ကျန်းမာရေး

May 26, 2022

မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်မလဲ

မျောက်ကျောက်ရောဂါ ဆိုတာက ကျောက်ကြီးရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ မျိုးရင်းတူတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။

ဒီ မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ လူတွေဆီကို စတင်ကူးစက်ခဲ့ပါတယ်။ တိရစ္ဆာန်ဆီကနေ လူတွေဆီကို စတင်ကူးစက်မှုက အာဖရိကဒေသတွင်း နိုင်ငံ တစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အခုလက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ ရှိနေပါပြီ။

ဒီလို ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ဘယ်လို ကူးစက်တာလဲ။ ကူးစက်မခံရအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာလေးကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။

မျောက်ကျောက်ရောဂါဘယ်လို ကူးစက်နိုင်သလဲ ………….

မျောက်ကျောက်ရောဂါကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ လူအချင်းချင်း ကူးစက်နိုင်သလို တိရစ္ဆာန်ဆီကနေလည်း လူဆီကို ကူးစက်နိုင်ပါတယ်။

  • ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်၊ လူတွေနဲ့ ထိတွေ့တာ
  • ရောဂါပိုး ပေကျံနေတဲ့ အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေကို ကိုင်တွယ်ထိတွေ့မိတာ
  • အရေပြား ပေါက်ပြဲတဲ့နေရာတွေကနေတဆင့် သွေး၊ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ ဝင်ရောက်ပြီး ကူးစက်တာ
  • ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အမှုန်တွေ အသက်ရှူ လမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကနေ ဝင်ရောက်တာကြောင့် ကူးစက်တာ
  • ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ကိုက်ခံရတာ
  • အနာထဲကို ရောဂါပိုးရှိတဲ့ သွေး၊ ခန္ဓာကိုယ်က အရည်တစ်မျိုးမျိုး ဝင်ရောက်တာ
  • ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ကုတ်ခံရတာ
  • ရောဂါပိုး ရှိတဲ့ တိရစ္ဆာန် အသားကို စားမိတာ
  • ရောဂါပိုး ရှိတဲ့ တိရစ္ဆာန်ကို နမ်းရှုံ့တာ
  • အရည်ကြည်ဖုက အရည်တွေ ပြည်တွေ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့မိတာ
  • ရောဂါပိုးရှိသူနဲ့ အချိန် အတော်ကြာ နီးနီးကပ်ကပ် ထိတွေ့မိတာ
  • ရောဂါပိုး ရှိသူရဲ့ အသုံးအဆောင်၊ အိပ်ရာခင်း စတာတွေကို အသုံးပြုမိတာ
  • ရောဂါပိုး ကူးစက်ခံထားရသူနဲ့ အတူနေမိတာတွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။

မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်မလဲ …….

မျောက်ကျောက်ရောဂါကို အခုလို ကာကွယ်လို့ ရပါတယ်။

တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကို ရေနဲ့ ဆပ်ပြာ သုံးပြီး သေချာသန့်စင်ဆေးကြောပါ။ ရေအလွယ်တကူ မရနိုင်ဘူးဆိုရင် ရေမလို လက်သန့်ဆေးရည်နဲ့ သေချာဆေးကြောပါ။

ပါးစပ်၊ နှာခေါင်း၊ မျက်လုံး၊ အသက်ရှူ လမ်းကြောင်းတွေကနေတဆင့်လည်း မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်က ဝင်ရောက် ကူးစက်နိုင်တာကြောင့် မျက်နှာကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ကိုဗစ်ကို ကာကွယ်သလိုပဲ ပါးစပ်နဲ့နှာခေါင်းစည်းကို အပြင်သွားတိုင်း ဝတ်ဆင်ပါ။

မျောက်ကျောက်ကလည်း လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်တာကြောင့် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ အထူးသဖြင့် ရောဂါပိုးရှိတဲ့သူနဲ့ နီးနီးကပ်ကပ် ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ အနာက ထွက်တဲ့ အရည်တွေ၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အမှုန်တွေ၊ အနာဖက်တွေနဲ့ ထိတွေ့တာကလည်း ရောဂါပိုး ကူးစက်ခံရနိုင်တာကြောင့်ပါ။

