မြန်မာသတင်း

May 18, 2021

မန္တလေးက ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

မေလ ၁၈ ရက် မန္တလေးမြို့က  ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပုံရိပ်များ။

Photo-MPA

5 seconds Ago

သင်္ဃန်းကျွန်းမြို့နယ်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊   ၁၆/၄ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ  မေ ၁၈ ရက် ဒီနေ့ ညပိုင်း ည ၈ နာရီခွဲကျော်လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲတဲ့ အသံကိုကြားခဲ့ပြီး သွားကြည့်လိုမရသေးလို့ ထိခိုက် ဒဏ်ရာရရှိမှုအခြေအနေမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာ ရဲနဲ့စစ်တပ် လက်နက်ကိုင်တွေရောက်ရှိလာပြီး စစ်ဆေးနေပါတယ်။

ဒီကနေ့ မနက်အစောပိုင်းက လမ်းမတော်မြို့မှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၃ ဦးဒဏ်ရာရပြီး  အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ လမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

30 mins Ago

ဒိုက်ဦးမြို့၌ စစ်တပ်က ပစ်ခတ်သဖြင့် အမျိုးသား ၁ ဦး ကျည်ဆန်ထိမှန်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့မှာ  အကြမ်းဖက် စစ်တပ်က ပစ်ခတ်လို့ မေလ ၁၇ ရက် မနေ့ညက   လူငယ်တယောက် သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။

ဒေသခံတယောက်က"မနေ့ည ၇ နာရီခွဲလောက်မှာ တပ်က သေနတ်ဖောက်တယ်။ မြို့ထဲမှာ ညပိုင်း သေနတ်ဖောက်တာ ၂ ရက်ရှိပြီ။ ဖောင်တော်သီကျေးရွာက လူငယ် ၂ ယောက် ဒိုက်ဦးကိုတက်လာကြတာ သေနတ်ဖောက်သံကြားတော့ အခု သေဆုံးတဲ့သူနေတဲ့ မြို့သစ်  (ခ) ရပ်ကွက်ထဲဝင်ပြေးကြတယ်။ အဲဒါကို တပ်က လိုက်ပစ်ပြီးဖမ်းတယ်။ အဲဒီအချိန်မှာ အခုဆုံးတဲ့ ကိုကျော်မိုးက မိန်းမနဲ့ ရန်ဖြစ်ပြီး လက်ထဲမှာလည်း ဓားနဲ့ ဆဲဆိုပြီးထွက်လာတဲ့ အချိန်ကိုက်သွားတော့ သူ့ပါ ပစ်လိုက်တာ" လို့ ပြောပါတယ်။

ကိုကျော်မိုးရဲ့ လက်မောင်းနဲ့ ပေါင်မှာ ဒဏ်ရာရပြီး ဆေးရုံမရောက်ခင် သွေးလွန်ကာ ဆုံးသွားတာဖြစ်ပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဆေးရုံကနေ ရုပ်အလောင်းကို ပြန်ထုတ်ပေးပြီး မနက်ဖြန်မှာ  မိသားစုက သင်္ဂြိုဟ်ဖို့ အစီအစဉ်ရှိပါတယ်။

သေဆုံးသွားတဲ့ အသက် ၃၀ အရွယ် ကိုကျော်မိုးမှာ ဇနီးနဲ့ ကလေး ၂ ယောက် ကျန်ခဲ့ပါတယ်။

ဖောင်တော်သီကနေ ဒိုက်ဦးကို တက်လာတဲ့ လူငယ် ၂ ယောက်ကိုလည်း စစ်တပ်က ဖမ်းဆီးသွားပါတယ်။

3 hours Ago

ဖားကန့်တွင် မြေစာပုံပြိုကျပြီး ပျောက်ဆုံး​နေ​သူ၏ အလောင်းပြန်တွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ကျေးရွာ ဆန်းရွှေကုမ္ပဏီလုပ်ကွက်မှာ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျပြီး ပျောက်ဆုံး​နေ​တဲ့ မောင်လမင်းသာ (၂၂ )နှစ်ရဲ့ အ​လောင်းကို ​ ဒီကနေ့ နေ့လည်ပိုင်းက ​တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူ ​မောင်လမင်းသာရဲ့ အ​လောင်းကို ၄ ရက်အကြာမှာ ပြန်လည်တူး​ဖော်ရရှိခဲ့တာ ဖြစ်ပြီး ဒီည​နေ ၄ နာရီမှာ မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်မောကျေးရွာရှိ ဆန်းရွှေကုမ္ပဏီမှာ မေ ၁၅ ရက် ည ၈ နာရီလောက်က လက်လုပ်ကျင်းသား ၈ ဦး အပေါ်  မြေစာပုံပြိုကျခဲ့တာဖြစ်ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦး​သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

