သတင်းမီဒီယာ

May 14, 2021

ဂျပန်သတင်းထောက် တိုကျိုပြန်ရောက်၊ မြန်မာပြည်ကသတင်းစကား ကမ္ဘာကို ဖြန့်မည်

မြန်မာစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရပြီး  ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီ ခိတဇုမိကိုဟာ ဒီနေ့  မေလ ၁၄ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲမှာ  ဂျပန်နိုင်ငံ ချီးဘာခရိုင် နာရီတာ လေဆိပ်ကိုပြန်လည်ရောက်ရှိလာပါတယ်။ 

အလွတ်သတင်းထောက် မစ္စတာ ယူကီကို ဒီနေ့မနက်က အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပြီး ရန်ကုန်လေဆိပ်ကနေတဆင့် လေကြောင်းခရီးနဲ့  ဂျပန်ကိုပြန်လည်ရောက်ရှိလာတာပါ။

ဂျပန်ကို ပြန်ရောက်ရောက်ချင်း လေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ယူကီက သူ့လွတ်မြောက်ရေးအတွက်  ကြိုးပမ်းဆောင်ရွက်ခဲ့သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်းနဲ့ လက်ရှိသူ့အနေနဲ့ သတင်းသမားတဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေ ပေးချင်တဲ့ သတင်းစကားတွေကို ဂျပန်အပါအဝင်တကမ္ဘာလုံးကသိအောင်လုပ်ဆောင်ပါမယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာ ယူကီ ပြန်လွတ်ရေးအတွက် ဂျပန်နိုင်ငံက နည်းလမ်းပေါင်းစုံနဲ့ချည်းကပ်ပြီး ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့ရတယ်လို့လည်း ယနေ့ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Motegi က ပြောဆိုခဲ့ပါသေးတယ်။

ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုပြီး အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က   မေလ ၁၃ ရက်မှာ ကြေညာပြီးနောက် ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ 

သတင်းထောက် မစ္စတာ ယူကီ ခိတဇုမိကို ဧပြီ ၁၈ ရက်ညပိုင်းမှာ  ရန်ကုန် ပုဇွန်တောင်မြို့နယ်  ရေကျော်လမ်းရှိ သူ့ရဲ့ နေအိမ်မှာ ရဲနဲ့စစ်တပ်က လာရောက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း  ရန်ကုန် မြေနီကုန်းမှာ  စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့  သူ့ကို ရဲတပ်ဖွဲ့က မနက်ပိုင်းမှာ  အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက မြန်မာသတင်းမီဒီယာသမား ၄၀ ကျော်ကို ဖမ်းဆီးထားပြီး  အများစုကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားကာ ပြည်မြို့အခြေစိုက် ဒီဗွီဘီ သတင်းထောက် ကိုမင်းညိုကိုတော့ ပုဒ်မ ၅၀၅ (က) နဲ့ မေလ ၁၂ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

4 days Ago

ဂျပန်သတင်းထောက် ယူကီခိတဇုမိကို ထောင်မှပြန်လွှတ်ပေးပြီး ဂျပန်ပြန်ပို့

ဖမ်းဆီးတရားစွဲခံထားရတဲ့ ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို ဒီကနေ့ မေလ ၁၄ ရက်မနက်မှာ  အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပြီး  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဂျပန်နိုင်ငံကို ပြန်ပို့လိုက်ပါတယ်။

အလွတ်သတင်းထောက် ယူကီခိတဇုမိဟာ ဒီနေ့ပြန်လွတ်လာမှာဖြစ်ပြီး အစောဆုံး  ဒီသောကြာနေ့ညပိုင်းမှာ ဂျပန်ကိုပြန်လာမှာဖြစ်တယ်လို့  ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမိစဆုမိုတဲဂီက  ဒီနေ့မနက်ပြောတဲ့ အကြောင်း Nikkie Asia ဂျပန်သတင်းမှာ ဖော်ပြပါတယ်။

အခုလို ဂျပန်သတင်းထောက် အမြန်ဆုံး ပြန်လွတ်လာတာဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီယိုမာရုယာမနဲ့ တခြားသူတွေရဲ့ နည်းလမ်းပေါင်းစုံနဲ့ အားထုတ်ကြိုးပမ်းမှုကြောင့်ဖြစ်တယ်လို့ လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ကျင်းပတဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။ 

ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုပြီး အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က   မေလ ၁၃ ရက်မှာ ကြေညာခဲ့တာပါ။ 

ဂျပန်သတင်းထောက်ဟာ CDM လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တာ စစ်ဆေးတွေ့ရှိရလို့ ဧပြီ ၁၈ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အပြင် ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ပါ  အမှုဖွင့် တရားစွဲထားတာလို့ဆိုပါတယ်။