ရောဂါပိုး ရှိသူ အသုံးပြုထားတဲ့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေကို ကိုင်တွယ်တာ၊ အသုံးပြုတာတွေ မလုပ်ပါနဲ့။ ဒီလို လုပ်တာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်တာကြောင့်ပါ။

နေ့စဉ် ကိုက်တွယ်ထိတွေ့နေတဲ့ အရာတွေကို ပုံမှန်လေး ပိုးသတ် သန့်စင်ပေးပါ။ အများသုံး ဘတ်စ်ကား လက်ကိုင်၊ တံခါးလက်ကိုင်တွေကို ကိုင်တွယ်ပြီးတိုင်းမှာ လက်ကို သေချာလေး သန့်စင်ပိုးသတ်ပါ။

စားပွဲ၊ ထိုင်ခုံလိုမျိုး မျက်နှာပြင်တွေကို အသုံးမပြုခင်မှာ အရက်ပြန်သုံးပြီး ပိုးသတ်ပေးပါ။

ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကို လျှော့ချဖို့ဆိုရင်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အပြင်က ပြန်လာတိုင်း ခြေလက်တွေ ဆေးကြောတာ၊ ရေချိုးတာတွေ လုပ်ပေးလို့ ရသလို အဝတ်လဲတာ၊ ပိုးသတ်တာတွေလည်း လုပ်ပေးဖို့ လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာက ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကို အထိုက်အလျောက် လျှော့ချပေးနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းတာက ရောဂါတော်တော်များများကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းနေစေဖို့ အိပ်ရေးဝဝအိပ်ပါ။ တစ်ညကို အိပ်ချိန် ၆ နာရီကနေ ၈နာရီ လောက်ရှိအောင် အိပ်ပေးပါ။

ရောဂါတစ်ရပ်ရပ်အတွက် ကုသနိုင်တဲ့ နည်းလမ်းတွေ မပေါ်ခင်မှာ ရောဂါ မကူးစက်စေဖို့ဆိုရင် ကိုယ်ခံအား ကောင်းနေဖို့က အရေးကြီးပါတယ်။ ကိုယ်ခံအား ကောင်းဖို့ဆိုတာကလည်း အာဟာရပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့အတွက် အာဟာရပြည့်ဝမျှတအောင် စားပေးဖို့ လိုပါမယ်။ နေ့စဉ် စားသုံးမှုမှာ ကိုယ်ခံအားကို ထောက်ပံ့ပေးမယ့် အာဟာရတွေ ပါဝင်အောင် စားသုံးပါ။

တိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့ ( အထူးသဖြင့် ဖျားတာနေတာ၊ သေဆုံးနေတဲ့ သတ္တဝါတွေကိုပါ)။ ဒီလို ထိတွေ့တာ ရောဂါပိုး ကူးစက်ခံရနိုင်တာကြောင့်ပါ။ မဖြစ်မနေ ကိုင်တွယ်ထိတွေ့ရမယ်ဆိုရင်တော့ လက်အိတ်ဝတ်တာ၊ အကာအကွယ် ဝတ်စုံ ဝတ်တာမျိုး လုပ်ပေးပါ။

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
21 hours Ago

May 25, 2022

“Monkeypox မျောက်ကျောက်ရောဂါ ဘာလဲ၊ ဘယ်လို ကူးစက်တတ်သလဲ” ဒေါက်တာသိန်းဝင်းနှင့် မေးမြန်းချက်

လတ်တလော အာဖရိကနဲ့ ကမ္ဘာ့နိုင်ငံတချို့မှာ ဖြစ်ပွားနေတဲ့ Monkeypox မျောက်ကျောက်ရောဂါနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်နေ ပြည်သူတွေကို ကျန်းမာရေး ကူညီစောင့်ရှောက်ပေးနေတဲ့ မယ်တော်ဆေးခန်းနဲ့ တိုင်းရင်းသားတွေအတွက် ကျန်းမာရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးနေသူ ဒေါက်တာသိန်းဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- မျောက်ကျောက်ရောဂါဆိုပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပေးလာတာတွေ ရှိတယ်ပေါ့နော်။ အဲဒီ မျောက်ကျောက်ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ။

