နိုင်ငံရေး

May 18, 2021

မန္တလေးက ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

မေလ ၁၈ ရက် မန္တလေးမြို့က  ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပုံရိပ်များ။

Photo-MPA

8 hours Ago

ခင်ဦးမြို့နယ်၌ CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာတစ်ရွာမှာ မေလ ၁၈ ရက် နေ့လယ်ပိုင်းက GZ လူငယ်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ CDM Supporting အဖွဲ့ဟာ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်း (ကျန်းမာရေး၊ ပညာရေး) တွေအတွက် ဂုဏ်ပြုလက်မှတ်နဲ့ ငွေသားတချို့ ထောက်ပံ့ပေးခဲ့ပါတယ်။

"ကျနော်တို့ရွာမှာ တခြားဒေသက လာရောက်တာဝန်ထမ်းဆောင်တဲ့ CDM သူရဲကောင်း ၅ ယောက်နဲ့ ရွာကနေ တခြားဒေသကိုသွားရောက်ပြီးတာဝန်ထမ်းဆောင်ကြတဲ့ CDM သူရဲကောင်း ၁၅ ယောက်၊  စုစုပေါင်း အယောက် ၂၀ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ဂုဏ်ပြုဆုငွေ ထောက်ပံ့ကြတာဖြစ်တယ်"လို့ လူငယ်တစ်ဦးကပြောပါတယ်။

CDM ကူညီထောက်ပံ့ လူငယ်အဖွဲ့ဟာ စျေးရောင်းချတာ လုပ်အားပေးတာတွေပြုလုပ်ပြီး ရန်ပုံငွေရှာဖွေကာ အခုလိုထောက်ပံ့ပေးတာဖြစ်ပါတယ်။

ဒါဟာပထမဆုံးအကြိမ် ဂုဏ်ပြုကြတာဖြစ်ပြီး နောက်နောင်မှာလည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ လူငယ်တွေက ပြောပါတယ်။

13 hours Ago

ကံပေါက်ဒေသ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက် ၁၀၀ ပြည့် သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြခဲ့တာ ရက် ၁၀၀ ပြည့်တဲ့ ဒီကနေ့ မေ ၁၈ ရက် မနက်ပိုင်းက သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ အင်အား ၇၀ လောက်က ဖမ်းဆီးထိန်းသိမ်း​ခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုလည်း ထောက်ခံကြောင်းနဲ့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ကြွေးကြော် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

14 hours Ago

မြန်မာအကြမ်းဖက်စစ်အုပ်စုကို အမေရိကန်၊ ကနေဒါနှင့် ယူကေက ထပ်မံ ပိတ်ဆို့ဒဏ်ခတ်

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနဲ့ ပေါင်းပါတွေကို   အမေရိကန်၊ ကနေဒါနဲ့ ယူကေနိုင်ငံတို့က ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ  ထပ်မံတိုးချဲ့ ပြုလုပ်လိုက်ကြောင်း နိုင်ငံအသီးသီးက ထုတ်ပြန်ကြေညာပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အာဏာရှင်နဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်းတစ်ခု နဲ့ လူပုဂ္ဂိုလ် ၁၆ ဦး တို့ကို  ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မေ ၁၇ ရက်နေ့စွဲ့နဲ့ ကြေညာပါတယ်။

စစ်အာဏာရှင်ဟာ လတ်တလော ချင်းပြည်နယ် မင်းတပ်မြို့ အပါအဝင် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုနဲ့ နှိပ်ကွပ်မှုတွေ ဆက်လက်ကျူးလွန်နေပြီး နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ဘာမှဆောင်ရွက်ခြင်းမရှိတဲ့အတွက် အမေရိကန်သမ္မတအမိန့် အရ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်တွေထပ်မံချမှတ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ၄ ဦး၊ စစ်တပ်ခန့် အစိုးရအဖွဲ့ဝင် ၉ ဦးနဲ့  အရင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ စစ်အရာရှိတွေရဲ့  အရွယ်ရောက်ပြီး သား၊ သမီး ၃ ဦး စုစုပေါင်း ၁၆ ဦးတို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာပါ။

ဒဏ်ခတ်စာရင်းမှာပါဝင်သူတွေကတော့  စစ်ကောင်စီအဖွဲ့ဝင်တွေ ဖြစ်တဲ့ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ စိုင်းလုံးဆိုင်၊ ဦးခင်မောင်ဆွေ၊ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ နယ်စပ်ရေးရာဝန်ကြီး ဦးထွန်းထွန်းနောင်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ စီးပွားကူးသန်းဝန်ကြီး ဦးပွင့်ဆန်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဦးသက်ခိုင်ဝင်း၊ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ တို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့သား ဟိန်းထက်နဲ့ ကောင်းထက်၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ သမီး ယဉ်မင်းသူတို့ကိုလည်း ပိတ်ဆို့ဒဏ်ခတ်စာရင်းမှာထည့်သွင်းဖော်ပြထားပါတယ်။

