တိုင်းရင်းသား

May 2, 2021

ဟားခါးတွင် CDF နှင့် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်မှာ  စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် CDF (Hakha) တို့ မေလ ၂ ရက် ညနေပိုင်းကတည်းက အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီအနေနဲ့  ဒီနေ့ ညနေ ၄ နာရီမတိုင်ခင် ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှုတွေ မပြုလုပ်ရေးအပါအဝင် သတိပေးထုတ်ပြန်ချက်တစ်စောင်ကို ဟားခါး CDF က မေလ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး တောင်းဆိုချက်တွေ မလိုက်လျောရင် စစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ့်အကြောင်းကိုလည်း ကြေညာထားပါတယ်။

ပစ်ခတ်မှုတွေအတွင်း လက်ရှိမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိနေသလို စစ်ကောင်စီတပ်တွေက ဖလမ်းဘက်ကနေ လာရောက်ကာ စစ်ကူပေးနေတယ်လို့ သိရပါတယ်။ ဒေသခံတချို့ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

တိုက်ပွဲကာလအတွင်း အရပ်သားပြည်သူတွေအနေနဲ့ အပြင်မထွက်ဖို့ ၊ မိမိရဲ့ ယာဉ်တွေကို စစ်ကောင်စီတပ်သားတွေကို ပေးမသုံးဖို့၊ အသုံးပြုလို့ ပျက်စီးရင် တာဝန်မယူတဲ့အကြောင်းနဲ့၊ စစ်ကောင်စီတပ်တွေတွေကို တွေ့တဲ့နေရာမှာ ချေမှုန်းပြီး လက်နက်တွေရယူကာ CDF ကိုအပ်နှံပေးကြဖို့လည်းနှိုးဆော်ထားပါတယ်။

ဒီနေ့ မနက်ပိုင်းက‌လည်း CDF ဌာနချုပ်က အချက် ၁၁ ချက်ပါ ထုတ်ပြန်ချက် တစ်စောင် ကို ဖြန့်ဝေထားပါတယ်။ 

2 weeks Ago

နယူးဇီလန်ရောက် ရဝမ်လူမျိုးစုများ မေ‌ဒေးချီတက်ပွဲ၌ ပါဝင်

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ နယူးဇီလန်နိုင်ငံရောက် ရ၀မ်လူမျိုးစုတွေကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ကျဆုံးရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပါဝင် ဆန္ဒပြခဲ့ကြတယ်လို့ နယူးဇီလန်ရောက် ရ၀မ်လူကြီးတစ်ယောက်က ပြောပါတယ်။

နယူးဇီလန်နိုင်ငံ အော့ကလန်ရှိ ရဝမ်လူမျိုးစုအနေနဲ့  Democracy for Myanmar အဖွဲ့နဲ့ အတူ ပူး‌ပေါင်းကာ  နွေဦးတော်လှန်ရေးသီချင်းတွေ အဖွဲ့လိုက်သီဆိုတာ၊ လမ်း​လျှောက်ဆန္ဒပြတာတွေပြုလုပ်ပြီး  မြန်မာနိုင်ငံတွင်းရှိ CDM သူရဲကောင်းတွေနဲ့  ဒီမိုကရေစီ ဘက်တော်သား ပြည်သူတွေနဲ့အတူရပ်တည်ကြောင်းပြသခဲ့ကြတယ်လို့ဆိုပါတယ်။

2 weeks Ago

April 18, 2021

မိုးမောက်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စီဟက်ရွာအနားမှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့  အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ ဧပြီ ၁၇ ရက်ည ၇ နာရီကျော်လောက်က  စတင်ပြီးတိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒေသခံရွာသားတစ်ဦးက "မနေ့ညက ၇ နာရီကျော်လောက်ကနေ စပစ်ကြတာ၊ ၃ နာရီလောက်တော့ ကြာတယ်။ တာဝါတိုင်ကုန်းကနေ အောက်ကတပ်တွေဆီ လာပစ်တာထင်တယ်၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေကြတယ်။ အရင်ရက်တွေက လေယာဉ်တွေနဲ့ လာပစ်တာ။ ဒီညကတော့ လေယာဉ်မပါဘူး၊ ရွာထဲက ၅ အိမ်လောက်လက်နက်ကြီးကျတယ်။ တပ်ထဲက အသိတွေက လာပြောတယ်။ ရွာထဲမှာ ဘယ်သူမှ မနေကြနဲ့တော့ တိုက်ပွဲကပိုဖြစ်နိုင်တယ်၊ လေ ယာဉ်တွေနဲ့လာဦးမှာ။၊ အမြန်ရွှေ့ကြတော့လို့ ပြောတာကြောင့် ရွာနဲ့နည်းနည်းဝေးတဲ့နေရာတွေမှာ နေနေရတယ်” လို့ ပြောပါတယ်။

စီဟက်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ရှမ်းလူမျိုးများအများစု နေထိုင်ကာ စစ်ကောင်စီ တပ်ရင်းနှစ်ခုဖြစ်တဲ့ ၃၂၀ တပ်နဲ့ ၃၈၇ တပ်တို့ ရဲ့အလယ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ရွာသားတွေအများစုက  အိုးအိမ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ထွက်ပြေး နေကြရပါတယ်။ 

