အားကစား

May 16, 2021

နာမည်ကြီးကစားသမားတချို့ မပူးပေါင်းသဖြင့် မြန်မာဘောလုံးအသင်း ဂျပန်သို့ မထွက်ခွာနိုင်သေး

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားမယ့် ဂျပန်နိုင်ငံကို လူမစုံသေးတဲ့ အခြေအနေကြောင့် ထွက်ခွာနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

မြန်မာဘောလုံးအသင်းဟာ မေ ၁၅ ရက်မှာ ထွက်ခွာဖို့ စီစဉ်ထားပေမဲ့ ပြည်ပကလပ်တွေက ကစားသမားတွေကို စည်းရုံးနေရပြီး ပြိုင်ပွဲကစားဖို့ လူမစုံသေးတာကြောင့် မေလ ၂၁ ရက် ဒါမှမဟုတ် ၂၃ ရက်မှ ထွက်ခွာနိုင်မယ်လို့ သိရပါတယ်။

ပြည်ပထွက်ကစားနေတဲ့သူတွေထဲမှာ အသင်းရဲ့ အမာခံ ကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ ဇော်မင်းထွန်း၊ အောင်သူ၊ ဆွမ်လမ်မန် အစရှိတဲ့ ကစားသမားတွေရှိပါတယ်။ 

ဒီထဲကမှ ဆွမ်လမ်မန် တစ်ဦးသာ အသင်းနဲ့ပူးပေါင်းနေတာ ဖြစ်ပါတယ်။ နောက်ခံလူ ဇော်မင်းထွန်းနဲ့ တိုက်စစ်မှူး ကျော်ကိုကိုတို့က လူစာရင်းကနေ နုတ်ထွက်ထားပြီး တိုက်စစ်မှူး အောင်သူကလည်း ကစားဖို့ မသေချာဘူးလို့ ကစားသမားတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အလားတူ အသင်းခေါင်းဆောင် ကျော်ဇင်ထက်၊ နောက်ခံလူ ထိုက်ထိုက်အောင်နဲ့ အခြားကစားသမား ၂ ဦးကလည်း အသင်းလူစာရင်းကနေ နုတ်ထွက်ထားတယ်လို့ သိရပါတယ်။

မြန်မာနည်းပြ အန်တိုနီဟေး အနေနဲ့ ကစားသမား ၂၃ ဦးလောက် အပြီးသတ် ရွေးချယ်မှာပါ။ 

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအနေနဲ့ မေလ ၂၈ ရက်မှာ ဂျပန်၊ ဇွန်လ ၁၁ ရက်မှာ ကာဂျစ္စတန်၊ ဇွန်လ ၁၅ ရက်မှာ တာဂျစ်ကစ္စတန် အသင်းတွေနဲ့ ဂျပန်နိုင်ငံ ချီဘားမြို့မှာကစားရမှာဖြစ်ပါတယ်။

3 days Ago

May 12, 2021

ဂျပန်နိုင်ငံ၌ ကမ္ဘာ့ဖလားခြေစစ်ပွဲလာကန်မည့် မြန်မာဘောလုံးအသင်းကို ကန့်ကွက်မည်

၂၀၂၂ ကမ္ဘာ့ဖလား(အာရှဇုန်) ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် အခုမေလအတွင်း ဂျပန်မှာ လာရောက် ကစားမယ့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို  ကန့်ကွက်ဖို့  ဂျပန်ရောက် မြန်မာအရေးလှုပ်ရှားသူတွေက စီစဉ်နေပါတယ်။

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကြောင့်မတ်လ ၂၅ ရက်နေ့မှာ ၂၀၂၂ ကမ္ဘာ့ဖလား (အာရှဇုန်) ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် မြန်မာလက်ရွေးစင်အသင်းနဲ့ ဂျပန်လက်ရွေးစင်အသင်းတို့ ယိုကိုဟားမားမှာ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ရပြီး အခု မေလ ၂၈ ရက်နေ့မှာ ချီးဘားခရိုင် Fukuda Denshi Arena ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