ဖြေ။ “အဲဒါကတော့ တော်တော်များများက သိပ်မသိကြသေးဘူးပေါ့နော်။ သူ့ရဲ့ အခြေခံကလည်း ဖြစ်နေတာတွေတော့ အနောက်အာဖရိကနဲ့ အလယ်ပိုင်း အာဖရိကမှာ ဖြစ်နေတယ်။ သူကလည်း နာမည်နဲ့လိုက်အောင် ၁၉၅၈ ခုလောက်က Monkeypox ဆိုပြီးတော့ သူတို့စတွေ့တာပေါ့။ ဒါကတော့သူက မျောက်တွေ၊ တိရစ္ဆာန်တွေမှာပဲဖြစ်တယ်။ Rodent လို့ ခေါ်တဲ့ ကြွက်တို့၊ လင်းနို့တို့တွေ အဲလို အကောင်တွေမှာလည်း ဖြစ်တယ်ပေါ့နော်။ လူကိုကူးတာမဟုတ်ဘူး။ တိရစ္ဆာန်တွေမှာပဲ။ ဒါပေမဲ့  WHO ကထင်တယ်။ သူတို့စပြီးတော့တွေ့တာ ၁၉၇၀ မှာ ကျတော့ ကွန်ဂိုတို့မှာ လူကိုစကူးတာကိုတွေ့တယ်။ ဆိုတော့ စပီးတော့ ဒီ ဗိုင်းရပ်စ်ကို တွေ့တာက ၁၉၅၈ ခု၊ ဒါပေမဲ့ လူကိုစကူးတာတွေ့တာက ၁၂ နှစ်လောက်အကြာ ၁၉၇၀ မှာ လူမှာစပြီးတော့တွေ့တယ်။ နောက်ပိုင်းမှာတော့ အနောက်အာဖရိက၊ အာဖရိကမှာတော့ ဒီလိုပဲဖြစ်တယ်။ သိပ်ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူး။ 

သူက Pox ဆိုတာကတော့ ကျနော်တို့ငယ်ငယ်တုန်းက လူတွေ တော်တော်များများဖြစ်ခဲ့ပါတယ်။ တကမ္ဘာလုံးမှာ လူသန်းနဲ့ချီဖြစ်ခဲ့တယ်။ Small Pox ပေါ့နော်။ နာမည်ကတော့ smallpox ဗမာလိုပြန်တော့ ကျောက်ကြီးရောဂါလို့ ပြန်တာပေါ့နော်။ ဘာလို့လဲဆိုတော့ အနာတွေ၊ အပိန့်တွေ ထွက်လာပြီးတော့ နောက်ပိုင်းမှာ ပိုးဝင်တဲ့အခါကျတော့ တဖြည်းဖြည်း တစိုစိုနဲ့ ကလေးတွေဆိုရင် အင်္ကျီဆိုရင်ကပ်လို့ ကျနော်တို့ ငယ်ငယ်တုန်းကတော့ အဲလိုဖြစ်ရင် ငှက်ပျောဖက်မှာ ဆီသုပ်ပြီးတော့ အပေါ်မှာတင်ထားတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆီသုပ်ထားတော့ မကပ်တော့ မနာဘူးပေါ့နော်။ အဲလိုဟာပဲ။ အဲဒါနဲ့ ခပ်ဆင်ဆင် တူတယ်ဆိုပြီးတော့ ကျနော်တို့ သူ့ကိုတော့ monkeypox ဆိုပြီးတော့ ခေါ်ခဲ့ကြတာပေါ့နော်။ အဲဒါပါ။

 မေး။ အရင်တုန်းက ကျမတို့ သိတဲ့ ကျောက်ကြီးရောဂါနဲ့ခပ်ဆင်ဆင်လို့ ဆရာပြောတာပေါ့နော်။ ဆိုတော့ ဒီဟာက ဘယ်လောက်ထိ အန္တရာယ်ရှိလဲ။ ဒီအခုလက်ရှိ မျောက်ကျောက်ရောဂါက ပေါ့နော်။

