Lead Story

May 9, 2021

မြင်းမူမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဖြိုခွင်းခံရပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မြင်းမူမြို့မှာ ဒီနေ့ နေ့လယ် ၁ နာရီကျော်အချိန်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် စစ်တပ်က ဖြိုခွင်းခဲ့လို့ ပြည်သူတစ်ယောက် ခေါင်းကို ရာဘာကျည်မှန်ကာ ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

မနက်ခင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို အင်အားအလုံးအရင်းနဲ့အကြမ်းဖက် ဝင်ရောက်ဖြိုခွင်းခဲ့တာဖြစ်ပြီး လူငယ်နှစ်ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မနက် ၉ နာရီအချိန်ကတည်းက သေနတ်ပစ်ဖောက်ကာ တနေကုန်ဖြိုခွင်းနေတာ ဖြစ်တဲ့အတွက် အခုလက်ရှိအချိန်ထိ ဒဏ်ရာရရှိသူ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျမသိရသေးပါဘူး။   

7 mins Ago

အင်းစိန်အရုဏ်ဦးသပိတ်က ကျောင်းသားတစ်ဦး ဖမ်းဆီးခံရ

မေ ၉ ရက်မနက်ပိုင်းကလုပ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်မှာပါတဲ့ ကျောင်းသား လူငယ်တစ်ယောက်  ဖမ်းဆီးခံလိုက်ရပါတယ်။

အဲဒီသပိတ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေက အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တာလို့ သပိတ်မှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

မနက်ပိုင်းမှာ အကြမ်းဖက်ဖမ်းဆီးတာရှိခဲ့ပေမဲ့ အင်းစိန်လူငယ်တွေဟာ နေ့လယ်ပိုင်းမှာ သပိတ်လမ်းကြောင်း ပြန်ထွက်ခဲ့ချိန် စစ်ကောင်စီက ထပ်မံဖြိုခွင်းဖို့ ကြိုးစားပေမဲ့ လူငယ်တွေ အချိန်မီ လူစုခွဲနိုင်ခဲ့ပါတယ်။

10 mins Ago

ပွင့်ဖြူမြို့နယ် ကုန်းဇောင်းရွာအုပ်ချုပ်ရေးမှူးညီမအိမ် ဗုံးကွဲ

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာက အုပ်ချုပ်ရေးမှူးရဲ့ညီမနေအိမ်မှာ မေ ၉ ရက် မနက် ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

အုပ်ချုပ်ရေးမှူးညီမဖြစ်သူဟာ အကြမ်းဖက်အဖွဲ့ကို သတင်းပေးနေတာကြောင့် ဒေသခံတွေက ဒလံအဖြစ် ကြေညာထားတာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် နေအိမ်တံခါးမှန်တွေ ကွဲပြီး မြေကျင်းများ ဖြစ်သွားခဲ့ကာ လက်တလောမှာ  အကြမ်းဖက်စစ်ကောင်စီရဲ့လက်ပါးစေတွေက လုံခြုံရေးယူထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်ထဲမှာ မေ  ၈ ရက် ညကလည်း လယ်ကိုင်းရဲစခန်းနဲ့ကျောင်းတော်ရာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဆက်တိုက်ပေါက်ကွဲခဲ့ပြီးတော့ လယ်ကိုင်းရွာက ပြည်သူ ၁၀ ယောက်လောက်ကို ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေကတော့ မတည်မငြိမ်ဖြစ်တယ်ဆိုပြီး ပြသနိုင်အောင် အကြမ်းဖက် စစ်ကောင်စီဘက်က ဖောက်ခွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

16 mins Ago

ပူတာအိုတွင် ဆိုင်ကယ်သစ် ၇ စီးကို အကြမ်းဖက်စစ်ကောင်စီ သိမ်းဆည်း

ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေ ၈ ရက်ညက ဆိုင်ကယ်အရောင်းဆိုင်တွေဆီကနေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၊ ရဲနဲ့ ကျေးရွာအုပ်ချူပ်ရေးမှူးတွေက ဆိုင်ကယ်တွေကို လိုက်လံ သိမ်းဆည်းသွားတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

မေ ၈ ရက် ညပိုင်းမှာ ပူတာအိုမြို့အတွင်းက ဆိုင်ကယ်အရောင်းဆိုင် ၃ ဆိုင်က ဆိုင်ကယ် စုစုပေါင်း ၇ စီးကို သိမ်းဆည်းသွားတာပါ။

"ဆိုင်ကယ်အရောင်းလိုင်စင် မရှိလို့ဆိုပြီး အကြမ်းဖက်တပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေက ဆိုင်ကယ်လိုက်သိမ်း‌နေပြီး ဆိုင်ကယ်အသစ်စုစုပေါင်း ၇ စီး ပါသွားတယ်" လို့ ပူတာအိုဒေသခံက ပြောပါတယ်။

ပူတာအိုမြို့ဟာ အဖြူရောင်နယ်မြေလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ဒေသတစ်ခုဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဘက်က ပထမဆုံးအကြိမ် ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်းဆည်းဖြစ်တယ်လို့ သိရပါတယ်။