Photo-CJ

3 hours Ago

တာမွေ ခုံးကျော်တံတားအောက် ဗုံးကွဲ

ရန်ကုန်မြို့ တာမွေအိုးရှင်းကုန်တိုက်အနီး  ခုံးကျော်တံတားအောက်မှာ မေလ ၁၈ ရက်  ညနေ ၅ နာရီ ကျော်လောက်က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။  

ပေါက်ကွဲမှုအနီးနားအိမ်က လူငယ်တစ်ဦးက "ဗုံးပေါက်ပြီးပြီးချင်း မီးခိုးငွေ့တွေ ထလာတယ်။ ကျနော်တို့အိမ်က ခုံတွေပါတုန်ပါတယ်။ အနီးနားက အိမ်တွေ မှန်ကွဲကုန်တယ်။ ဆီဆိုင်နားက ပရိုဘောက်ကားအောက်ပိုင်းထိတယ်။'' လို့ ပြောပြပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် မကြာခင် ရဲတွေရောက်လာပြီး သျှင်ပါဂူ ဆေးခန်းဘက်က  လမ်းကို ပိတ်လိုက်တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မရရှိပါဘူး။ 

Photo- CJ

3 hours Ago

ခင်ဦးမြို့နယ်၌ CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာတစ်ရွာမှာ မေလ ၁၈ ရက် နေ့လယ်ပိုင်းက GZ လူငယ်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ CDM Supporting အဖွဲ့ဟာ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်း (ကျန်းမာရေး၊ ပညာရေး) တွေအတွက် ဂုဏ်ပြုလက်မှတ်နဲ့ ငွေသားတချို့ ထောက်ပံ့ပေးခဲ့ပါတယ်။

"ကျနော်တို့ရွာမှာ တခြားဒေသက လာရောက်တာဝန်ထမ်းဆောင်တဲ့ CDM သူရဲကောင်း ၅ ယောက်နဲ့ ရွာကနေ တခြားဒေသကိုသွားရောက်ပြီးတာဝန်ထမ်းဆောင်ကြတဲ့ CDM သူရဲကောင်း ၁၅ ယောက်၊  စုစုပေါင်း အယောက် ၂၀ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ဂုဏ်ပြုဆုငွေ ထောက်ပံ့ကြတာဖြစ်တယ်"လို့ လူငယ်တစ်ဦးကပြောပါတယ်။

CDM ကူညီထောက်ပံ့ လူငယ်အဖွဲ့ဟာ စျေးရောင်းချတာ လုပ်အားပေးတာတွေပြုလုပ်ပြီး ရန်ပုံငွေရှာဖွေကာ အခုလိုထောက်ပံ့ပေးတာဖြစ်ပါတယ်။

ဒါဟာပထမဆုံးအကြိမ် ဂုဏ်ပြုကြတာဖြစ်ပြီး နောက်နောင်မှာလည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ လူငယ်တွေက ပြောပါတယ်။

4 hours Ago

အကြမ်းဖက်စစ်တပ်အတွက် ရိက္ခာတင်ကားနှင့် လောင်စာဆီတင်ကား မီးရှို့ခံရ

ကချင်ပြည်နယ်၊ မိုးကောင်း-တနိုင်း လီဒိုလမ်းပေါ်မှာ  အကြမ်းဖက်စစ်ကောင်စီတပ်တွေအတွက် ရိက္ခာတင်လာတဲ့ ကားတစ်စီး မေလ ၁၈ ရက် ဒီကနေ့   မီးရှို့ခံခဲ့ရပါတယ်။ 

မိုးကောင်း-တနိုင်း ဟူးကောင်းလွင်ပြင်ဘက် တပ်ရိက္ခာ တင်လာ ၁၀ ဘီးကားတစ်စီး  မီးရှို့ခံရတာဖြစ်ပြီး ဘယ်သူ ဘယ်အဖွဲ့အစည်းက မီးရှို့ခဲ့တာလဲဆိုတာတော့ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်  ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာလည်း ဒီကနေ့မနက် စစ်ကောင်စီလက်နက်ကိုင်တပ်တပ်တွေအတွက်  လောင်စာဆီတင်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီးကို  တားဆီးပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေဘက်က ကချင်သတင်းဌာနကို ပြောပါတယ်။

5 hours Ago

မန္တလေးတွင် မိုးသက်လေပြင်းတိုက်ခတ် သစ်ပင်များ လဲကျ

မန္တလေးမြို့ နေရာတချို့မှာ မေလ ၁၈ ရက် ဒီနေ့ ညနေပိုင်း  မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ လဲကျခဲ့ပါတယ်။

အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းဝင်းအတွင်းနဲ့ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအဆင်းလမ်း စတဲ့ နေရာတွေမှာ သစ်ပင်တွေ လဲကျခဲ့တာပါ။

သစ်ကိုင်းကျိုးကျတဲ့ အပင်တွေရှိသလို တချို့  သစ်ပင်တွေကတော့ အမြစ်ကနေ လဲကျခဲ့ပါတယ်။

Photo - အရှင်ကဝိနန္ဒ

5 hours Ago

ထိုင်းတွင် မွေးကင်းစကလေးအပါအဝင် ကိုဗစ်-၁၉ ကြောင့် တရက်အတွင်း သေဆုံးသူ ၃၅ ဦးဖြင့် စံချိန်တင်