ဖြေ။ “အဲဒါ ဘယ်လောက်ထိ အန္တရာယ် ရှိတယ်ဆိုရင်တော့ ကျောက်ကြီးနဲ့တော့ ယှဉ်လို့မရအောင် ကွာတာပေါ့နော်။ ကမ္ဘာမှာဖြစ်တာတွေ သန်းနဲ့ချီပြီးတော့ smallpox က ဒီတကမ္ဘာလုံးမှာပေါ့လေ။ ကျနော်တို့ smallpox ကာကွယ်ဆေးပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ ဆေးထိုးရင်းထိုးရင်းနဲ့ ကျနော်ထင်တယ် ၁၉၈၀ လောက်မှာ smallpox က ပျောက်သွားတယ်ပေါ့နော်။ ဒီရောဂါသည် ကမ္ဘာမြေပေါ်မှာကို မရှိတော့ဘူးပေါ့နော်။ ဆိုတဲ့ဟာမျိုးအထိဖြစ်သွားတာဆိုတော့ ဖြစ်ရုံတွေမကဘူး။ သေလိုက်ကျေလိုက်ကြတဲ့လူတွေ ကျနော်တို့ နိုင်ငံအပါအဝင် တကမ္ဘာလုံးမှာပဲပေါ့နော်။  ဒီအခု ဒီ မျောက်ကျောက်ကျတော့ ဒီအနောက်အာဖရိကားနဲ့ အလယ် အာဖရိကမှာတော့ ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ သေနှုန်းက ဒီလောက်ကြီးတော့ မများဘူးပေါ့နော်။ သူတို့ ပြောတာကတော့ ၁၀၀ မှာ ၁၀ ယောက် ထက်နည်းတယ်လို့တော့ ပြောပါတယ်။

ဒါပေမဲ့ သက္ကရာဇ် ၂၀၀၀ တုန်းက WHO က ကျနော်တို့ စာအုပ်ထဲမှာဖတ်ရတာက ၄၅၀၀ ကျော်လောက်ဖြစ်ခဲ့တယ်၊ ဒီအာဖရိကမှာပေါ့နော်။ အဲလောက်ဖြစ်ခဲ့တယ်။ သေတာက ၁၇၀ ကျော်သေခဲ့တယ်လို့တော့ ပြောတယ်။ အဲတော့ ကျနော်တို့ ကျောက်ကြီးရောဂါနဲ့ ယှဉ်လိုက်ရင်တော့ နှိုင်းယှဉ်လို့မရအောင်ကွာပါတယ်။ ဟိုဟာကတော့ တကမ္ဘာလုံးမှာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနကပြောတဲ့ လက္ခဏာတွေကတော့ ကျောက်ကြီးရောဂါနဲ့ ဆင်တယ်ပေါ့နော်။ ဘာလဲဆိုတော့ သူက ဖျားတယ်။ ကိုက်ခဲ့တယ်။ နောက်ပိုင်းမှာ တကိုယ်လုံးနာတယ်။ နောက်ပြီးတော့ အကျိတ်တွေ ထွက်တယ်။ နောက်ပြီးတော့ အပိမ့်တွေ ထွက်လာတယ်။ အပိမ့်တွေကနေ ပြီးမှ အနာတွေဖြစ်တယ်ဆိုတော့ ခပ်ဆင်ဆင် ကျောက်ကြီးရောဂါနဲ့ ဆင်တယ်ဆိုပြီးတော့ ကျနော်တို့က Monkeypox ဆိုပြီးတော့ ခေါ်တာပေါ့။ ဒါပေမဲ့ ပြင်းထန်မှုကတော့ တော်တော်ကို ကွာပါတယ်။

မေး။ အခု မျောက်ကျောက်ရောဂါက အရင် ကျောက်ကြီးရောဂါနဲ့ဆင်တယ်။ သိပ်ပြီး စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ဆိုရမှာပေါ့။ ဒါပေမဲ့ လက္ခဏာကလည်း ဆင်တယ်။ ဆိုတော့ ပြည်သူတွေအနေနဲ့ သိထားသင့်တယ်ထင်တဲ့ဟာ သူတို့ ဘယ်လိုမျိုး ကူးစက်လာနိုင်လဲ၊ ဘယ်လိုမျိုးကာကွယ်ရမလဲ။