2 hours Ago

ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နေအိမ်အနီး ဗုံးပေါက်

ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားဟောင်း ဦးမျိုးဝင်းရဲ့ နေအိမ် ဘေးလမ်းကြားထဲမှာ မေ ၉ ရက် မနက် ၂ နာရီ ၁၄ မိနစ်က လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပါတယ်။

ဗုံးပေါက်ကွဲတာကြောင့် အနီးအနားနေအိမ် ၂ လုံးကိုပါ ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရ တာတွေ မရှိဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ပြီး ဘယ်သူတွေ လုပ်ကြံခဲ့ တာတွေကို အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းမှာ စစ်ကောင်စီတွေဘက်က အလိုရှိ နေပြီး နေအိမ်ကို ဝင်ရောက်ရှာဖွေလေ့ရှိတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းနဲ့အတူ သားဖြစ်သူ ရေးမြို့ ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန်မှာလည်း တိမ်းရှောင်နေခဲ့ရသလို နေအိမ်မှာ အသက် ၉၃ နှစ် ရှိပြီဖြစ်‌တဲ့ ဦးမျိုးဝင်းရဲ့ မိခင်နဲ့အတူ ဇနီးနဲ့ သမီးပဲ နေထိုင်နေပါတယ်။

2 hours Ago

မန္တလေး သံဃသမဂ္ဂစစ်ကြောင်းမှ မသန်စွမ်းတစ်ဦး ဖမ်းခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၈ လမ်း နဲ့ ၁၁၂ လမ်းအနီးမှာ မေ ၉ ရက် ၂ နာရီကျော်က မန္တလေးသံဃသမဂ္ဂစစ်ကြောင်းမှာ အမြဲပါတဲ့ မသန်စွမ်းတစ်ဦး ဖမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူဟာ စိုင်းလှမင်းဆိုသူဖြစ်ပြီး မန္တလေးသံဃသမဂ္ဂစစ်ကြောင်း လူစုခွဲအပြီးမှာ ဖမ်းဆီးခံလိုက်ရတာပါ။

လာရောက်ဖမ်းဆီးတဲ့ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့တွေဟာ အရပ်ဝတ်တွေနဲ့ အိမ်စီးကားနဲ့ လာရောက် ဖမ်းခေါ်သွားတာလို့ သိရပါတယ်။

3 hours Ago

ပြိုကျ မိုးကုတ်ကျောက်တွင်းမှ ၁ ဦး ကယ်ထုတ်နိုင်၊ ပိတ်မိ ၄ ဦးကို ကယ်ဆယ်ရေး ဆက်လုပ်

မိုးကုတ်မြို့မှာ ကျောက်မျက်တွင်း ပြိုကျပြီး ၅ ရက်ကြာပိတ်မိနေတဲ့သူတွေထဲက ၁ ဦးကို ဒီနေ့ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိ ၄ ဦးအား ကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ ဘော်ဗဒန်းရွာမှာ မေလ ၄ ရက်နေ့က ကျောက်မျက် တူးဖော်ခဲ့တဲ့တွင်း ပြိုကျ​ပြီး လူ ၅ ဦး ၅ ရက်ကြာ တွင်းထဲပိတ်မိနေတာလို့ လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။ 

“မေလ ၄ ရက်နေ့က ခဲတွင်းပြိုကျပြီး လူ ၆ ယောက် ပိတ်မိသွားတာ၊ တွင်းဆရာတွေက ကူလိုက်တော့ အဲဒီနေ့မှာ တစ်ယောက် အသက်ရှင်ပြီး ပြန်လွှတ်လာတယ်။ ဒီနေ့ ကယ်ဆယ်ရေးတွေ ဆက်လုပ်တော့ တစ်ဦး အသက်ရှင်လျက် ပြန်လွတ်လာတယ်” လို့ DVB ကို ပြောပါတယ်။ 

ကျန် ၄ ဦးကတော့ တွင်းအနက်ပေ ၉၅၀ ဝန်းကျင်ထိ ရှိတဲ့ ခဲတွင်းမှာ ပိတ်မိနေပြီးတော့ ဒီကနေ့အထိ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

တွင်းက ဝင်ရောက်ဖို့ ခက်ခဲနေတာရယ်၊ အရမ်းနက်လွန်းတာကြောင့် သတိထားပြီး ကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတယ်လို့ သိရပါတယ်။ 

​တွင်းပိတဲ့နေရာကို မြတ်စေတနာ လူမှုကူညီရေးအသင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ ​မြန်မာနိုင်ငံ သန္ဓေမီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ ရွာသူရွာသားတွေက ပူးပေါင်းပြီး ကယ်ဆယ်နေတယ်လို့ သိရပါတယ်။ 

3 hours Ago

ကြာအင်းဆိပ်ကြီးတွင် စစ်အာဏာရှင်အလိုမရှိကြောင်း စုပေါင်းဆန္ဒထုတ်ဖော်

မေ ၉ ရက် မနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် (ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်) တောင်နားဒေသ ကျေးရွာမှာ စစ်အာဏာရှင်အလိုမရှိကြောင်း စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ အာဏာရှင်ရဲ့ အကြမ်းဖက် လူသတ် ဖမ်းဆီးထောင်ချနေတာတွေ၊ ဆန္ဒပြသူတွေကို အင်အားသုံးပစ်ခတ်ဖမ်းဆီးနေတာတွေ၊ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ စုပေါင်းသပိတ်ပြုလုပ် ဆန္ဒပြခဲ့တာပါ။