စစ်ရှောင်နေ ဒေသခံတစ်ဦးက “ကျနော်တို့ လယ်ယာမြေနဲ့ အ သက်မွေးဝမ်းကြောင်းပြုနေရတာ၊ အခုတော့ အိုးပစ်အိမ်ပစ်နဲ့ အခင်းတွေထားခဲ့ရတာ၊ အခုလောလောဆယ် အဆင်ပြေသေးပေမယ့် တိုက်ပွဲရက်ကြာလာရင် ခက်လာတော့မယ်” လို့ ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ဗန်းမော်မြို့နဲ့ မိုးမောက်မြို့နယ်၊ မန်နောင်ကျေးရွာတို့မှာ လည်း စစ်ရှောင်ဦးရေ တဖြည်းဖြည်း တိုးပွားလာနေပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေကာ အလှူရှင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နမ့်လန်းကျေးရွာအနီးမှာလည်း  အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဧပြီလ ၁၅ ရက် နေ့မနက်ပိုင်းက  နမ့်လန်းရွာအနီး  တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိသူ အရာရှိ ၂ ယောက် သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းတွေကို မန်တုံလမ်းဘက်သယ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာထဲကနေ ပစ်ခတ်သံတွေကြားရလို့ အကာကွယ်ယူ ပုန်းနေရတာ။ အဲအချိန်က တချို့တွေလည်း ညဘက်မအိပ်ရဲတော့လို့ မန်တုံမြို့ဘက်စစ်ရှောင်သွားကြတယ်။ ကျနော်တို့လည်း ဘယ်အချိန်ရှောင်ရမလဲ မသိဘူး။”လို့ ရွာသားတစ်ဦးက ပြောပါတယ်။

နမ့်လန်းကျေးရွာဟာ မန်တုံမြို့ကနေ မိုးမိတ်မြို့နယ်ဘက်ကို သွားတဲ့ လမ်းမကြီးပေါ်က ကျေးရွာတစ်ရွာဖြစ်ပြီး လက်ရှိမှာ ကေအိုင်အေက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်စပ်ဘက်နဲ့ မိုးကုတ်မြို့အနီးမှာ စစ်မျက်နှာ အများအပြားဖွင့်တိုက်ခိုက်နေတယ်လို့  သိရပါတယ်။

ယခုရက်ပိုင်း ကေအိုင်အေထိန်းချုပ်ထားတဲ့ အ​လောဘွမ်စခန်းကို  စစ်တပ်က မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ ပြန်လည်သိမ်းယူနို်ငခြင်း မရှိသေးဘဲ   စစ်​ကောင်စီ လက်နက်ကိုင်တပ်​တွေသာ အကျအရှုံးများနေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း ဧပြီ ၁၆ ရက်နေ့က  စစ်ရဟတ်ယာဉ်လာစဉ် လုံခြုံရေး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေကို ကေအိုင်အေက အဝေးထိန်းရီမုနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ  ကားတစ်စီးမီးလောင်ပြီး စစ်သား ၃ ယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်တပ်ပိုင်မီဒီယာတွေကရော စစ်ကောင်စီ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပြည်သူပိုင် မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဌာနကပါ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ 

1 month Ago

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတုယူဖွယ်စံပြဖြစ်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာပို့

“ဝ”ပြည်နယ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအတွက်   အတုယူဖွယ် စံပြကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့က  သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ဧပြီ ၁၇ ရက်မှာကျရောက်တဲ့ “ဝ”အထူးဒေသ(၂)ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၂) ပြည့်အခမ်းအနားကို မြောက်ပိုင်းညီနောက်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA၊ နဲ့ ရက္ခိုင့်တပ်တော်  AAတို့ က ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပူးတွဲပေးပို့ရာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

“ဝ” ပြည်နယ်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးဟာ “ဝ” တပ်မတော်ရဲ့ကာကွယ်မှုအောက် စိတ်ငြိမ်းချမ်းစွာနေထိုင်ကြပြီး “ဝ” ပြည်နယ်အစိုးရရဲ့ ပါတီရဲ့ ဦးဆောင်မှုအောက် ပြည်သူလူထု တစ်ရပ်လုံးနဲ့ တပ်မတော်သားတွေ စည်းလုံးညီညွတ်စွာနဲ့ ဒေသဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်ခဲ့ကြပြီး မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အတွက် အတုယူဖွယ် စံပြကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တည်ဆောက်နိုင်ခဲ့တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိမှသာလျှင် ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်ပြီး ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်ဆိုတာကို ကမ္ဘာသိအောင်  ထုတ်ဖော်ပြသနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိကာလဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံမတည်မငြိမ်ဖြစ်နေတာ ၃ လနီးပါးကြာမြင့်ပြီဖြစ်ပြီး ခုချိန်ထိလည်း မရပ်တန့်နိုင်သေးတာကြောင့် ၂၀၂၁ခုနှစ်မှာ သမိုင်းဝင်အပြောင်းအလဲဖြစ်ပေါ်နိုင်မယ့်နှစ်လို့ လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

“ဝ”ပြည်နယ်အနေနဲ့ အပစ်မရပ်သေးတဲ့  FPNCC အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်ပေးဖို့နဲ့ ဘုံရည်မှန်းချက်ကို ဖော်ဆောင်ပေးဖို့လည်း ညီနောင် ၃ ဖွဲ့က တောင်းဆိုထားပါတယ်။

1 month Ago
More News
Up