ဖြေ။ “ တကယ်ကတော့ ဒီအခု မျောက်ကျောက်ရောဂါက ကျနော်အခုနက ပြောသလိုပဲ ကျောက်ကြီးရောဂါနဲ့ ယှဉ်ဖို့တောင်မလိုလောက်အောင်ကွာတယ်။ ကူးစက်တာကော၊ ဖြစ်တာကော၊ သေတာကောက အများကြီးကွာပါတယ်။ ဒါပေမဲ့ ဒီအခုနောက်ပိုင်း မကြာခင် နှစ်ပတ်လောက်အတွင်းမှာ WHO ကလည်း ဒီဟာနဲ့ ပတ်သက်လို့ စိုးရိမ်လာလို့ သူတို့အရေးပေါ်အစည်းအဝေးတွေဘာတွေ လုပ်တယ်လို့ ကျနော်တို့ သတင်းတွေမှာ ကြားရပါတယ်။ ဘာလဲဆိုတဲ့အခါကျတော့ ဒီ monkeypox သည် အာဖရိကတိုက်မှာကတော့ ဒီလိုပဲ နည်းနည်းတော့ ဖြစ်နေတယ်။ 

အခုဟာက အာဖရိကကို လွန်ပြီးတော့ တခြားနိုင်ငံတွေမှာ သူတို့ပြောတာကတော့ နိုင်ငံ ၁၆ နိုင်ငံလောက်မှာ ဒီ EU နိုင်ငံတွေပါ ပါတာပေါ့နော်။ UK မှာဆိုရင် ၃ ယောက်ဖြစ်တယ်လို့ အခုသတင်းတွေထဲမှာတော့ အဲလိုဖြစ်တာပေါ့နော်။ UK တင်မကဘူး အမေရိကမှာလည်း ဖြစ်တယ်ပေါ့နော်။ အဲဒီလိုဖြစ်လာတော့ ဒါက အခုချိန်မှာလည်း ကျနော်တို့က အခုချိန်မှာ ဒီ ၂ နှစ်လောက်အတွင်းမှာ ကိုဗစ်ရောဂါကလည်း ခေတ်စားနေတဲ့အခါကျတော့ လူတွေက ပိုပြီးနည်းနည်း alert  ဖြစ်တာပေါ့နော်။ WHO ကလည်း စိုးရိမ်တာပေါ့။ ဒါကို ဂရုတစိုက်ဖြစ်လာတာပေါ့။ တကယ်ကတော့ သူက အခုထက်ထိတော့ တိရစ္ဆာန်ကနေပြီး လူတော့ ကူးလာပြီ၊ UK ရော အမေရိကန်မှာရော ဖြစ်လာတယ်။ အများကြီးတော့ မဟုတ်သေးပါဘူး။”

မေး။ ဆိုတော့ ဒီရောဂါက တယောက်နဲ့ တယောက် ဘယ်လို ကူးစက်သွားလာနိုင်လဲ။ ကြိုတင်ပြီးကာကွယ်လို့ရအောင် ဘယ်လိုနေရင် ဘယ်လိုကူးစက်နိုင်လဲ၊ ဘယ်လိုမျိုးကနေ တဆင့် အဲဒီရောဂါပိုးက သယ်ဆောင်လာနိုင်လဲ။

ဖြေ။ အဲဒါကတော့ သူတို့ ရောဂါကူးတာကို လေ့လာတဲ့လူတွေပြောကြတာက သူက SKIN TO SKIN CONTACT ဆိုတဲ့ လူချင်းထိတွေ့တာကနေ ကူးတာများတယ်။ လူချင်းထိတွေ့တာကနေ အရေပြားကတဆင့် ကူးတာများတယ်။ ကိုဗစ်လိုတော့ အသက်ရှူလမ်းကြောင်းက ကူးတယ်လို့တောင် သူတို့မယူဆဘူးပေါ့နော်။ ထိတွေ့တာကနေ ကူးတယ်ဆိုတော့ ဒါကြောင့်လည်းနည်းတာပေါ့။ အသက်ရှူလမ်းကြောင်းကနေ ကူးတယ်ဆိုရင်တော့ သိတဲ့အတိုင်း စကားပြောရင်၊ ချောင်းဆိုရင် ကူးနိုင်တာပေါ့။ အခုကတော့လူချင်း ထိတွေ့မှ ကူးတယ်ဆိုတဲ့အသဘောမျိုး ပြောကြတာပေါ့နော်။ အာဖရိကမှာကျတော့ တချို့က လိင်နဲ့ဆက်စပ်ပြီးတော့ ကူးတယ်လို့ တချို့က ပြောကြတယ်။ ဒါပေမဲ့ ဆေးပညာတွေမှာ ပြောကြတာက လိင်က တဆင့်ကူးတာမဟုတ်ဘူး။ သို့သော် အရေပြားချင်းထိတဲ့အတွက်ကြောင့် အနာတွေဖြစ်တယ်။ တခါတရံ လိင်အင်္ဂါမှာ အနာဖြစ်တယ်။ ဖြစ်တဲ့အခါမှာ လိင်ဆက်ဆံတဲ့အခါကျရင်တော့ ထိမိပြီးတော့ ကူးတာပေါ့နော်။ HIV တို့လို လိင်ကဆင့် ကူးတဲ့သဘောတော့မဟုတ်ပါဘူး။ အရေပြားခြင်း ထိတွေ့တာကနေ ကူးတာပဲများပါတယ်။ ”