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၅ ယောက်၊ ရောဂါကူးစက်ခံရသူ ၂၄၇၃ ယောက်နဲ့ စံချိန်သစ်တင်ခဲ့တယ်လို့ နေးရှင်းသတင်း မှာ ဒီကနေ့ ဖော်ပြပါတယ်။

ရောဂါကူးစက်ခံရသူတွေထဲမှာတော့ ပြည်ပနိုင်ငံတွေက ပြန်ရောက်လာသူ ၂၃ ယောက်ပါဝင်ပြီး ကူးစက်မှုအမြင့်ဆုံးနေရာတွေထဲမှာ ဘန်ကောက်က ၈၇၃ ယောက်နဲ့ အများဆုံးဖြစ်ကာ နွန်ထာဘူရီမှာ ၁၅၅ ယောက်၊ ဆမွတ်ပရာကန်မှာ ၁၂၁ ယောက်နဲ့ ပ ထုံဌာနီမှာ ၁၁၇ ယောက် အသီးသီး ကူးစက်ခံထားရတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရော ဂါအခြေအနေစီမံခန့်ခွဲရေးစင်တာ(စီစီအက်စ်အေ)က ပြောပါတယ်။

သေဆုံးသူအရေအတွက်မှာလည်း ဘန်ကောက်က ၁၆ ယောက်နဲ့ ဦးဆောင်နေပြီး ချင်းရိုင်၊ ဆောင်ခလာနဲ့ ဆမွတ်ပရာကန်တို့မှာ ၂ ယောက်စီ၊ ဉဘွန်းရက်ချဌာနီ၊ ဆာကီရို၊ ဆီဆာခက်၊ ရာရောင်၊ ချွန်ဘူရီ၊ ပထုံဌာနီ၊ ချိုင်ရာဖမ်၊ လော့ပ်ဘူရီ၊ နခွန်ပထုံ၊ ဆမွတ် ဆခွန်၊ ချန်ဖွန်၊ ဆာရာဘူရီနဲ့ စူရတ်ဌာနီတို့မှာ ၁ ယောက်စီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ လူနာတွေထဲမှာ မွေးကင်းစ အရွယ်ကစ ၉၃ နှစ်အရွယ်ထိ ပါဝင်ပြီး လူနာအားလုံးမှာ သွေးတိုး၊ ဆီးချို၊ အဝလွန်တာစတဲ့ နာတာ ရှည် ရောဂါတွေ ခံစားနေကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်ခံထားရသူ ပြည်ပပြန် ၂၃ ယောက်ထဲမှာတော့ ၂၂ ယောက်က ထိုင်း လူမျိုးတွေဖြစ်ကြပြီး ၁၂ ယောက်က အိန္ဒိယ၊ ၅ ယောက်က ကမ္ဘောဒီးယား၊ ၄ ယောက်က မလေးရှားနဲ့ ၁ ယောက်က ယူအေအီးနိုင်ငံတွေက အသီးသီး ပြန်လာခဲ့ကြသူတွေ ဖြစ် တယ်လို့ ဆိုပါတယ်။ နောက်ထပ် ၂၃ ယောက်မြောက် ပြည်ပပြန်ကတော့ ပိုလန်နိုင်ငံက ဖြစ်ပြီး သူကတော့ အိန္ဒိယနိုင်ငံကနေ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စု စုပေါင်း ၁၁၃,၅၅၅ ယောက် ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၆၄၉ ယောက်နဲ့ ရော ဂါပြန်လည်ပျောက်ကင်းသက်သာလာသူ စုစုပေါင်းကတော့ ၆၉,၉၁၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၆၄ သန်းကျော် ရောဂါကူးစက်ခံရပြီး သေဆုံးသူအ ရေအတွက်ကတော့ ၃ ဒသမ ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေ အတွက်ကတော့ ၁၄၃ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၂၅ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၇ သောင်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

5 hours Ago

ကံပေါက်ဒေသ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက် ၁၀၀ ပြည့် သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြခဲ့တာ ရက် ၁၀၀ ပြည့်တဲ့ ဒီကနေ့ မေ ၁၈ ရက် မနက်ပိုင်းက သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ အင်အား ၇၀ လောက်က ဖမ်းဆီးထိန်းသိမ်း​ခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုလည်း ထောက်ခံကြောင်းနဲ့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ကြွေးကြော် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

6 hours Ago

မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်များက လက်နက်ကြီး‌များဖြင့် ပစ်ခတ်တိုက်ခိုက်နေ

