ငြိမ်းချမ်းရေး/စစ်ရေး

May 18, 2021

တာမွေ ခုံးကျော်တံတားအောက် ဗုံးကွဲ

ရန်ကုန်မြို့ တာမွေအိုးရှင်းကုန်တိုက်အနီး  ခုံးကျော်တံတားအောက်မှာ မေလ ၁၈ ရက်  ညနေ ၅ နာရီ ကျော်လောက်က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။  

ပေါက်ကွဲမှုအနီးနားအိမ်က လူငယ်တစ်ဦးက "ဗုံးပေါက်ပြီးပြီးချင်း မီးခိုးငွေ့တွေ ထလာတယ်။ ကျနော်တို့အိမ်က ခုံတွေပါတုန်ပါတယ်။ အနီးနားက အိမ်တွေ မှန်ကွဲကုန်တယ်။ ဆီဆိုင်နားက ပရိုဘောက်ကားအောက်ပိုင်းထိတယ်။'' လို့ ပြောပြပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် မကြာခင် ရဲတွေရောက်လာပြီး သျှင်ပါဂူ ဆေးခန်းဘက်က  လမ်းကို ပိတ်လိုက်တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မရရှိပါဘူး။ 

Photo- CJ

12 hours Ago

မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်များက လက်နက်ကြီး‌များဖြင့် ပစ်ခတ်တိုက်ခိုက်နေ

ချင်းပြည်နယ် မင်းတပ်မြို့နဲ့  မိုင် ၃၀ နဲ့ ၄၀ ကြားမှာ မေလ ၁၇ ရက် မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက  အရင်ကနဲ့မတူတဲ့ လက်နက်ကြီး‌တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် ( CDF-Mindat ) ရဲဘော်တချို့ ဗုံးဆန်မထိ၊ ပြင်ပဒဏ်ရာမရှိပေမဲ့ မူးဝေအော့အန်တာ၊ အရုပ်ကြိုးပြတ်အားနည်းတာရှိနေသလို ရုတ်တရက်မူးဝေ အားပြတ်သွားတာကြောင့် တွဲကူထမ်းထုတ်ရတာမျိုး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲ‌တွေ မရှိတော့ပေမဲ့  မြို့အနောက်ပိုင်း မင်းတပ်-မတူပီ လမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

မေ ၁၂ ရက်က မတူပီကနေ  ဆင်းလာတဲ့ စစ်ကား ၆ စီးဟာ လမ်းမှာ အကြိမ်ကြိမ်ဖြတ်တိုက်ခံရလို့ မင်းတပ်မြို့ဆီကို မရောက်နိုင်ဖြစ်‌နေပြီး  မေ ၁၅ ရက်မှာတော့ မတူပီ ဗျူဟာကနေ စစ်ကူကားနောက်ထပ် ၇ စီး ထပ်လာခဲ့တယ်လို့ ဆိုပါတယ်။

မြို့အနောက်ဘက်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေကို တောက်လျှောက်သုံးလာခဲ့ပြီး မြို့နဲ့ ၁၆ မိုင်အကွာမှာတော့ ရှေ့ဆက်မတိုးနိုင်ဘဲ ကျည်ကုန်သွားတာဖြစ်နိုင်တယ်လို့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်က  သုံးသပ်ပါတယ်။

15 hours Ago

မံစီမြို့နယ်၌ ကေအိုင်အေနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မေလ ၁၈ ရက်က  ကေအိုင်အေ စခန်းရှိရာသို့ စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်တွေနဲ့  မကြာခဏ လာရောက်ပစ်ခတ်နေပြီး ဒဂေါ်၊ မဒန်ယန်ဘက်မှာ လက်နက်ကြီးသံတွေ မကြာခဏကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မံစီမြို့နယ်အတွင်း  မေလဆန်းပိုင်း   စတင်ပြီး ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပြီး ရွာတချို့မှ ဒေသခံပြည်သူတွေ စစ်ရှောင်စခန်းတွေကို  ပြန်လည်ဝင်ရောက်နေကြတယ်လို့ သိရပါတယ်။

မံစီမြို့၊ ကျော်ခေါင်ရွာ၊ မံဖွရွာနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာ အလွန်နီးကပ်နေတာကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ ရွာဘက်က ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

မေလ ၁၇ နေ့ညပိုင်းကလည်း ဟန်ထက်လမ်း ကုန်းတိန်ရွာအနီးမှာလည်း ပစ်ခတ်သံတွေ ကြားရပြီး ရီခူးမံခံကျေးရွာနားမှာလည်း စစ်တပ်က တင်းကျပ် စစ်ဆေးနေပါတယ်။

မံစီမြို့နယ်ဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ ထိစပ်နေပြီး မူဆယ်-နမ့်ခမ်းသို့ သွားတဲ့ လမ်းမကြီး တည်ရှိနေပေမဲ့ ၂၀၁၁ ခုနှစ်မှာ တကြော့ပြန်စစ်ပွဲတွေကြောင့် လမ်းပိတ်ထားရဆဲဖြစ်ပြီး အခုအချိန်မှာ မံစီမြို့နယ် နေရာအနှံ့အပြားနဲ့ ရှမ်းပြည်နယ်စပ်တွေမှာ ကေအိုင်အေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

15 hours Ago

ယင်းမာပင်မြို့နယ်ရဲစခန်းရှေ့ ဗုံး ၂ လုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရဲစခန်းအနီးမှာ မေလ ၁၇ ရက်၊ ည ၈ နာရီကျော်က ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ 

“ဗုံးကွဲတာ ယင်းမာပင်မြို့နယ်ရဲစခန်းရှေ့မှာ ပေါက်ကွဲသွားတယ်။ ပေါက်ကွဲပြီး မကြာဘူး၊ စစ်သားတွေရောက်လာတယ်။ ဘေးနားမှာ ရှိတဲ့ လူနေအိမ်တွေ သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အဆိုပါ ပေါက်ကွဲမှုတွေမှာ လူတွေထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးတာတွေတော့ မရှိပါဘူး။ 

21 hours Ago
More News
Up