ဥပဒေချိုးဖောက်ထားသူဖြစ်ပေမဲ့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အခုအချိန်အထိ ရင်းနှီးတဲ့ ဆက်ဆံမှုနဲ့ အနာဂတ်ဆက်ဆံရေးကို ရှေးရှုပြီး မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရအထူးကိုယ်စားလှယ်ရဲ့ မေတ္တာရပ်ခံ ချက်ကို အလေးထားပြီး သူ့ကို စွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းကာ ပြန်လည် စေလွှတ်ပေးတာလို့လည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ညပိုင်းမှာ  ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရန်ကုန် ပုဇွန်တောင်မြို့နယ်  ရေကျော်လမ်းရှိ သူ့ရဲ့ နေအိမ်မှာဖမ်းဆီးသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း  ရန်ကုန် မြေနီကုန်းမှာ  စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့  သတင်းထောက် ယူကီခိတဇုမိကို ရဲတပ်ဖွဲ့က မနက်ပိုင်းမှာ  အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ ပါတယ်။

မစ္စတာခိတဇုမိ ဟာ  ၂၀၀၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နစ်ကေး သတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မှာ နေထိုင်နေကာ  Yangon Henshu Production  မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- Nikkie Asia

4 days Ago

May 12, 2021

DVB သတင်းထောက် ကိုမင်းညိုကို အကြမ်းဖက်စစ်အုပ်စုက ထောင်ဒဏ် ၃ နှစ်ချမှတ်

အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကို ဒီကနေ့ မေလ ၁၂ ရက်နေ့ရုံးချိန်းမှာ စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

ပြည်မြို့လူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု သတင်းယူနေတဲ့ ကိုမင်းညိုကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ  အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီးနောက်  ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ကိုမင်းညိုကို အမိန့်ချလိုက်တာနဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ရှေ့နေတွေနဲ့တိုင်ပင်နေတယ်လို့ ကိုမင်းညိုရဲ့ဇနီး မညိုမီမိုးကပြောပါတယ်။

"သတင်းထောက်တွေနဲ့ ပြည်သူတွေကို မတရားအနိုင်ကျင့်နေတာပါ" လို့မညိုမီမိုးကပြောပါတယ်။

အလားတူ အဖမ်းခံထားရတဲ့ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကိုလည်း မေလ ၁၁ ရက်က ရုံးထုတ်ခဲ့ပြီး ကိုအောင်ကျော်ကိုယ်တိုင် တရားရုံးမှာ သတင်းမီဒီယာဥပဒေကို သက်သေပြုပြီး ပြန်ချေပခဲ့ပါတယ်။

တရားသူကြီးကတော့ ကိုအောင်ကျော်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့တရားစွဲ ထားတာဖြစ်တဲ့အတွက် ပုဒ်မ ၅၀၅ (က) အပေါ်မူတည်ပြီးပဲ ဆုံးဖြတ်ချက်ချမယ်လို့ တရားခွင်မှာပြောဆိုခဲ့ ပါတယ်။

ကိုအောင်ကျော်ကို မေလ ၁၈ ရက်နေ့မှာ နောက်ထပ်ရုံးချိန်းထပ်ခေါ်ထားပြီး မေလကုန် ဒါမှမဟုတ် ဇွန်လဆန်းမှာ အမိန့်ချဖို့ရှိတယ်လို့ ကိုအောင်ကျော်ရဲ့ဇနီး မနေခြည်မိုးထက်ကပြောပါတယ်။

7 days Ago

ဖမ်းဆီးခံ Voice of Myanmar သတင်းဌာနအယ်ဒီတာချုပ်နှင့် သတင်းထောက်ကို ရုံးထုတ်

မန္တလေးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Voice of Myanmar ရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကို မေလ ၁၂ ရက်နေ့က ပုဒ်မ ၅၀၅ (က) နဲ့ ရုံးထုတ်ပါတယ်။

ကိုနေမျိုးလင်းတို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက် မနက်ပိုင်းက နန်းတွင်းထဲကို လာဖို့ခေါ်ယူရာကနေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

“ကိုနေမျိုးလင်းတို့ကို ဒီနေ့ ၅၀၅/က နဲ့ ရုံးထုတ် ရမန်ယူပါတယ်။ ရဲစခန်းသွားတော့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ရုံးထုတ်တယ်ပြောပြီး တရားရုံးမေးတော့ အထူးတရားရုံးမှာ ထုတ်တယ်ပြောတယ်။ မတွေ့လိုက်ရဘူး”လို့ ကိုနေမျိုးလင်းရဲ့ ဇနီးက ပြောပါတယ်။

Voice of Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို ဖမ်းဆီးသွားတဲ့နေ့ကတည်းက မိသားစုတွေနဲ့ မတွေ့ရသေးဘူးလို့ သိရပါတယ်။

ကိုနေမျိုးလင်းဟာ ၂၀၂၀ မတ်လကလည်း  AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ဆက်သွယ်မေးမြန်းထားတဲ့ သတင်းဖော်ပြခဲ့တာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး အမှုမမြောက်ဆိုကာ တရားရုံးက ဆုံးဖြတ်တာကြောင့် လွတ်မြောက်လာခဲ့ပါတယ်။

7 days Ago
More News
Up