ချင်းပြည်နယ် မင်းတပ်မြို့နဲ့  မိုင် ၃၀ နဲ့ ၄၀ ကြားမှာ မေလ ၁၇ ရက် မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက  အရင်ကနဲ့မတူတဲ့ လက်နက်ကြီး‌တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် ( CDF-Mindat ) ရဲဘော်တချို့ ဗုံးဆန်မထိ၊ ပြင်ပဒဏ်ရာမရှိပေမဲ့ မူးဝေအော့အန်တာ၊ အရုပ်ကြိုးပြတ်အားနည်းတာရှိနေသလို ရုတ်တရက်မူးဝေ အားပြတ်သွားတာကြောင့် တွဲကူထမ်းထုတ်ရတာမျိုး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲ‌တွေ မရှိတော့ပေမဲ့  မြို့အနောက်ပိုင်း မင်းတပ်-မတူပီ လမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

မေ ၁၂ ရက်က မတူပီကနေ  ဆင်းလာတဲ့ စစ်ကား ၆ စီးဟာ လမ်းမှာ အကြိမ်ကြိမ်ဖြတ်တိုက်ခံရလို့ မင်းတပ်မြို့ဆီကို မရောက်နိုင်ဖြစ်‌နေပြီး  မေ ၁၅ ရက်မှာတော့ မတူပီ ဗျူဟာကနေ စစ်ကူကားနောက်ထပ် ၇ စီး ထပ်လာခဲ့တယ်လို့ ဆိုပါတယ်။

မြို့အနောက်ဘက်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေကို တောက်လျှောက်သုံးလာခဲ့ပြီး မြို့နဲ့ ၁၆ မိုင်အကွာမှာတော့ ရှေ့ဆက်မတိုးနိုင်ဘဲ ကျည်ကုန်သွားတာဖြစ်နိုင်တယ်လို့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်က  သုံးသပ်ပါတယ်။

6 hours Ago

တောင်ဒဂုံတွင် ကျောင်း မီးလောင်မှုဖြစ်ပွားပြီးနောက် ဆရာမများကို လိုက်လံဖမ်းဆီးနေ

ရန်ကုန်တိုင်း တောင်ဒဂုံ အ.မ.က ၁၄ မူလတန်းလွန်‌ကျောင်းမှာ  မီးလောင်ပြီးနောက်ပိုင်း အဲဒီကျောင်းက CDM လုပ်ထားတဲ့ ဆရာမတယောက်ကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဒီမနက်မှာ ဖမ်းဆီးလိုက်ပါတယ်။

CDM လုပ်ထားတဲ့ ဆရာမ‌တွေက ကျောင်းကို မီးရှို့တာလို့ အဲဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးက တိုင်တန်းတာကြောင့် CDM  ဆရာမ ၉ ယောက်ကို လိုက်လံ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက  ပြောပါတယ်။

ဆရာမ ဒေါ်လဲ့လဲ့ဝင်းကိုတော့ ဒီမနက် ၅ နာရီလောက်က တောင်ဒဂုံက သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးတာဖြစ်ပြီး ဖုန်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရတယ်။

တောင်ဒဂုံ ၇၀ ရပ်ကွက်မှာရှိတဲ့ကျောင်းဟာ မနေ့ညပိုင်းက မီးလောင်ခဲ့ပြီး ဆရာမအနေနဲ့ ဖမ်းခံရတဲ့အချိန်ထိ ကျောင်းမီးလောင်တာကို မသိဘူးလို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။

6 hours Ago

မံစီမြို့နယ်၌ ကေအိုင်အေနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မေလ ၁၈ ရက်က  ကေအိုင်အေ စခန်းရှိရာသို့ စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်တွေနဲ့  မကြာခဏ လာရောက်ပစ်ခတ်နေပြီး ဒဂေါ်၊ မဒန်ယန်ဘက်မှာ လက်နက်ကြီးသံတွေ မကြာခဏကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မံစီမြို့နယ်အတွင်း  မေလဆန်းပိုင်း   စတင်ပြီး ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပြီး ရွာတချို့မှ ဒေသခံပြည်သူတွေ စစ်ရှောင်စခန်းတွေကို  ပြန်လည်ဝင်ရောက်နေကြတယ်လို့ သိရပါတယ်။

မံစီမြို့၊ ကျော်ခေါင်ရွာ၊ မံဖွရွာနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာ အလွန်နီးကပ်နေတာကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ ရွာဘက်က ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

မေလ ၁၇ နေ့ညပိုင်းကလည်း ဟန်ထက်လမ်း ကုန်းတိန်ရွာအနီးမှာလည်း ပစ်ခတ်သံတွေ ကြားရပြီး ရီခူးမံခံကျေးရွာနားမှာလည်း စစ်တပ်က တင်းကျပ် စစ်ဆေးနေပါတယ်။

မံစီမြို့နယ်ဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ ထိစပ်နေပြီး မူဆယ်-နမ့်ခမ်းသို့ သွားတဲ့ လမ်းမကြီး တည်ရှိနေပေမဲ့ ၂၀၁၁ ခုနှစ်မှာ တကြော့ပြန်စစ်ပွဲတွေကြောင့် လမ်းပိတ်ထားရဆဲဖြစ်ပြီး အခုအချိန်မှာ မံစီမြို့နယ် နေရာအနှံ့အပြားနဲ့ ရှမ်းပြည်နယ်စပ်တွေမှာ ကေအိုင်အေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

