ်သည်တွေကို တပ်က ထုတ်ပယ်ပြီး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ မန်စီမြို့နယ်၊ မိုင်းခေါင် စစ်ရှောင်စခန်းက စစ်ဘေးဒုက္ခသည် ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့လို့ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာဦးနဲ့ ဗိုလ်ကြီး ၂ ယောက်၊ ဗိုလ် ၁ ယောက်နဲ့ ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက်တို့ကို စစ်ခုံရုံးက စီရင်ဆုံးဖြတ်လိုက်တာပါ။ ဒီလို ဆုံးဖြတ်တာကို မန်စီမြို့ ခမရ ၃၁၉ မှာ ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားတဲ့ အရပ်သားတွေ လာရောက်ကြည့်ရှုဖို့ကိုလည်း ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းခေါင်စစ်ရှောင်စခန်းက ဦးနော်မိုင်က “မနေ့ညနေ ၆ နာရီလောက်မှာ တိုင်းမှူးရဲ့ အမိန့်ကို ဖတ်ပြတယ်။ အားလုံးသူကို တပ်က ရာသက်ပန်ထုတ်ပယ်ပြီး ထောင်ဒဏ် ၁၀ နှစ်စီချလိုက်ပါတယ်” လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့က မိုင်းခေါင် ကက်သလစ်စစ်ရှောင်စခန်းမှာ နေတဲ့ နေ့စားအလုပ်သမား လဗျနော်ခွမ်၊ မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်တို့ ပြန်မရောက်လာလို့ စုံစမ်းရာမှာ တပ်က ဖမ်းသွားတယ်ဆိုတာ သိခဲ့ရတာပါ။ “သူတို့နဲ့အတူ ဖမ်းခေါ်ခံရတဲ့ ဦးလနန်ကို သွားမေးတော့ တပ်က ခေါ်သွားတယ်ဆိုတာ သိရတယ်။ ဦးလနန်ကတော့ ပြန်လွတ်လာတာ။ တပ်ရင်းမှူးကို သွားပြောတော့ မသိဘူး ပြောတယ်။ ဒါနဲ့ ကျနော်တို့ လိုက်ရှာတော့ စခန်းနဲ့ ၅ မိုင်လောက်ဝေးတဲ့ ခပရာတောင်ခြေနားမှာ အလောင်းတွေတွေ့တယ်။ အင်ခွန်ဂမ်အောင်မှာ ရင်ဘတ်မှာ သေနတ်ဒဏ်ရာရှိတယ်။ အားလုံးသူမှာ ဓားဒဏ်ရာတွေရှိတယ်။ ခေါင်းတွေ ကြေမွနေတယ်” လို့ ဦးနော်မိုင်က ပြောပါတယ်။ [caption id="attachment_249354" align="aligncenter" width="800"] အသတ်ခံရသည့် အင်ခွန်ဂမ်အောင်၏ ကျန်ရစ်သူ မိသားစု(ဓာတ်ပုံ-Kachinwaves)[/caption]   သတ်ခံရသူတွေရဲ့ ဓာတ်ပုံတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပို့ပေးလိုက်ပြီး သူကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီကို သတင်းပို့ကြောင်း၊ အဲဒီညမှာပဲ ခမရ ၃၁၉ က တပ်ရင်းမှူးက လွဲလို့ လက်ရှိ ပြစ်ဒဏ်ချခံရသူတွေကို ဗန်းမော် စကခက လာခေါ်သွားတယ်လို့လည်း သူက ပြောပါတယ်။ “သူတို့ကို စစ်ဆေးပြီး တပ်ရင်းမှူးလည်း ပါတယ်ဆိုတာ သိလို့နဲ့ တူတယ်။ နောက်ပိုင်းမှာ သူ့ကိုလည်း လာခေါ်သွားတယ်။ ထွက်ဆိုချက်တွေအရတော့ အင်ခွန်ဂမ်အောင်က သေနတ်ပစ်ပုံကိုမေးလို့ တပ်သားဖြိုးကိုက ပြရင်း မတော်တဆကျည်ထွက်ပြီး သေတာလို့ ပြောတယ်။ နောက် ကျန်တဲ့ ၂ ယောက်ကိုလည်း သတ်ပစ်လိုက်တယ်လို့ဆိုတယ်” လို့ ဆက်ပြောပါတယ်။ [caption id="attachment_249356" align="aligncenter" width="800"] အသတ်ခံရသည့် မရန်ဘရန်ဆိုင်း၏ ကျန်ရစ်သူမိသားစု(ဓာတ်ပုံ-Kachinwaves)[/caption] မိုင်းခေါင်စစ်ရှောင်စခန်းဟာ တိုက်ပွဲတွေကြောင့် ၂၀၁၃ ဝန်းကျင်ကတည်းက မန်စီမြို့နယ်ထဲက ဒေသခံတွေ ထွက်ပြေးခိုလှုံနေတာ ဖြစ်ပါတယ်။
3 years Ago

September 22, 2017

ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးသေဆုံးမှု စစ်ခုံရုံးတွင် တပ်ရင်းမှူး ၀န်ခံထွက်ဆို

ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ရွာ ကယ်ဆယ်ရေးစခန်းက ဒုက္ခသည် ၃ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး မန်စီမြို့အခြေစိုက် ခမရ ၃၁၉ စစ်ခုံရုံးမှာ တပ်ရင်းမှူးနဲ့ အခြားအရာရှိ ၃ ဦး၊ တပ်သား ၂ ဦး စုစုပေါင်း ၆ဦးကို စစ်ဆေးခဲ့ရာမှာ အားလုံးက အပြစ်ကျူးလွန်ကြောင်း ၀န်ခံခဲ့ကြပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ခမရ ၃၁၉က တပ်မတော်အရာရှိ ၃ ဦးနဲ့ တပ်သား ၂ ဦးကို လူသတ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားသလို တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာဦးကိုလည်း အားပေးကူညီမှုပုဒ်မ ၃၄ နဲ့ ရဲက မန်စီရဲစခန်းမှာ အမှုဖွင့်ထားခဲ့တာပါ။ အမှုဖွင့်ခံရသူတွေဟာ တပ်မတော်သားဖြစ်တဲ့အတွက် တပ်မတော်စစ်ခုံရုံးမှာ စစ်ဆေးရာ မှာ အားလုံးကအမှုကျူးလွန်ကြောင်း ၀န်ခံခဲ့တယ်လို့    မန်စီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လွင်ဦးက ပြောပါတယ်။ “သူတို့ထွက်ဆိုချက်တွေကတော့ အရာရှိစစ်သည် ၃ ဦးနဲ့ တပ်သား ၂ ဦးကတော့ အမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထွက်ဆိုတယ်လို့ သိရပါတယ်။ တပ်ရင်းမှူး ကတော့ အားပေးကူညီမှုပေါ့။ ” ဒီအမှုနဲ့ပတ်သက်ပြီး မန်စီအခြေစိုက် ခမရ ၃၁၉ က စစ်ခုံရုံးမှာ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၈ ရက်တွေမှာစစ်ဆေးခဲ့ပြီး ဒီဝန်ခံထွက်ဆိုချက်နဲ့ပတ်သက်ပြီး အထက် ကကကြည်းကို တင်ထားပြီး အဲဒီကအတည်ပြုချက်ရရင်တော့ စီရင်ချက်အမိန့်ကို တရားဝင်ထုတ်ပြန်မယ်လို့လည်း ရဲမှူး ဇော်လွင်ဦးက ပြောပါတယ်။ ပထမရဲစစ်ဆေးမှုမှာ တပ်ရင်းမှူးက အမှုမှာပါဝင်ခြင်းမရှိကြောင်းငြင်းဆိုခဲ့ပေမယ့် နောက်တရက်စစ်ဆေးမှုမှာတော့ ၀န်ခံခဲ့တာလို့ အမှုကိုသွားရောက်နားထောင်ခဲ့ မိုင်းခေါင်စစ်ရှောင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးတမော်နော်မိုင်က ပြောပါတယ်။ “၀န်ခံတယ်ဆိုတာကတော့ သူ့ကို လူသတ်မှုကိုအားပေးမှုနဲ့ သူ့ကို တရားစွဲထား တယ်လေ။ အစကသူမဟုတ်ဘူး ကျနော်မပြောဘူးဆိုတဲ့ဟာနဲ့ ပြန်ပြီးမှ ချေပတာပေါ့။ အဲဒါ စစ်ခုံရုံးကနေပြီး သူ့ကိုဒီဟာပြန်ပေါ်အောင် သူပြောတဲ့နေရမှာရှိနေတဲ့ ဗိုလ်ကြီးတွေနဲ့ ပြီးတော့ သတ်သွားတဲ့ဟာမှာ ပါတဲ့ ၅ ယောက်နဲ့ အသတ်ခံရမိသားစုရယ်၊ ကျနော်တို့ ကေဘီစီ စခန်းတာဝန်ခံ၊ အာစီစခန်း တာဝန်ခံရယ် ကြေးနန်းကို လက်ခံတဲ့စာကို ဗိုလ်မှူးကို စစ်ခဲ့တဲ့အခါ ကျတော့ သူကဘယ်လိုမှ ငြင်းလို့မရတဲ့အတွက်ကြောင့် သူက ပြန်လက်ခံလိုက်တဲ့ အကြောင်းဖြစ်ပါတယ်။   ” မိုင်းခေါင်စစ်ရှောင် အိုင်ဒီပီစခန်းမှာ နေထိုင်တဲ့ ကချင်ဒုက္ခသည်ကိုမရန်ဘရန်ဆိုင်း (၂၂)နှစ်၊ ကိုအင်ခွမ်ဂမ်အောင် (၃၁) နှစ်နဲ့ ကိုလဗျနော်ခွမ်  (၂၇) နှစ်တို့ဟာ မေ ၂၅ ရက်က ခါပန်ကျေးရွာမှာ နေ့စားအလုပ်အပြီး အပြန်မှာ တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီးမေလ ၂၈ ရက်နေ့မှာ ဒေသခံတွေက အလောင်းတွေ ပြန်လည်တူးဖော်နိုင်ခဲ့တာပါ။ အလောင်းကိုပြန်ဖော်ကာ မန်စီဆေးရုံကို ပို့ဆောင် စစ်ဆေးခဲ့ပြီးနောက် မန်စီရဲခစန်းမှာပဲ အမှုဖွင့်ခဲ့ရာ စစ်တပ်ပိုင်အရေးဖြစ်တာကြောင့် စစ်ခုံရုံးမှာအမှုစစ်ဆေးခဲ့တာပါ။
4 years Ago
Up