Photo-CJ

3 hours Ago

အတတ်ပညာရှိပြီး အသိပညာမရှိသူများ သင်​မည့်ပညာရေး သားသမီးများကို ကျောင်းမအပ်ဟု မိဘများပြော

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ပူး​ပေါင်းပြီး စစ်ကျွန်ပညာ​ရေးစနစ်အလိုမရှိ​ကြောင်းနဲ့ စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်း​ရေးသပိတ်ကို ​မေလ ၉ ရက်​နေ့က အင်အား​ထောင်ချီ ဆန္ဒ​ဖော်ထုတ်ခဲ့ကြတာပါ။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ​ကျောင်းသားမိဘ​​တွေတဦးက "အတတ်ပညာရှိပြီး အသိပညာမရှိ CDM မပါဝင်တဲ့ ဆရာဆရာမ​တွေက လာသင်မယ့်ပညာ​ရေးကို မိမိတို့ရဲ့ သားသမီး​တွေကို ​ကျောင်းမထားနိုင်သလို သူတို့ဖွင့်ချင်ဖွင့် မိမိတို့သားသမီး​တွေ ပညာမတတ်ချင်​နေ ​ကျောင်းမအပ်ဘူး"လို့ ​ပြောပါတယ်။

ဆန္ဒပြပွဲကို လမ်း​လျှောက်သပိတ်၊ ထိုင်သပိတ် နဲ့ Paper Strike သပိတ်လည်း ပြုလုပ်ခဲ့ကြတာပါ။

4 hours Ago

တိုကျို၌ မြန်မာအပါအဝင် ၆ နိုင်ငံ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ

အာရှနိုင်ငံတွေအပေါ် တရုတ်ကြီးစိုးချုပ်ကိုင်နေမှုကို ဂျပန်ရောက် မြန်မာ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ဝီဂါ၊ တာဂျစ်စတန်၊ မွန်ဂို ၆  နိုင်ငံက နိုင်ငံသားတွေဟာ မေ  ၉ ရက်  နေ့လယ်ပိုင်းက တိုကျိုမြို့ရှိ ကုလသဂ္ဂရုံးရှေ့စုဝေးပြီး လူစည်ကားရာ ရှီဘူယအရပ်မှာ လှည့်လည် စီတန်းဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဂျပန်လွှတ်တော်အမတ်များနဲ့ ဂျပန်အန်ဂျီအိုတွေပါဝင်ခဲ့ကြပြီး တရုတ်ရဲ့ အာရှတွင်းနိုင်ငံတွေအပေါ် ကြိုးကိုင်အမြတ်ထုတ်ကြီးထွားလာနေတာကို ဂျပန်အပါအဝင် နိုင်ငံတကာက စုပေါင်း စဉ်းစားအဖြေရှာနိုင်ဖို့ စုပေါင်းဆန္ဒပြကြတာလို့လည်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ဦးမြင့်ဆွေက ပြောပါတယ်။

တိုကျို တရုတ်ဆန့်ကျင်ရေး စုပေါင်းန္ဒပြပွဲကို အာရှ ၆ နိုင်ငံက နိုင်ငံသား ၁၀၀၀ လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်

4 hours Ago

စစ်ကောင်စီတပ်များ၏ ပြစ်မှုကျူးလွန်ခဲ့သည့်စာရင်း စစ်ကိုင်း PDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီရဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၉  ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ကနီမြို့နယ် ချောင်းမအနောက်ရွာမှာ မေ ၅ ရက်က သရက်သီးခူးနေတဲ့ ၁၆ နှစ်အရွယ် ကလေးတစ်ဦး သေနတ်ထိမှန်တဲ့ဖြစ်စဉ်၊ မြို့နယ်အတွင်းမှာပဲ မေ ၆ ရက်က အဖွားအိုနဲ့ အမျိုးသမီး ငယ်တစ်ဦး ရိုက်နှက်နှိပ်စက်ခံရတဲ့ဖြစ်စဉ်နဲ့ မေ ၇ နဲ့ ၈ ရက်က သမင်ခြံရွာမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့အပြင် ၇ နှစ်အရွယ် ကလေးတစ်ဦး သေနတ်မှန်တဲ့ဖြစ်စဉ်တွေကို မှတ်တမ်းပြုစုထားပြီး ထိရောက်စွာအရေးယူနိုင်ဖို့  အမျိုးသားညီညွတ်ရေးအစိုးရဆီ တင်ပြမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ ခွင့်လွှတ်မှုနဲ့မထိုက်တန်တဲ့ ပြစ်မှုတွေကို ကနီနဲ့ ယင်းမာပင်မြို့နယ်ထဲမှာ တရစပ်ကျူးလွန်နေတာကြောင့် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ မြေပြင်ရှေ့တန်းရောက် ရဲဘော်တွေနဲ့အတူ ဆက်လက်ခုခံ ကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