6 hours Ago

အကြမ်းဖက်စစ်ခေါင်းဆောင် စစ်ကိုင်းမြို့ ရောက်ချိန် ဗုံးပေါက်ကွဲ

စစ်ကိုင်းမြို့မှာ မေလ ၁၈ ရက် ဒီကနေ့ မွန်းလွဲပိုင်းက အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကိုင်း ကမ်းနားလမ်း ပညာရေးကောလိပ်ကျောင်း (တီတီစီ) အနီး ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က  ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။

စစ်ကိုင်းဒေသခံတစ်ဦးက “သွားလာသမျှ ဆိုင်ကယ်တွေကို စစ်ဆေးနေပါတယ်။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် သီတဂူကျောင်းရောက်တဲ့  အချိန်ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

ပညာရေးဒီဂရီကောလိပ်ရှေ့ အမှိုက်ကန်မှာ ပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ပြီး  အမှိုက်ကန်အနီး လာရောက်လေ့ရှိတဲ့ အမျိုးသမီးကြီးတစ်ဦး ခြေထောက်နှစ်ဖက်မှာ (မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ထိခိုက်ဒဏ်ရာရရှိသူက အရင်စည်ပင်ဝန်ထမ်းတစ်ယောက်ရဲ့ အမေပါ။ သူက အဲဒီ အမှိုက်ကန်နား နေ့တိုင်းသွားလေ့ရှိပါတယ်။ ခြေထောက်ကို သံတိုသံစ၊ ဘောစိတွေမှန်ပြီး ဒဏ်ရာရခဲ့ပါတယ်။ မဆိုင်တဲ့သူတွေထိတာတော့ စိတ်မကောင်းဘူးဗျာ” လို့ ကူညီဆောင်ရွက်ပေးသူ တဦးက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ  စစ်ကိုင်းမြို့တွင် ပြီးခဲ့ရက်တွေက တချိန်တည်း ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အခုလအတွင်း ရတနာပုံတံတားအဆင်း စစ်ဆေးဂိတ်၊ အ.ထ.က (၁)၊ လူမှုဖူလုံရေးရုံးနဲ့ က.ည.န ရုံးတွေမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကာ အဆိုပါဖြစ်တွေမှာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့‌‌ပါဘူး။

ဓာတ်ပုံ - စစ်ကိုင်း cj

7 hours Ago

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပွဲ SNLD မတက်ရောက်

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို လာမယ့်သောကြာနေ့ မေလ ၂၁ ရက်နေ့  နေပြည်တော်မှာ ကျင်းပဖို့ရှိပါတယ်။ 

အဆိုပါအစည်းအဝေးကို တက်ရောက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ တိုင်းရင်းသားပါတီကြီးတွေအပါအဝင် နိုင်ငံရေးပါတီတွေအားလုံးကို ဖိတ်ကြားထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပေမဲ့  မတက်မယ့်ပါတီတွေလည်း ရှိပါတယ်။ 

အဲဒီထဲမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အမတ်ဦးရေ ၄၆ ဦးအနိုင်ရခဲ့တဲ့ ကျားခေါင်းပါတီ ခေါ် SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့တော့ ဖိတ်စာရပေမယ့် အစည်း အဝေးတက်မှာ မဟုတ်ဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ လက်ခံယုံကြည် ရည်မျှော်တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းရေးနဲ့ လမ်းကြောင်းချင်း တူမနေဘူးလို့ ယူဆလို့ပါ”

SNLD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နဲ့ အစည်း အဝေးကိုလည်း တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ 

အာဏာသိမ်းစစ်ကောင်စီဟာ တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ကြေညာထား ပေမယ့် ယခင်စစ်အစိုးရတွေဟာလည်း ပြောထားတဲ့အတိုင်း ကတိမတည်ခဲ့ဘူးလို့ ပါတီပြောခွင့်ရက ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။ 

SNLD ပါတီဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီမှာ  ပါဝင်ဖို့ ကမ်းလှမ်းတာခံခဲ့ရပေမယ့် ပါတီမူဝါဒနဲ့မကိုက်ညီတာကြောင့်  ငြင်းပယ်ခဲ့ပါတယ်။ CRPH ကော်မတီက ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့ထဲမှာလည်း ပါဝင်ခြင်းမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့ထဲမှာပါဖို့ ကမ်းလှမ်းခြင်းခံရ မခံရကိုတော့မသိရပေမယ့် NUG ထဲမှာ NLD ပါတီက အများဆုံးပါဝင်နေတယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ 