မေး။ ဒီဟာနဲ့ပတ်သက်လို့ ကာကွယ်ရမယ်ဆိုရင်တော့ အရေပြားရောဂါဖြစ်နေတယ်ဆိုရင် အရေပြားချင်းမထိတွေ့အောင် တကယ်လို့ ထိတွေ့မယ်ဆိုရင် လက်အိတ်တွေဘာတွေသုံးရင် အဆင်ပြေနိုင်လား ဘယ်လိုမျိုး ကာကွယ်လို့ရလဲ။

ဖြေ။“ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လက်အိတ်တွေဘာတွေကလည်း ကာကွယ်နိုင်တယ်။ ဒီရောဂါ ဖြစ်နေတဲ့လူနဲ့တွေရင် ဒီရောဂါက ကူးစက်တာက Rash လို့ခေါ်တဲ့ အပိမ့်တွေ မထွက်ခင် တရက်လောက်ကစပြီး ကူးတာသည် နောက်ထပ် နှစ်ပတ်လောက်အထိကူးတယ်။ အဲဒီနောက်ပိုင်း ဆိုရင် မကူးတော့ဘူး။ အဲတော့ အဲဒီအချိန်အတွင်းမှာ သိတယ်ဆိုလို့ရှိရင် အထူးပိုဂရုစိုက်လို့ ရတာပေါ့နော်။ ဆိုတော့ ကိုဗစ်နဲ့ယှဉ်လိုက်ရင်တော့ ယှဉ်လို့မရအောင် အန္တရာယ်ကင်းတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့လို့လည်း WHO ကတော့ အခု ဒါက အာဖရိကမှာတင်မကဘဲနဲ့ တခြားနိုင်ငံတွေ EU နိုင်ငံတွေပေါ့နော် ဖြစ်လာတဲ့အတွက်ကြောင့် ပေါ့တော့ ပေါ့လို့မဖြစ်ဘူး။ သိတဲ့အတိုင်း ဒါက တဖြည်းဖြည်းနဲ့ ပိုးက လူက ကာကွယ်ရင် သူကလည်း သူ့အသက်ရှင်ဖို့အတွက် သူက နည်းမျိုးစုံပြောင်းတာပေါ့နော်။ ပြောင်းတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ မမျှော်လင့်ဘဲနဲ့ ကြီးကြီးကျယ်ဖြစ်လာမလားဆိုပြီး စိုးရိမ်တဲ့အနေနဲ့ တပ်လှန့်နေတဲ့သဘောပါပဲ။ တကယ့်လက်ရှိအနေအထားကတော့ စိုးရိမ်စရာရှိတဲ့အနေအထားကတော့ မဟုတ်သေးပါဘူး။ သို့သော် ဒါက ပြောလို့မရဘူးပေါ့နော်။ သူတို့ သိပ္ပံပညာက တွေ့တာကတော့ အခု ကိုဗစ်ဆိုလို့ရှိရင် ပထမတုန်းက ဘာအမျိုး၊ အခုနောက်ဆုံးဆိုရင် အိုမီခရွန်ပေါ့နော်။ မျိုးရိုးဗီဇက ကွဲပြီး ထွက်ထွက်လာတယ်။ ဒီ Monkeypox ကတော့ အဲလိုထွက်လာတာတွေ မတွေ့သေးဘူးလို့‌ ပြောတယ်ပေါ့။ အဲတော့ တအားကြီး စိုးရိမ်စရာတော့ မရှိသေးပါဘူး။ သတိတော့ထားရမယ်။