4 hours Ago

ရေးမြို့နယ်တွင် ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ

မွန်ပြည်နယ် ရေးမြို့နယ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဆေးရုံဆေးခန်းတွေမှာ ကိုယ်ဝန်ဆောင် ကာကွယ်ဆေးထိုးဖို့နဲ့ ဆေးခန်းပြဖို့ ဆရာဝန်တွေ မရှိခဲ့တာကြောင့်  ကျန်းမာရေး စစ်ဆေးပြသဖို့ အခက်အခဲဖြစ်နေတယ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ပြောပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထဲမှ ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ မော်လမြိုင်နဲ့ ရန်ကုန်ဘက်ကို ဆေးခန်းသွားရောက်ပြသနိုင်တာကြောင့် အခက်အခဲမရှိပေမဲ့ ဆင်းရဲနွမ်းပါးတဲ့အပြင် ဝေးလံခေါင်ဖျားဒေသနေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကတော့ ဆေးခန်းပြဖို့  အခက်အခဲတွေ ရှိတယ်လို့  ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

CDM မှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းကို  စစ်ကောင်စီဘက်က ဖိအားပေးပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ထုတ်ပြန်ထားပေမဲ့ အများစုဟာ ဖမ်းဆီးခံရမှာ ကြောက်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ 

ရေးမြို့နယ်မှာ ပြည်သူ့ဆေးရုံတွေ ပြန်လည်ဖွင့်လှစ်လာခဲ့ပေမဲ့  ဆရာဝန်တွေ မရှိတာကြောင့် လူနာကုသရေးပိုင်းမှာ လုံလောက်မှု မရှိကြဘူးလို့  ဆိုပါတယ်။

4 hours Ago

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လေ့လာအတုယူကြ

ဧပြီလ ၄ ရက်နေ့က ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ကို တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။ ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ (Chinland Defence Forece-CDF) ကို မတူပီ၊ ဟားခါး၊ မင်းတပ် စတဲ့ ချင်းမြို့နယ် ၉ မြို့နယ်မှာ ချင်းအတိုင်ပင်ခံကောင်စီရဲ့ ကြီးကြပ်ညှိနှိုင်းမှုအောက်မှာ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ CDF မှာ ချင်းအဖွဲ့အစည်း ၅ ဖွဲ့ ပါဝင်ထားပါတယ်။ ချင်းပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defence Force)၊ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) ၊ ဇိုမီးအမျိုးသားကောင်စီ (Zoemee National Council) နှင့် ကူကီးအမျိုးသားအဖွဲ့ချုပ် (Kukee Natioanl League) တို့ ဖြစ်ကြပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာတော့ CDF အဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ကြေညာချက်ထဲမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံကို ထူထောင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုအဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်ဖြိုခွဲနေမှုတွေကို ချက်ချင်း ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်သူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့  တောင်းဆိုကြောင်းတွေ ပါဝင်ခဲ့ပါတယ်။

CDF အဖွဲ့ကို အမြဲတမ်းလက်နက်ကိုင်အဖွဲ့အဖြစ် ဖွဲ့စည်းထားတာမဟုတ်ဘဲ အရေးအကြောင်းရှိရင် ရရာလက်နက် ဆွဲကိုင်ပြီး လူထုကို အကာအကွယ်ပေးတဲ့ အရပ်သားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ ရရာလက်နက်ဆိုရာမှာလည်း အများစုကတော့ တူမီးသေနတ်တွေ၊ ဒူးလေးတွေဖြစ်ပြီး တစ်လုံးထိုးသေနတ် အနည်းအပါးသာ ကိုင်ဆောင်နိုင်ကြပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ပြင်းထန် ညီညွတ်မှုရှိတဲ့အတွက် စိတ်ဓာတ်ပျက်နေတဲ့ စစ်ကောင်စီတပ်တွေရန်ကို ကာကွယ်နိုင်ရုံမက ထိထိရောက်ရောက် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ 

ချင်းလူငယ်တွေ ဦးဆောင်တဲ့ ‘တဟန်း’ သပိတ်စစ်ကြောင်းကို စစ် ကောင်စီရဲ့ တပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲခဲ့ရာမှာ ဇိုမီးအမျိုးသားအဖွဲ့ချုပ်ပါ ဝင်ရောက်ကူညီတိုက်ခိုက်ပေးခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၈ ယောက်အထိ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မိမိတို့ဘက်ကတော့ ‘ထန်ကောလျန်’ ဆိုတဲ့ ချင်း အမျိုးသားတစ်ဦး ကျဆုံးပြီး လူငယ် ၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ချင်းပြည်နယ် တပြည်လုံးအနေနဲ့ မတူပီမြို့မှာ ဝရမ်းထုတ်ခံရသူ ၆ ဦး၊ ဖမ်းဆီးခံရသူ ၆ ဦးရှိပြီး မင်းတပ်မြို့မှာတော့ အဖမ်းခံရသူ ၇ ဦး ရှိတယ်လို့ သိရပါတယ်။

မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဂန္ထဝင်စံတင်လောက်တဲ့ ခုခံကာကွယ်ရေးတိုက်ပွဲကို ဆင်နွှဲနေကြပါတယ်။ ဧပြီလ ၂၄ ရက်နေ့ကစခဲ့တဲ့ တိုက်ပွဲဟာ ဒီနေ့အထိ (မေလဆန်းအထိ) မပြီးဆုံးသေးပါဘူး။ မင်းတပ်မြို့ရဲ့ပထဝီ အနေအထားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မင်းတပ်မြို့ဟာ ပထဝီရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်ပေါ်မှာ တောင် မြောက် ၂ မိုင်ခန့် ရှည်တဲ့ တောင်ကြောပေါ်မှာ အလျားလိုက် ရှိပါတယ်။ တောင်ပေါ်လမ်းဆိုတော့ လမ်းကြောင်းကလည်း တစ်ကြောင်းပဲရှိပါတယ်။