7 hours Ago

မြန်မာအကြမ်းဖက်စစ်အုပ်စုကို အမေရိကန်၊ ကနေဒါနှင့် ယူကေက ထပ်မံ ပိတ်ဆို့ဒဏ်ခတ်

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနဲ့ ပေါင်းပါတွေကို   အမေရိကန်၊ ကနေဒါနဲ့ ယူကေနိုင်ငံတို့က ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ  ထပ်မံတိုးချဲ့ ပြုလုပ်လိုက်ကြောင်း နိုင်ငံအသီးသီးက ထုတ်ပြန်ကြေညာပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အာဏာရှင်နဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်းတစ်ခု နဲ့ လူပုဂ္ဂိုလ် ၁၆ ဦး တို့ကို  ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မေ ၁၇ ရက်နေ့စွဲ့နဲ့ ကြေညာပါတယ်။

စစ်အာဏာရှင်ဟာ လတ်တလော ချင်းပြည်နယ် မင်းတပ်မြို့ အပါအဝင် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုနဲ့ နှိပ်ကွပ်မှုတွေ ဆက်လက်ကျူးလွန်နေပြီး နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ဘာမှဆောင်ရွက်ခြင်းမရှိတဲ့အတွက် အမေရိကန်သမ္မတအမိန့် အရ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်တွေထပ်မံချမှတ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ၄ ဦး၊ စစ်တပ်ခန့် အစိုးရအဖွဲ့ဝင် ၉ ဦးနဲ့  အရင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ စစ်အရာရှိတွေရဲ့  အရွယ်ရောက်ပြီး သား၊ သမီး ၃ ဦး စုစုပေါင်း ၁၆ ဦးတို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာပါ။

ဒဏ်ခတ်စာရင်းမှာပါဝင်သူတွေကတော့  စစ်ကောင်စီအဖွဲ့ဝင်တွေ ဖြစ်တဲ့ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ စိုင်းလုံးဆိုင်၊ ဦးခင်မောင်ဆွေ၊ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ နယ်စပ်ရေးရာဝန်ကြီး ဦးထွန်းထွန်းနောင်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ စီးပွားကူးသန်းဝန်ကြီး ဦးပွင့်ဆန်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဦးသက်ခိုင်ဝင်း၊ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ တို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့သား ဟိန်းထက်နဲ့ ကောင်းထက်၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ သမီး ယဉ်မင်းသူတို့ကိုလည်း ပိတ်ဆို့ဒဏ်ခတ်စာရင်းမှာထည့်သွင်းဖော်ပြထားပါတယ်။

သမ္မတဘိုင်ဒင်ပြောခဲ့တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုဟာ  မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေ တာဝန်ခံရစေရေးအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်သလို စစ်အာဏာရှင်တွေ အကြမ်းဖက်မှုမရပ်တန့်မချင်း၊ ပြည်သူလူထုဆန္ဒကို လေးစားတဲ့အနေနဲ့ အဓိပ္ပာယ်ပြည့်ဝသောလုပ်ရပ်တွေ မဖော်ဆောင်မချင်း နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအရ စစ်အာဏာရှင်ကို ဖိအားပေးတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ယူကေနိုင်ငံကတော့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ( MGE) ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရာ့ဘ်က  မေလ ၁၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ မြန်မာ့ကျောက်မျက်လုပ်ငန်းဟာ အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာဘီလီယံနဲ့ ချီဝင်ငွေရရှိစေတဲ့ စီးပွားရေးလုပ်ငန်ကြီးဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ ဒီမိုကရေစီကိုဆက်လက် ချေမှုန်းဖျက်ဆီးနေပြီး ကိုယ့်ရဲ့ ပြည်သူတွေကို လူမဆန်စွာ ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်နေတယ်။  စစ်အစိုးရရဲ့ ငွေရေးကြေးရေးရရရှိမှုကို ထိခိုက်စေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မဟာမိတ်တွေနဲ့အတူ လုပ်ဆောင်ပြီး ဒီမိုကရေစီပြန်ရအောင်လုပ်ဆောင်သွားမယ်လို့လည်း ယူကေနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ယူကေဟာ မြန်မာ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။

ကနေဒါအစိုးရကတော့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၁၆ ယောက်နဲ့ ကုမ္ပဏီလုပ်ငန်း ၁၀ ခုကို နောက်ထပ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်လိုက်တယ်လို့ ကနေဒါနိုင်ငံခြားရေး ဌာနက မေလ ၁၇ ရက်နေ့မှာပဲ ကြေညာပါတယ်။  

မြန်မာနိုင်ငံမှာ စစ်တပ်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် လက်နက်တင်ပို့မှုပိတ်ပင်တားဆီးရေး၊ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောင်းချမှု ဆိုင်းငံ့ရေးနဲ့ စစ်တပ်ပိုင်လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရေးအပါအဝင် စစ်အာဏာရှင်အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ကြဖို့  အမေရိကန် ပြည်ထောင်စုက နိုင်ငံအားလုံးကို တိုက်တွန်း ထားပါတယ်။

Photo- CINCDS

8 hours Ago

ရေကြည်မြို့နယ်က CDM ပညာရေးဝန်ထမ်း ၁၃၄ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က CDM ပြုလုပ်နေတဲ့ ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း ၁၃၄ ယောက်ကို စစ်ကောင်စီက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

