စိုက်ပျိုးရေး/တောင်သူလယ်သမား

May 19, 2022

တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးအေးသိန်းကို ထောင်ဒဏ် ၃ နှစ် အမိန့်ချ

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တောင်သူလယ်သမား အရေးတက်ကြွလှုပ်ရှားသူ ဦးအေးသိန်းကို  ပုဒ်မ ၅၀၅  (က) နဲ့ ထောင်ဒဏ် ၃  နှစ် ကျခံဖို့ မေလ ၁၇ ရက်မှာ ထောင်တွင်းတရားရုံးမှာ အမိန့်ချခဲ့တယ်လို့ သူ့ရဲ့ရှေ့နေထံကသိရပါတယ်။

ဦးအေးသိန်းဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း နေအိမ်တအိမ်မှာ ရှိနေစဉ်  ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာပါ။

“အမိန့်က အပြည့်ချလိုက်တာ ၃ နှစ်။ သူ့အနေနဲ့ ဆန္ဒပြရာမှာ ပါတယ်ဆိုပြီး အမိန့်ချတာ။ ဒီကိစ္စနဲ့ ပတ်သက်လို့ မငြင်းဘူး။” လို့ ဦးအေးသိန်းရဲ့ ရှေ့နေ တယောက်က ပြောပါတယ်။

ဒါ့အပြင် ဦးအေးသိန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၁(ဂ) တို့နဲ့လည်း မန္တလေးခရိုင်တရားရုံးမှာ တရားစွဲဆိုထားပါသေးတယ်။

5 days Ago

May 18, 2022

စစ်တပ်က သွားလာခွင့်ပိတ်ပင်ထားသဖြင့် ဆွမ်ပီယန်ပြည်သူများ အခက်အခဲဖြစ်နေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွ ာပြည်သူတွေဟာ စစ်ကောင်စီတပ်က ရွာထိပ်မှာတပ်စွဲပြီး ရွာအလယ်မှာ စစ်ဆေးရေးဂိတ်ပြုလုပ်ကာ ရွာပတ်ဝန်းကျင် ၂ မိုင်ထက်ကျော်ပြီး သွားလာခွင့် ပိတ်ပင်တာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆွမ်ပီယန်ကျေးရွာက ပြန်သူတွေဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေက စစ်ဆေးမေးမြန်းတာ၊ သွားလာခွင့်ပိတ်ပင်တာတွေကြောင့် ဝမ်းရေးအတွက် တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရွာသားတဦးက ပြောပါတယ်။

“အခုက အရမ်းစစ်တယ်၊ တနေရာကို သွားမယ်ဆိုလည်း မေးတယ်၊ တောင်ယာ သွားမယ် ဆိုရင်လည်း ဘယ်နှယောက်သွားမှာလဲ၊ ဘယ်နှရက်ကြာမှာလဲ၊ ဘာသွားလုပ်မှာလဲနဲ့ စုံနေတာပဲ။ ပြီးတော့ ရွာပတ်လည် ၂ မိုင်ထက်ပိုပြီး သွားလို့မရဘူးတဲ့၊ တောင်ယာတွေက ရွာနဲ့ အဝေးကြီးမှာလေ၊ အဲဒီလိုဆိုတော့ သွားမလုပ်ရဘူး၊ ရွာနဲ့နီးတဲ့ တောင်ယာတွေပဲ လုပ်နေကြတာ၊ အခုက ထမင်းဟင်းချက်ဖို့ ထင်းမရှိရင်တောင် တောထဲသွားပြီ ထင်းခွေဖို့ ခက်နေတယ်။” 

ဆွမ်ပီယန်ကျေးရွာက ပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က ရွာပတ်ဝန်းကျင်တွေမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် တောတောင်တွေမှာ ၂ လကျော် တိမ်းရှောင်နေခဲ့ရပြီး မတ် ၂၁ မှာ ဘာသာရေးခေါင်းဆောင်တွေ၊ WMR နဲ့ PCG တွေရဲ့ အကူအညီနဲ့ နေရပ်ပြန်ပြီး နေထိုင်နေတာပါ။

နေရပ်ပြန်ပြီး နေထိုင်နေပေမဲ့ တောင်ယာစိုက်ပျိုးဖို့အတွက် ခုတ်ထွင်ရှင်းလင်းတဲ့အချိန်တွေမှာ တိမ်းရှောင်နေရတာကြောင့် လာမယ့်နှစ် စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ရွာခံတဦးက ပြောပါတယ်။