၂၄ ရက်နေ့ညက ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ လွှတ်ပေးဖို့ လူထုက ရဲစခန်းကို ဝိုင်းထားရင်း တိုက်ပွဲ စဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲဖြစ်နေစဉ် မုံရွာက စစ်ကူတက်လာတဲ့တပ်ဖွဲ့ကို တောင်ဘက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လမ်းဖြတ်တိုက်ခိုက်လိုက်လို့ ရှေ့ဆက်မတက်နိုင်တော့ပါဘူး။ မြောက်ဘက်မတူပီက ဆင်းလာတဲ့ စစ်ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတွေက မိုင်းထောင်တိုက်ခိုက်လိုက်လို့ စစ်သား ၁၅ ယောက်လောက် သေပြီး လိုက်လာတဲ့ သံချပ်ကာကားလည်း ချိန်းကြိုးပြတ်ပြီး ရပ်သွားပါတော့တယ်။ ဒီမှာတင် မြို့ထဲဝင်ခွင့်ရဖို့ စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ညှိနှိုင်းရပါတော့တယ်။ ဒီလိုညှိနှိုင်းချက်အရ မေလ ၂ ရက်နေ့က ဖမ်းထားတဲ့ ကျောင်းသားလူငယ် ၇ ဦးကို လွှတ်ပေးလိုက်ရပါပြီ။ ပိတ်မိနေတဲ့ စစ်ကားထဲမှာ ဗျူဟာမှူးပါနေလို့ ဒု-တိုင်းမှူးကိုယ်တိုင် ဆင်းလာရတယ်လို့လည်း ဆိုကြပါတယ်။ လူငယ်တွေ လွှတ်ပေးရင် စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းဖွင့်ပေးမယ်။ ဒါပေမဲ့ ဖမ်းဆီးရိုက်နှက်ပစ်ခတ်တာ မလုပ်ရဘူးလို့ သဘောတူခဲ့ကြပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ အောင်ပွဲကြီးရလိုက်တာပါပဲ။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို ရဲရင့်ညီညွတ်မှုရှိရင် တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းတိုက်ခိုက် အောင်ပွဲရနိုင်ပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဟာ NUG အစိုးရအဖွဲ့ မျှော်မှန်းတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းရေးရဲ့ အမြုတေစံနမူနာဖြစ်ပါတယ်။ တပြည်လုံးမှာရှိတဲ့ စစ်အာဏာရှင်စနစ်ကို မြေမြှုပ်ပစ်မယ့်  ပြည်သူတရပ်လုံးအနေနဲ့ လေ့လာအတုယူကြရပါလိမ့်မယ်။

CDF ကို အတုယူလေ့လာကြ။

အရေးတော်ပုံ အောင်ရမည်။

မင်းရဲကျော်စွာ

6 hours Ago

ကနီမြို့နယ် အိုင်တောင်ကျေးရွာနှင့် ရွှေစာရေးအနီး တိုက်ပွဲဖြစ်

ကနီမြို့နယ် အိုင်တောင်ကျေးရွာနဲ့ ရွှေစာရေးအနီးမှာ ဒီကနေ့ မေ ၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အိုင်တောင်ပြည်‌သူတွေဆီကနေ သိရပါတယ်။

“သူတို့ဘက်က အရင်စပစ်တာ။ ကျနော်တို့က ဒေသလုံခြုံအောင် ကင်းစောင့်နေတာပါ။ ဒလံက သတင်းပေးတာကြောင့် ကျနော်တို့ကို သူတို့က အရင်ပစ်တာပါ။‌ အောင်စုမွန် အမည်ပါ စက်လှေ ၂ စီး၊ အခြားမော်တော် ၃ စီး၊ စုစုပေါင်း ၅ စီးနဲ့ ချင်းတွင်းမြစ်အတိုင်း ဆန်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်။ သူတို့ပစ်လို့ ကျနော်တို့လည်း ပြန်ပစ်တယ်။ အချိန်က နာရီဝက်လောက်တော့ ကြာမယ်။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိ၊ နောက်ဆုတ်ပေးထားတယ်” လို့ တိုက်ပွဲအတွင်းမှာ ပါဝင်တဲ့ ပြည်သူ့စစ်သားက ပြောပါတယ်။

ကနီမြို့နယ်အတွင်း လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေကာ စစ်ကောင်စီက ကျေးရွာအတွင်းက နေအိမ်တွေမှာ ရှာဖွေမှုတွေ အပြင်းထန်ပြုလုပ်နေပြီး ရှာတဲ့ပစ္စည်း မတွေ့ပါက ဒေသခံတွေရဲ့ပစ္စည်းတွေ ဖျက်ဆီးပစ်တာတို့၊ ယူဆောင်သွားတာတို့ လုပ်ဆောင်နေကြပါတယ်။

7 hours Ago

စစ်ကိုင်းပညာရေးတက္ကသိုလ်ဆရာ/ဆရာမ ၁၅၆ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်း