သင်ကြားရေးနဲ့ စီမံဝန်ထမ်း ၁၃၄ ယောက်ဟာ ခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီး တာဝန်ချိန်ပျက်ကွက်နေတာကြောင့် မေ ၇ ရက်ကစလို့ တာဝန်ကရပ်ဆိုင်းတာလို့ စစ်ကောင်စီလက်အောက်ခံ တိုင်းပညာရေးမှူးက မေလ ၇ ရက်နေ့မှာ  ထုတ်ပြန်ပါတယ်။

တာဝန်ကနေရပ်ဆိုင်းခံရသူ‌‌တွေအထဲမှာ အထက်တန်းပြ ၁၈ ယောက်၊ အလယ်တန်းပြ ၇ ယောက်၊ မူလတန်းကျောင်းအုပ် ၁၅ ယောက် ပါဝင်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့်ဖို့ စီစဉ်နေသလို   CDM ဆရာဆရာမတွေကိုလည်း ဖမ်းဆီးတာ၊ အမှုဖွင့်တာ၊ အလုပ်ရပ်နားတာ၊  အလုပ်ပြန်လုပ်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာစတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေပါတယ်။

10 hours Ago

ဒီပဲယင်းမြို့နယ်က ကလေးငယ်တွေရဲ့ စစ်ကျွန်ပညာရေးဆန့်ကျင်သပိတ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ရွာမှာ ကျောင်းသား ကလေးငယ်တွေက စစ်ကျွန်ပညာရေး အလိုမရှိ၊ ကျောင်းမတက် ကျောင်းပျက် သပိတ် စစ်ကြောင်းနဲ့ ဒီနေ့  ဆန္ဒပြခဲ့ကြပါတယ်။

10 hours Ago

ပေါက်တောမြို့နယ် အခြေခံပညာ ဆရာ ဆရာမ ၁၅ ဦးကို တာဝန်မှ ယာယီရပ်နား

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အခြေခံပညာကျောင်းတွေက ဆရာ ဆရာမ ၁၅ ဦးကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ကနေ ယာယီရပ်နားလိုက်ပါတယ်။ 

အထက်တန်းပြ ၇ ဦး၊ အလယ်တန်းပြ ၅ ဦး ၊ မူလတန်းပြ ၂ ဦးနဲ့ လက်ထောက်တ မူပြတစ်ဦး စုစုပေါင်း ၁၅ ဦးကို တာဝန်ကနေရပ်ဆိုင်းလိုက်တာလို့ ပြည်နယ်ပညာရေးမှူးကိုယ်စား ဒုညွှန်ကြား ရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက မေလ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

အဆိုပါ ဆရာ ဆရာမတွေဟာ ခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခဲ့တာ၊ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေတယ်ဆိုကာ မေလ ၇ ရက်နေ့ကစပြီးတာဝန်က ယာယီရပ်နားလိုက်တာလို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့်ဖို့ စီစဉ်နေသလို   CDM ဆရာဆရာမတွေကိုလည်း ဖမ်းဆီးတာ၊ အမှုဖွင့်တာ၊ အလုပ်ရပ်နားတာ၊  အလုပ်ပြန်လုပ်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာ စတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေပါတယ်။

10 hours Ago

မိုးညှင်းမြို့တွင် CDM ဆရာမ ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့က အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်း ဆရာမတစ်ဦးကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  မေလ ၁၇ ရက်နေ့ ညက ဖမ်းဆီးသွားပါတယ်။ 

ဖမ်းဆီးခံရတဲ့ဆရာမမှာဟာ ဒေါ်အေးမြသီတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်၊ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ  မသိရှိရသေးဘူးလို့  ဒေသခံတွေက ပြောပါတယ်။ 

မိုးညှင်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက် အာဏာဖီဆန်တဲ့  CDMလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပညာရေးဝန်ထမ်း အယောက်  ၉၀၀ ကျော်ရှိပါတယ်။

 မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့်ဖို့ စီစဉ်နေသလို   CDM ဆရာဆရာမတွေကိုလည်း ဖမ်းဆီးတာ၊ အမှုဖွင့်တာ၊ အလုပ်ရပ်နားတာ၊  အလုပ်ပြန်လုပ်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာ စတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေပါတယ်။

10 hours Ago

မော်လမြိုင်က တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၈ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ် မော်လမြိုင်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၈ ဦးကို အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက မေလ ၁၇ ရက် ညပိုင်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက  ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသား၊ကျောင်းသူတွေဟာ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်အတွင်းရှိ နေအိမ်တအိမ်မှာ ခေတ္တစုစည်း နေထိုင်နေစဉ်  အကြမ်းဖက် စစ်အုပ်စုက ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသား၊ကျောင်းသူတွေထဲမှာ မော်လမြိုင်တက္ကသိုလ်က ‌၂ ဦး၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) က ၅ ဦး၊ မော်လမြိုင် တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးပါဝင်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို လက်ရှိဘယ်မှာ ထိန်းသိမ်းထားတယ် ဘာအမှုနဲ့ ဖမ်းဆီးထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

