မြန်မာပြည်မှာ အာဏာသိမ်းပြီး ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့ အဆက်ဆံ မလုပ်ဖို့ ဩစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ် (မဲလ်ဘုန်းမြို့) က မြန်မာကွန်မြူနတီအသိုက်အဝန်းက ဒီနေ့ ဆန္ဒပြကြပါတယ်။
ဩစတြေးလျ-အာဆီယံ စီးပွားရေးဖိုရမ်နဲ့ ညစာစားပွဲ ကျင်းပမယ့် Grand Hyatt ဟိုတယ်ရှေ့မှာ လူ ၂ ဒါဇင်လောက် စုရုံးပြီး ဆန္ဒပြနေကြတာပါ။
ဩစတြေးလျ-အာဆီယံ အစည်းအဝေးနဲ့ ညစာစားပွဲကို စစ်ကောင်စီ လက်အောက်ခံ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသာအောင်ညွန့်ကိုလည်း ဖိတ်ကြားထားတာကို ကြားသိရတဲ့အတွက် မနက်စောစောကတည်းက ဆန္ဒပြသူတွေ စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။
လူ့အခွင့်အရေးကို စီးပွားရေးထက် ပိုအလေးထားဖို့ ပိုစတာတွေ၊ အာဏာသိမ်းခေါင်းဆောင်ရဲ့ ဓာတ်ပုံရှေ့မှာ အကြမ်းဖက်သမားဆိုတဲ့ စာသားပါတဲ့ ပိုစတာတွေ ကိုင်ဆောင်ထားတာတွေ့ရပါတယ်။
ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ် တက်ရောက်ကြမယ့် အာဆီယံသံတမန်အကြီးအကဲတွေ၊ စီးပွားသမားတွေအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ စီးပွားရေး ဆက်ဆံမှု ရပ်တန့်ဖို့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။
Chevron ကုမ္ပဏီအနေနဲ့ အကြမ်းဖက်စစ်ကောင်စီထံကို ပိုက်ဆံတွေ ဆက်မလွှဲဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရစ်ချမွန်မြို့က Chevron ရေနံချက်စက်ရုံရှေ့မှာ အမေရိကရောက် မြန်မာတွေ မေ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြသူ ၂၀၀ ကျော်ပါဝင်တဲ့ ဒီလှုပ်ရှားမှုကို နေ့လယ် ၁၂ နာရီကနေ ၂နာရီထိ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒရာမှာပါဝင်တဲ့ Save Myanmar San Francisco အဖွဲ့မှ ဦးကိုကိုလေးက“Chevron ကုမ္ပဏီကြောင့် လူ့ခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနေလို့ မေလ ၂၁ ရက်နေ့ကို Chevron ကုမ္ပဏီဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့အဖြစ် နိုင်ငံတကာလူအခွင့်အရေးလှုပ်ရှားသူတွေက သတ်မှတ်ထားကြပြီး ဒီလှုပ်ရှားမှုရဲ့ ၉ ကြိမ်မြောက် အဖြစ်ဒီနေ့ဆန္ဒပြခဲ့တာ”လို့ ပြောပါတယ်။
“မြန်မာဘက်ကအဖွဲ့အစည်းတွေကတော့ Save Myanmar San Francisco ရယ်၊ Free Burma Action Committee ရယ် Burmese Democratic Alliance ရယ် CRPH Support အဖွဲ့ရယ် ၄ဖွဲ့ပေါင်းပြီးပါဝင်ခဲ့တယ်။
“ကျနော်တို့ အဓိကတောင်းဆိုခဲ့တာကတော့ MOGE ကို ပေးနေတဲ့ ပိုက်ဆံတွေ ရပ်ဖို့နဲ့ ပေးရဖို့ရှိရင် ကြားခံဘဏ်အကောင့်ထဲ သိမ်းထားဖို့။ MOGE ကိုပေးမယ်ဆိုရင် စစ်တပ်က လက်နက်တွေဝယ်ပြီး ပြည်သူကိုသတ်နေတဲ့အတွက်ကြောင့် ဒီပိုက်ဆံတွေကို ထိန်းချုပ်ထားဖို့ကို အဓိက တောင်းဆိုခဲ့တာ။ Chevron မှာရှိတဲ့ အရာရှိတွေကို ဆက်သွယ်ပြီးလည်း စာပို့ခဲ့ပါတယ်။ ဒါက သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအနေနဲ့လည်း ပြည်တွင်းရော ပြည်ပပါ ပေါင်းစည်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။”
မေ ၂၅ ရက်နေ့ ရှယ်ယာရှင်အစည်းအဝေးမှာ ရှယ်ယာရှင်တွေကို တိုက်ရိုက်ဖိအားပေးဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအနေနဲ့ မြန်မာပြည်သူ လက်မှတ် ၂ သိန်းကျော်ရအောင် ကောက်ယူနေပြီး အွန်းလိုင်းဆန္ဒပြပွဲတွေမှာ ပြည်သူတွေကို ပါဝင်ပေးဖို့ လှုံ့ဆော်မှုတွေကို Blood Money Campaign အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဆက်တိုက်ကြေညာမှုတွေ ရှိနေပါတယ်။
ဒီနှစ် ဇန်နဝါရီလ ၂၁ နေ့မှာ Chevron ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုကြညာခဲ့ပေမဲ့လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိုက်ဆံဆက်ပေးဖို့ ရှိနေခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့ပါတယ်။
Chevron ထွက်ခွာမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် တမူး PDF (တပ်ရင်း ၄) (TSG) အပတ်စဥ် (၁၂) ရဲ့ သင်တန်းဆင်းပွဲကိုမေလ၂၂ရက်မှာ ကျင်းပပါတယ်။
တမူး PDF တပ်ရင်း ၄ အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိတဲ့အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့ သင်တန်းဆင်း ရဲဘော်တွေက မိဘပြည်သူအားလုံးကို ကတိသစ္စာပြုခဲ့ကြပါတယ်။
Photo Credit
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ မေ ၂၀ ရက်နေ့စတင်က ၂ ရက်ဆက် မိုးရွာသွန်းပြီး သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်အချို့မှာ ရေကြီးရေလျှံဖြစ်နေပြီး ပြည်သူတွေ ရေဘေးတိမ်းရှောင်နေရပါတယ်။
ရေကြီးမှုကြောင့် မြဝတီမြို့အမှတ် ၁ ရက်ကွက် နဲ့ ရပ်ကွက် ၅ က ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူတွေဟာ အမှတ် ၅ ရပ်ကွက် အထက ၃ စာသင်ကျောင်းမှာ ယာယီနေထိုင်နေကြတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
ကုန်းတွင်းမုန်တိုင်းငယ်ဟာ မေလ ၂၀ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လေပြင်းနဲ့အတူ မိုးရွာသွန်းခဲ့တာကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့၊ မြဝတီ စတဲ့ မြို့နယ်တွေမှာ သစ်ပင်တွေလဲကျတာတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ တာ့ခ်ရိုင် မဲဆောက်မြို့ နေရာအချို့မှာလည်း ရေကြီးနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ထိုင်းစစ်တပ်ကများမှ လိုက်လံကူညီပေးနေကြပါတယ်။
မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် ၁ တံတားအနီး ပျံကျစျေးမှာလည်း ဈေးဆိုင်တဝက်လောက်သာ ဖွင့်ထားကြတယ်လို့ သိရပါတယ်။