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေး CDM လုပ်တဲ့ စစ်ကိုင်းမြို့ စစ်ကိုင်းပညာရေးတက္ကသိုလ်က ပါမောက္ခတွေ၊ နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမတွေ စုစုပေါင်း ၁၅၆  ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

 တာဝန်ရပ်ဆိုင်းစာကိုတော့ ၂၀၂၁ ခုနှစ် မေ  ၆ ရက်မှာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်က လက်မှတ်ထိုးထုတ်ပြန်ခဲ့တာပါ။

7 hours Ago

ကညွှတ်ကွင်းမြို့ တွင် အသံဗုံးပေါက်ကွဲ

ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ကျွန်းတော (၂) လမ်းက နေအိမ်ခြံဝင်းနားမှာ မေ ၈ ရက် ည ၁၁ နာရီခွဲလောက်က အသံဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ပေါက်ကွဲမှုမဖြစ်ခင် မြို့တွင်း ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို စစ်ဆေးခဲ့တာကြောင့်  အခုပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်က လုပ်တာဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောနေပါတယ်။

ဗုံးပေါက်ချိန်ဟာ ပြည်သူတွေ လမ်းပေါ် သွားလာရဲတဲ့အချိန် မဟုတ်သလို ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတချို့ဟာ ပေါက်ကွဲတဲ့လမ်းဘက်ကနေ ထွက်လာတာကို တွေ့ရှိသူတွေလည်း ရှိခဲ့ပါတယ်။

ဗုံးပေါက်ရာ နေရာရောက်လာတဲ့ ရဲတချို့ဟာ အဲဒီနေရာက တွေ့ရတဲ့ ပစ္စည်းတွေဟုဆိုကာ လက်ဖက်ရည်ဆိုင်နဲ့ ရင်းနှီးသူတွေကို ပြသပြီး ဝါဒဖြန့်နေတယ်လို့လည်း ပြည်သူတွေက ပြောပါတယ်။

လတ်တလောမှာတော့ အခုကိစ္စကို အကြောင်းပြုပြီး နေအိမ်တွေကို ရှာဖွေတာ ဖမ်းဆီးတာတွေလည်း လုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်နေရပါတယ်။

7 hours Ago

ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း ဆန္ဒပြပြီးအပြန် ပစ်ခတ်ခံရ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၁၁၉ လမ်း၊ ၆၃ လမ်း နဲ့ ၆၄ ကြားမှာ မေလ ၉ ရက်နေ့ မနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများစစ်ကြောင်း ဆန္ဒပြအပြီးအပြန် အရပ်ဝတ်တွေနဲ့ လိုက်လံပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ အိမ်စီးကားနဲ့ လိုက်လံပစ်ခတ်တာ ဖြစ်ပြီး ပြည်သူတွေရဲ့ အိမ်စီးကားတစ်စီး ကျည်ထိမှန်ခဲ့ပါတယ်။

“Mark2 နဲ့ လိုက်လာပြီး ကျနော်တို့ကို ကျော်တက်ပြီးတာနဲ့ သေနတ်တွေနဲ့ ဆင်းပစ်တာ။ ကျနော်တို့အဖွဲ့က ကား ၃ စီး၊ ကျနော်တို့ကားက ရှေ့ဆုံးက။ သူတို့ကပိတ်တော့ ဘေးကနေ ဖြတ်မောင်းတာ ကျနော်တို့က လွတ်တယ်။ နောက်က Alphard က ပြန်လှည့်တာ။  ဒါကို တရစပ်ပစ်တယ်” လို့ ကိုယ်တိုင်ကြုံတွေ့သူ လူငယ်တစ်ဦးက ပြောပါတယ်။

ဒီလိုပစ်ခတ်ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကတော့ ပြည်ကြီးတံခွန်မြို့မရဲစခန်းထဲ အိမ်စီးကားနဲ့ ဝင်သွားတယ်လို့ သိရပါတယ်။

8 hours Ago

ငါန်းဇွန်မြို့က NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက် ငါန်းဇွန်ဈေးအနီးနေတဲ့ NLD ပါတီဝင် ၁ ဦး မေ ၈ ရက် ည ၉ နာရီကျော်လောက်က ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ကိုနိုင်လင်းဟာ ငါးဇွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခိုင်မြဲ ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။

ကိုနိုင်လင်းကို မေးစရာရှိတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လူတွေက လာရောက် ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

8 hours Ago

ပေါင်မြို့နယ်က စစ်အာဏာရှင် တော်လှန်ရေးဆိုင်ကယ်သပိတ်

မွန်ပြည်နယ်  ပေါင်မြို့နယ် တောင်ရှေ့ပိုင်းက ပြည်သူတွေဟာ မေ ၉ ရက် မနက်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ဆိုင်ကယ်သပိတ်လုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပေါင်မြို့နယ် တောင်ရှေ့ပိုင်းမှာတော့ ကရင်တိုင်းရင်းသား အများစု နေထိုင်ကြတာဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို သပိတ်မျိုးစုံလုပ်ပြီး နေ့စဉ်ရက်ဆက် တော်လှန်နေ ကြပါတယ်။