“အများစုက တောင်ယာလုပ်ကြတာ၊ တောင်ယာစိုက်ဖို့ ခုတ်ထွင်ရှင်းလင်းမယ့်အချိန်မှာ တိုက်ပွဲကြောင့် ပြေးနေရတယ်၊ တောင်ယာခုတ်တာ နောက်ကျပါတယ်ဆိုမှ မိုးရွာတာက ပြန်စောနေတော့ မီးရှို့ဖို့က အဆင်မပြေ၊ အဲဒီအထဲ တောင်ရွာကို ပြန်သွားလို့မရဆိုတော့ ဒီနှစ် တောင်ယာတောင် စိုက်နိုင်မလား မသိတော့ဘူး၊ မစိုက်နိုင်ရင်တော့ နောက်နှစ် စားဝတ်နေရေး အတွက် အခက်အခဲတွေ ဖြစ်တော့မှာ” လို့ ပြောပါတယ်။

လက်ရှိအချိန် စစ်ကောင်စီတပ်သားတွေက ရွာထိပ်နဲ့ ရွယ်အလယ်မှာ တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုတလော ရွာပတ်ဝန်းကျင်တွေ ပူတာအိုကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ် အင်အား ၅ဝ ဝန်းကျင်က ရွာပတ်ဝန်းကျင်တွေမှာ သွားလာလှုပ်ရှားနေပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မေ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က ပူတာအို-ဆွမ်ပရာဘွမ်လမ်းမပေါ် မိုင်ကထောင် ကျေးရွာနားမှာ မြစ်ကြီးနားက တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်မြောက်ရေး တပ်မတော်သားတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

7 days Ago

ရေးမြို့နယ်ထွက် မင်းကွတ်သီး ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်နေ

မွန်ပြည်နယ် ရေးမြို့နယ်မှ ထွက်ရှိတဲ့ မင်းကွတ်သီးတွေ ဈေးကောင်းရရှိကြတဲ့အပြင် ဈေးကွက်မှာယူတင်ပို့မှုပါ မြင့်တက်လာနေတယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မင်းကွတ်သီးဈေးက တလုံးကို ၃၀ ကျပ်လောက်သာ ရရှိပြီး အခုနှစ်မှာ ၅၀ ဝန်းကျင်အထိ ရကြတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။

“မင်းကွတ်သီး ထွက်ရှိတဲ့အချိန်က စတင်ပြီး နယ်ဈေးက ၁ လုံး ကျပ် ၅၀ ဝန်းကျင်အထိ ရကြတယ်။ ဒီနှစ် အသီးတွေလည်း အဝင်များကြပါတယ်။ ပစ္စည်းမှာယူကြတဲ့ ရန်ကုန်၊  မန္တလေး၊ ပဲခူး၊ မော်လမြိုင်မြို့အပြင် တခြား နယ်မြို့တွေကလည်း မှာယူကြတော့ အရောင်းအဝယ်ဖြစ်ကြတယ်။” 

စိုက်ပျိုးတောင်သူတဦးက “မင်းကွတ်သီးက အထွက်များပြီး ဈေးကောင်းတဲ့ နှစ်နဲ့ ကြုံရင် ကောင်းပေမဲ့ ရာသီဥတုကြောင့် အထွက်နှုန်းလည်း ကျဆင်း၊ ဈေးလည်း မရကြတဲ့ နှစ်တွေဆိုရင် စရိတ် ရှုံးကြတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၁ နှစ် ကျော်ကာလအတွင်းမှာ စက်သုံးဆီစျေးတွေ၊ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ စိုက်ပျိုးတောင်သူတွေမှာလည်း ခြံလုပ်ငန်းရဲ့ ကုန်ကျစရိတ်တွေပါ ပိုမိုကုန်ကျလာခဲ့တာကြောင့် သစ်သီးဝလံဈေးနှုန်းတွေ ဈေးကောင်းရရှိပေမဲ့ ထိုက်သင့်သလောက် မကျန်ကြဘူးလို့ တောင်သူတွေက ဆိုပါတယ်။

ရေးမြို့နယ်မှာ နှစ်ရှည်ပင် ရာသီးပေါ်တွေဖြစ်တဲ့ ဒူးရင်း၊ မင်းကွတ်၊  ကြက်မောက်၊ ကျွဲကောသီးတွေကို စိုက်ပျိုးထားကြပြီး နှစ်စဉ် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊  မန္တလေးတို့ကို တင်ပို့မှုက ဈေးကွက်မှာ နေရာယူထားပါတယ်။

ရေးမြို့နယ် မင်းကွတ်သီးတွေက တခြား နှစ်ရှည်ပင်တွေနဲ့ တွဲပြီး စိုက်ပျိုးထားရှိပါတယ်။ မင်းကွတ်သီးအထွက်များတဲ့ ရာသီတွေဆို သိန်းနဲ့ချီ ထွက်ရှိပြီး တင်ပို့ရောင်းချနေရပါတယ်။

7 days Ago
More News
Up