သမ္မတဘိုင်ဒင်ပြောခဲ့တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုဟာ  မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေ တာဝန်ခံရစေရေးအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်သလို စစ်အာဏာရှင်တွေ အကြမ်းဖက်မှုမရပ်တန့်မချင်း၊ ပြည်သူလူထုဆန္ဒကို လေးစားတဲ့အနေနဲ့ အဓိပ္ပာယ်ပြည့်ဝသောလုပ်ရပ်တွေ မဖော်ဆောင်မချင်း နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအရ စစ်အာဏာရှင်ကို ဖိအားပေးတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ယူကေနိုင်ငံကတော့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ( MGE) ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရာ့ဘ်က  မေလ ၁၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ မြန်မာ့ကျောက်မျက်လုပ်ငန်းဟာ အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာဘီလီယံနဲ့ ချီဝင်ငွေရရှိစေတဲ့ စီးပွားရေးလုပ်ငန်ကြီးဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ ဒီမိုကရေစီကိုဆက်လက် ချေမှုန်းဖျက်ဆီးနေပြီး ကိုယ့်ရဲ့ ပြည်သူတွေကို လူမဆန်စွာ ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်နေတယ်။  စစ်အစိုးရရဲ့ ငွေရေးကြေးရေးရရရှိမှုကို ထိခိုက်စေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မဟာမိတ်တွေနဲ့အတူ လုပ်ဆောင်ပြီး ဒီမိုကရေစီပြန်ရအောင်လုပ်ဆောင်သွားမယ်လို့လည်း ယူကေနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ယူကေဟာ မြန်မာ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။

ကနေဒါအစိုးရကတော့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၁၆ ယောက်နဲ့ ကုမ္ပဏီလုပ်ငန်း ၁၀ ခုကို နောက်ထပ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်လိုက်တယ်လို့ ကနေဒါနိုင်ငံခြားရေး ဌာနက မေလ ၁၇ ရက်နေ့မှာပဲ ကြေညာပါတယ်။  

မြန်မာနိုင်ငံမှာ စစ်တပ်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် လက်နက်တင်ပို့မှုပိတ်ပင်တားဆီးရေး၊ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောင်းချမှု ဆိုင်းငံ့ရေးနဲ့ စစ်တပ်ပိုင်လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရေးအပါအဝင် စစ်အာဏာရှင်အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ကြဖို့  အမေရိကန် ပြည်ထောင်စုက နိုင်ငံအားလုံးကို တိုက်တွန်း ထားပါတယ်။

Photo- CINCDS

16 hours Ago

ယင်းမာပင်နှင့် ဆားလင်းကြီးဒေသ ရွာပေါင်းစုံကပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့  ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာပေါင်းစုံက ပြည်သူတွေဟာ မေလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းက စစ်အာဏာရှင်ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ပါတယ်။ 

19 hours Ago

လမ်းမတော်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်၊ လမ်းမတော်မြို့နယ်မှာ မေလ ၁၈ ရက် ဒီမနက်အစောပိုင်းက ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ကိုင်းတန်းလမ်းက အုပ်ချုပ်ရုံးမှူးရုံးမှာ  ဒီနေ့ မနက် ၅ နာရီကျော်လောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲ့နေရာကို အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်သွားချိန်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။

ဦးမျိုးလွင်ရဲ့ အလောင်းကို ဒီနေ့ မနက် ၆ နာရီလောက်မှာ လမ်းမတော် ၈ လမ်းမှာ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဟာ အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့သူဖြစ်ပြီး ဒီနေ့ဗုံးပေါက်မှုဖြစ်ပွားချိန် အကြမ်းဖက်စစ်ကောင်စီကခေါ်လို့သွားရာကနေ ခုလိုပစ်သတ်ခံခဲ့ ရတာလည်းဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ  ရဲ ၂ ဦးနဲ့ ယာဉ်ထိန်းရဲ  ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Photo - CJ

21 hours Ago

မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုများ ဆက်လုပ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မေလ ၁၈ ရက် မနက်ပိုင်းက စစ်အာဏရှင်ဆန့်ကျင်တဲ့ တပ်ပေါင်းစု မဟာမိတ်စစ်ကြောင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

တပ်ပေါင်းစု မဟာမိတ်စစ်ကြောင်းမှာ တမ္ပဝတီလူထု သပိတ်စစ်ကြောင်း၊ ဘုရားကြီး စစ်ကြောင်း၊ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အလံမလိပ် အသံမတိတ် ချမ်းမြသာစည်သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ပြုလုပ်ခဲ့ပါတယ်။

အလားတူ ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်ကလည်း ဒီကနေ့မနက် စစ်အာဏာရှင်စနစ်ကျဆုံးရေး အရုဏ်ဦးသပိတ်ပြုလုပ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မနေ့ညပိုင်းက ချမ်းမြသာစည်မြို့နယ်မှာ ပြည်သူတွေ စုပေါင်းပြီး လိင်အကြမ်းဖက်မှုရပ်တန့်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြ ချီတက်ရာမှာ စစ်အာဏာရှင်ကျရှုံးရေး၊ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာချီတက်ခဲ့ပြီး လူစုခွဲခဲ့ကြပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေ တင်းကျပ်စောင့်ကြည့် ဖမ်းဆီးမှုတွေ လုပ်နေတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြည်သူတွေက နေ့စဉ်မပြတ်ဆက်လက်လုပ်ဆောင် နေကြတာဖြစ်ပါတယ်။

21 hours Ago
More News
Up