8 hours Ago

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး သပိတ်စစ်ကြောင်းများ ပူးပေါင်းချီတက်ဆန္ဒပြ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ မေ ၉ ရက်နေ့က မန္တလေးအခြေစိုက် တကသများ သပိတ်စစ်ကြောင်း၊ အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုစစ်ကြောင်းနဲ့ သမဝါယမတက္ကသိုလ် ကျောင်းသား ကျောင်းသူများ စစ်ကြောင်းတို့ ပေါင်းပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

9 hours Ago

ကိုဗစ်ကာကွယ်ဆေး မူပိုင်ခွင့်ငြင်းဆန်မှုအပေါ် ပုပ်ဖရန်စစ် ထောက်ခံ

ဂျာမနီအပါအ၀င် တချို့ဥရောပနိုင်ငံများက လက်ခံကြပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အဆိုပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အသိဉာဏ်မူပိုင်ခွင့် ငြင်းဆန်ကြခြင်းကို ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က မေ ၈ ရက်မှာ ထောက်ခံအားပေးလိုက်ပါတယ်။ 

ကမ္ဘာပေါ်မှာ coronavirus ကြောင့် သေဆုံးခဲ့ရတဲ့ လူပေါင်းများစွာကို အမှတ်ရပေးပြီး တို့တွေဟာ ဈေးကွက်ဥပဒေတွေ၊ အသိဉာဏ်ပစ္စည်းဈေးကွက်တွေ၊ အသိဉာဏ်မူပိုင်ခွင့်တွေပေါ်မှာ လူသားတွေကျန်းမာရေးနဲ့ ချစ်ခြင်းမေတ္တာအတွက် ပိုထာရှိးရမယ်လို့လည်း ဆိုပါတယ်။

 ကာကွယ်ဆေးများ တရားမျှတစွာ ရယူသုံးစွဲနိုင်ရေး မြှင့်တင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ ရှာဖွေရေးပွဲမှာ ဗွီဒီယိုမက်ဆေ့ခ်ျ ပေးပို့လာတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းထဲမှာ  ကမ္ဘာကြီးဟာ လူတဦးတယောက်ချင်းဆီကနေ ဗိုင်းရပ်စ်တွေ ကူးစက်ခံထားနေရပြီလို့ ထည့်သွင်းပြောကြား သွားပါတယ်။ 

ပုပ်ရဟန်းမင်းကြီးရဲ့မိန့်ခွန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် မူပိုင်ခွင့်ကာကွယ်မှုကို စွန့်လွှတ်သင့်၊ မသင့် နဲ့ပတ်သက်ပြီး ဆေးဝါးကုမ္ပဏီတွေ ဆွေးနွေးငြင်းခုံနေကြချိန်မှာ ပြောကြား လာတာပါ။ 

ဒီကိစ္စကို ကျောထောက်နောက်ခံပြု ဆောင်ရွက်နေတဲ့ သမ္မတ ဘိုင်ဒန်ဆီ အိန္ဒိယ၊ တောင်အာဖရိကနှင့်တခြားနိုင်ငံ ၁၀၀ ကျော်မှ ဖုန်းခေါ်ဆိုလာကြပါတယ်။ 

ဒါပေမယ့် ဂျာမနီနှင့်ပြင်သစ်တို့ ဦးဆောင်တဲ့ ဥရောပနိုင်ငံတွေကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အဆုံးသတ်ဖို့ အဓိက သော့ချက်ဟာ ကာကွယ်ဆေးတွေကို မြန်မြန်ထုတ်လုပ် မြန်မြန်ဝေမျှရေးသာ ဖြစ်တယ်လို့ ပြောပါတယ်။ 

9 hours Ago

ကဘူးလ်တွင် ကားဗုံးပေါက်မှုကြောင့် လူ ၅၅ ဦး သေဆုံး

အာဖဂန်မြို့တော် ကဘူးလ်မှာ မေ ၈ ရက်က ကားဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အထက်တန်းကျောင်းတကျောင်းရဲ့ အပြင်က မော်တော်ကားတွေလည်း ပေါက်ကွဲပြီး အနည်းဆုံးလူ ၅၅ ဦး သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 

သေဆုံးသူအများစုဟာ ဆေယဒ်အူလ်ရှူဟာဒါ အထက်တန်းကျောင်းက ကျောင်းသား တွေဖြစ်ပြီး အများစုက  ပြင်းထန်စွာ ဒဏ်ရာရရှိလို့ ဆေးရုံမှာ တင်ထားတယ် လို့ လုံခြုံရေးအရာရှိ တစ်ဦးက ရိုက်တာကို ပြောပါတယ်။ 

အနီးအနားက ဆေးရုံတစ်ခုမှာ ဒဏ်ရာရ ကျောင်းသားများကို ဝန်ထမ်းတွေက လှည်းတွေနဲ့ ပို့ပေးခဲ့ရပြီး စိတ်ပူနေကြတဲ့ မိဘဆွေမျိုးတွေက သူတို့ရဲ့ သားသမီးတွေကို လာရှာခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

ဆေယဒ် အူလ် ရှူဟာဒါ အထက်တန်းကျောင်းမှာ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေဟာ အုပ်စု ၃ စုခွဲပြီး တလှည့်စီ စာသင်ကြရတာပါ။ 

အခု ဒုတိယတအသုတ် စာသင်ရတဲ့ ကျောင်းသူတွေအလှည့်မှာ ပေါက်ကွဲမှုဖြစ်တာလို့ ပညာရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျီဘာအရီယန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