11 hours Ago

ယင်းမာပင်နှင့် ဆားလင်းကြီးဒေသ ရွာပေါင်းစုံကပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့  ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာပေါင်းစုံက ပြည်သူတွေဟာ မေလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းက စစ်အာဏာရှင်ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ပါတယ်။ 

11 hours Ago

မိုးကောင်းမြို့က နွေဦးတော်လှန်ရေး အရုဏ်ဦးသပိတ်

စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းပပျောက်ရေးအတွက် ရက်ပေါင်း ၁၀၀ ကျော် နေ့စဉ်မပျက်ဆန္ဒပြနေကြတဲ့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့က ဒေသခံပြည်သူတွေဟာ မေ ၁၈ မနက်ကလည်း အနိုင်မခံအရှုံးမပေး နွေဦးတော်လှန်ရေး အရုဏ်ဦးသပိတ်ကို အောင်မြင်စွာဆင်နွှဲခဲ့ကြပါတယ်။

12 hours Ago

မုံရွာမြို့တွင် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒပြ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မေလ ၁၈ ရက်နေ့ မနက်ပိုင်းက မြို့ခံပြည်သူတွေက  အရုဏ်ဦးသပိတ်နဲ့ ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

12 hours Ago

လမ်းမတော်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်၊ လမ်းမတော်မြို့နယ်မှာ မေလ ၁၈ ရက် ဒီမနက်အစောပိုင်းက ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ကိုင်းတန်းလမ်းက အုပ်ချုပ်ရုံးမှူးရုံးမှာ  ဒီနေ့ မနက် ၅ နာရီကျော်လောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲ့နေရာကို အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်သွားချိန်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။

ဦးမျိုးလွင်ရဲ့ အလောင်းကို ဒီနေ့ မနက် ၆ နာရီလောက်မှာ လမ်းမတော် ၈ လမ်းမှာ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဟာ အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့သူဖြစ်ပြီး ဒီနေ့ဗုံးပေါက်မှုဖြစ်ပွားချိန် အကြမ်းဖက်စစ်ကောင်စီကခေါ်လို့သွားရာကနေ ခုလိုပစ်သတ်ခံခဲ့ ရတာလည်းဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ  ရဲ ၂ ဦးနဲ့ ယာဉ်ထိန်းရဲ  ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Photo - CJ

12 hours Ago

မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုများ ဆက်လုပ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မေလ ၁၈ ရက် မနက်ပိုင်းက စစ်အာဏရှင်ဆန့်ကျင်တဲ့ တပ်ပေါင်းစု မဟာမိတ်စစ်ကြောင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

တပ်ပေါင်းစု မဟာမိတ်စစ်ကြောင်းမှာ တမ္ပဝတီလူထု သပိတ်စစ်ကြောင်း၊ ဘုရားကြီး စစ်ကြောင်း၊ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အလံမလိပ် အသံမတိတ် ချမ်းမြသာစည်သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ပြုလုပ်ခဲ့ပါတယ်။

အလားတူ ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်ကလည်း ဒီကနေ့မနက် စစ်အာဏာရှင်စနစ်ကျဆုံးရေး အရုဏ်ဦးသပိတ်ပြုလုပ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မနေ့ညပိုင်းက ချမ်းမြသာစည်မြို့နယ်မှာ ပြည်သူတွေ စုပေါင်းပြီး လိင်အကြမ်းဖက်မှုရပ်တန့်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြ ချီတက်ရာမှာ စစ်အာဏာရှင်ကျရှုံးရေး၊ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာချီတက်ခဲ့ပြီး လူစုခွဲခဲ့ကြပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေ တင်းကျပ်စောင့်ကြည့် ဖမ်းဆီးမှုတွေ လုပ်နေတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြည်သူတွေက နေ့စဉ်မပြတ်ဆက်လက်လုပ်ဆောင် နေကြတာဖြစ်ပါတယ်။

12 hours Ago

ယင်းမာပင်မြို့နယ်ရဲစခန်းရှေ့ ဗုံး ၂ လုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရဲစခန်းအနီးမှာ မေလ ၁၇ ရက်၊ ည ၈ နာရီကျော်က ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ 

“ဗုံးကွဲတာ ယင်းမာပင်မြို့နယ်ရဲစခန်းရှေ့မှာ ပေါက်ကွဲသွားတယ်။ ပေါက်ကွဲပြီး မကြာဘူး၊ စစ်သားတွေရောက်လာတယ်။ ဘေးနားမှာ ရှိတဲ့ လူနေအိမ်တွေ သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အဆိုပါ ပေါက်ကွဲမှုတွေမှာ လူတွေထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးတာတွေတော့ မရှိပါဘူး။ 

13 hours Ago
More News
Up