ဂျပန်ရောက် မြန်မာအရေးလှုပ်ရှားသူ မဆွေဆက်အေးက “ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ဂျပန်အစိုးရက အသိအမှတ်မပြုထားဘူး။ ဒါကြောင့်မြန်မာနိုင်ငံကို ကိုယ်စားမပြုတဲ့ ဒီမြန်မာဘောလုံးအသင်းကို အသိအမှတ်မပြုသင့်ကြောင်းနဲ့ လက်မခံဖို့ ဂျပန်ဘောလုံးအဖွဲချုပ်ကို အကြောင်းကြားပြီး ပြိုင်ပွဲကို လက်မခံဖို့ ကန့်ကွက်သွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာလက်ရွေးစင်ဘောလုံးသများ တချို့လည်း  CDM ဝင်ထားကြသလို စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဟံသာဝတီယူနိုက်တက် U-21 ဘောလုံး အသင်း​ခေါင်းဆောင်မောင်ချစ်ဘိုငြိမ်းဟာ အင်းစိန်မှာ ဝမ်းဗိုက်ကျည်ထိမှန်ပြီးကျဆုံးသွားခဲ့ရသလို  MMA ကစားသမားဖိုးသော်ရဲ့ ညီဖြစ်သူ ဘောလုံးသမား ကောင်းစည်သူလည်း အဖမ်းခံထားရတယ်။ 

ဒါကြောင့် စစ်အုပ်စုက စေလွှတ်တဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ မြန်မာပြည်ကို ကိုယ်စားမပြုကြသလို ဂျပန်အစိုးရအနေနဲ့ လာခွင့်လည်းမပြုသင့်ဘူးလို့ တိုကျိုမြို့နေ တက္ကသိုလ်လက်ရွေးစင်ဟောင်း ဦးရဲငြိမ်းက ဒီဗွီဘီကို ပြောပါတယ်။

ကျိုမြို့ အခြေစိုက် မြန်မာလူငယ်ဘောလုံး FC အဖွဲ့တွေကို  ဦးဆောင်သူ ဦးဟန်စိန်က လည်း “လက်ရှိ နိုင်ငံရေးအခြေအနေအရဆို ကစားသမားတွေကို လာရောက် မကစားစေချင်ပါဘူး။ ဘာကြောင့်လဲဆို ဒီအကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေတဲ့အချိန် ပြည်သူတွေ အသက်သွေးချွေးတွေနဲ့ ရင်းပြီး ပြည်သူတွေဘဝတွေ စိုးရိမ်စိတ်တွေနဲ့ စိတ်ချ လုံခြုံမှု မရှိတဲ့ နေ့စဉ် ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေချိန်မှာ မြန်မာပြည်သူတွေ ကိုယ်စားပြုပြီး အားကစားသမား တွေအနေနဲ့ ခြေစစ်ပွဲလာရောက်မကစားသင့်ဘူးလို့ ထင်ပါတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

အားကစားသမားတွေဘက်က ကြည့်မယ်ဆိုရင် ဝါသနာဖြစ်တဲ့အတွက် လာရောက် ကစားချင်တဲ့ ကစားသမားတွေလည်း ရှိသလို စစ်ကောင်စီအာဏာသိမ်းတာကို မလိုလားလို့ ဆန့်ကျင်တော်လှန်တဲ့  ကစားသမားတွေလည်း ရှိကောင်းရှိနိုင်ပေမဲ့ သေချာလေ့ကျင့်မှု မရှိလို့ ရလဒ်ကောင်းတွေမြင်ရမှာလည်း မဟုတ်ဘူးလို့ ဦးဟန်စိန်က ဆိုပါတယ်။

မူလပွဲစဉ်အရ အုပ်စု (F)  မှာပါတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ မတ် ၂၅ ရက်မှာ  ဂျပန်အသင်းနဲ့ အဝေးကွင်း၊ မတ် ၃၀ ရက်မှာ ကာဂျစ္စတန်အသင်းနဲ့ အိမ်ကွင်း၊ ဇွန် ၁၅ ရက်မှာ တာဂျစ်ကစ္စတန်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လက်ရှိမြန်မာအသင်းဟာ အုပ်စု (F)မှာ  ဂျပန်၊  တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး  ၅ ပွဲကစားထားပြီး ရမှတ် ၆ မှတ် နဲ့ အုပ်စုအတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

မြန်မာဘောလုံးအသင်းဟာ မေလ ၁၅ ရက်နေ့မှာ အိုဆာက Green Land မှာစခန်းသွင်းပြီး ၂၈ ရက်နေ့မှာ ဂျပန်အသင်းနဲ့ ချီးဘားခရိုင်မှာ  Fukuda Denshi Arena ကွင်းမှာ  ယှဉ်ပြိုင်ကစားဖို့ အစီအစဉ် ရှိပါတယ်။

6 days Ago
More News
Up