သို့သော် တအားကြီး ကမ္ဘာပေါ်မှာ ကြောက်လန့်ပြီးတော့ ဟိုနေရာသွားလို့မရ၊ ဒီနေရာ သွားလို့မရ နေရာတွေကိုပိတ် ဒီလိုဟာမျိုးတော့ မဖြစ်သေးပါဘူး။ သို့သော်လည်း  ပျံ့သွားတာကတော့ အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီ ၊ အီတလီ ဒီနိုင်ငံတွေတောင်မှ ဖြစ်လာတယ်။ များများတော့ ဖြစ်တာမဟုတ်ဘူး။ အခုနက ပြောသလို တယောက်နှစ်ယောက် သုံးယောက် ဒီလိုပဲ။ အဲဒီဟာတွေကို အများအားဖြင့်သူတို့က ဒီ ယူကေက ဟာဆိုရင် နိုင်ဂျီးရီယားလာမသိဘူး သွားတာရှိတဲ့ အဲဒီကနေပြီးမှ ကူးတာကိုနော်။ ကျနော်ကတော့ ပြောချင်တာက ဒီဟာနဲ့ပတ်သက်လို့တော့ တအားကြီးတော့ ထိတ်လန့်ကြောက်နေစရာမလိုပါဘူး။ ကျနော်တို့ အခု ရင်ဆိုင်နေရတဲ့ ကိုဗစ်ကိုပဲ သေသေချာချာ ဂရုစိုက်ဖို့ လိုမယ်လို့ ထင်ပါတယ်။”

အခုလိုဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

2 days Ago

ဖယ်ခုံစစ်ရှောင်ကလေးအများစု ရာသီတုပ်ကွေးဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု မရကြသေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာ အုပ်စုအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့နယ်က ကျေးရွာတွေဘက်ကို စစ်ဘေးတိမ်းရှောင်နေရတဲ့ မိသားစု၀င်တွေထဲက ကလေးသူငယ်အများစုဟာ တုပ်ကွေးဖျားနာတာတွေဖြစ်နေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှု မရကြသေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

“ရာသီဥတုက မိုးရွာလိုက် နေပူလိုက်ဆိုတော့ ကလေးတွေအများစုက တုတ်ကွေးမိပြီး ဖျားနေကြတယ်။ ကုပေးမယ့် ဆရာ၀န်မရှိဘူး။ ပရဟိတဆေးအဖွဲ့တွေလောက်ပဲ လာကြည့်တာ ရှိတယ်။ ဆေးဝါးလုံလောက်မှုမရှိတော့ အခက်အခဲတွေ အများကြီးရှိတယ်” လို့ လွိုင်လင်လေးမြို့၊ သာယုရွာဘက်ကို စစ်ဘေးရှောင်လာသူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် စစ်ရေးနယ်မြေတွေအတွင်းက ကျေးရွာတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေမှာ ကာကွယ်ဆေးတွေ မထိုးကြရလို့ ကိုယ်ဝန်ဆောင်နေစဥ်နဲ့ မွေးကင်းစကလေး သေဆုံးတာတွေလည်း ရှိနေပါတယ်။

လွိုင်ကော် ကုန်းသာစစ်ရှောင်စခန်းတာဝန်ခံတဦးက “ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ မွေးပြီးပြီးချင်း အသက်ပါမလာတဲ့ ကလေးမွေးလာတာ ရှိတယ်။ မွေးကင်းစအရွယ် လပိုင်း၊ ရက်ပိုင်းနဲ့ သေဆုံးသွားကြတဲ့ ကလေးတွေလည်း ရှိတယ်။ ကျနော်တို့ စစ်ရှောင်စခန်းတခုတည်း ၅ ဦးရှိတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာ အုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနီးအနားကျေးရွာပေါ င်း ၃၀ ၀န်းကျင်က ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ အဲဒီမိသားစုတွေထဲမှာ ကလေးသူငယ် ၁၀၀၀ ၀န်းကျင်ပါ၀င်ပါတယ်။

အခုလက်ရှိ သူတို့တွေဟာ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ အနောက် ပဒေါင်ဒေသဘက်က ကျေးရွာတွေကို တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

2 days Ago
More News
Up