ဒဏ်ရာရသူ အများစုမှာ ကျောင်းသူတွေဖြစ်ပြီး စနေနေ့တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ခံပြောဆိုမှု မရှိသေးဘူးလို့ အာဖဂန်သမ္မတ အာ့ရှ်ရဖှ်ဂါနီက ဒီတိုက်ခိုက်မှုအပေါ် တာလီဘန်သူပုန်တွေကို အပြစ်တင်ထားပါတယ်။ 

တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာ မူဂျာဟစ်ကတော့ သူတို့အဖွဲ့ မလုပ်ဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။ 

ပြီးခဲ့တဲ့လက ဝါရှင်တန်အစိုးရဟာ စက်တင်ဘာ ၁၁ ရက်မှာ အမေရိကန်တပ်ဖွဲ့အားလုံးကို ရုတ်သိမ်းသွားတော့ဖို့ ကြေညာလိုက်ပြီးကတည်းက တာလီဘန်တွေဟာ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ တိုးမြှင့်ခဲ့တယ်လို့ အာဖဂန် တာဝန်ရှိသူတွေ ပြောကြားထားပြီး မြို့တော်ကဘူးလ်ကိုလည်း လုံခြုံရေးအမြင့်ဆုံး တိုးမြှင့် တပ်လှန့်ထားပါတယ်။ 

9 hours Ago

ကိုဗစ်-၁၉ ထုတ်လုပ်မှု မူပိုင်ခွင့်ကိစ္စစွန့်လွှတ်ရန် အမေရိကန်နှင့်အခြားနိုင်ငံများကို ဥရောပ ကော်မရှင် သတိပေး

အမေရိကန်နဲ့ အခြား ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေအနေနဲ့ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စွန့်လွှတ်ဖို့ကိစ္စ ဆွေးနွေးနေကြတာထက် ဥရောပသမဂ္ဂက လုပ်သလို ကာကွယ်ဆေးတွေ တင်ပို့တာကိုပဲ လုပ်ဆောင်ဖို့ မေ ၇ ရက်မှာ ဥရောပကော်မရှင်က ပြောကြားလိုက်ပါတယ်။ 

မူပိုင်ခွင့်စွန့်လွှတ်ဖို့ကိစ္စ ဆွေးနွေးနေကြတာဟာ ကာလတို-ကာလလတ်မှာ ကိုဗစ်-၁၉ ဆေးတစ်လုံး ထိုးစာကိုတောင် ထုတ်လုပ်ပေးမှာ မဟုတ်ဘူးလို့ ကော်မရှင်အကြီးအကဲ အာဆူလာ ဖွန် ဒယ်လေယန်က အီးယူခေါင်းဆောင်များ ထိပ်သီးညီလာခံရဲ့ ပြင်ပ သတင်းအစည်းအဝေးမှာ ပြောသွားတာပါ။ 

ဥရောပသမဂ္ဂဟာ ကမ္ဘာပေါ်မှာ အကြီးအကျယ်တင်ပို့နေတဲ့ တစ်ခုတည်းသော တိုက်ကြီး သို့မဟုတ် ဒီမိုကရေစီဒေသဖြစ်တယ်လို့ ဖွန်ဒါလေယန်က ပြောကြားပါတယ်။ 

ဥရောပက ထုတ်လုပ်တဲ့ coronavirus ကာကွယ်ဆေးရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျောထောက်နောက်ခံပြုထားသော COVAX အစီအစဉ်ထဲက နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၉၀ နီးပါးကို တင်ပို့တယ်လို့လည်း ပြောပါတယ်။

 ထုတ်လုပ်မှုမြင့်မားခြင်း၊ ပို့ကုန်အတားအဆီးများကို ဖယ်ရှားခြင်းနဲ့ ကြိုတင်မှာယူထားတဲ့ ကာကွယ်ဆေးတွေကို မျှဝေခြင်းတွေကသာ ကူးစက်ရောဂါကို မြန်မြန်ဆန်ဆန် တိုက်ဖျက်နိုင်ဖို့ ချက်ချင်း ကူညီပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ 

ကာလတိုနဲ့ အလယ်အလတ်ကာလမှာ လိုအပ်ချက် ပထမဆုံးက ကာကွယ်ဆေး ဝေမျှခြင်းဖြစ်ပြီး ဒုတိယ ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေ တင်ပို့ခြင်းနဲ့ တတိယအချက်ကတော့ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း တိုးမြှင့်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလို့ ပြောပါတယ်။

ဥရောပသမဂ္ဂဟာ ကာကွယ်ဆေး ခွဲဝေရေးစနစ်ကို စတင်ခဲ့တာကို အနောက်ဘော်လ်ကန်ဒေသဆီ ဆေးပမာဏ ၆၁၅,၀၀၀ ပေးပို့ခဲ့တာကို ဥပမာပေး ပြောသွားပါတယ်။

9 hours Ago

မိုးကုတ်တွင် ဆယ်အိမ်မှူးအပါအဝင် ပြည်သူ ၁၁ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက မင်းတံတားအုပ်စု ဆယ်အိမ်မှူးအပါအဝင် ပြည်သူ ၁၁ဦးကို  မေလ ၈ ရက်နေ့က နေအိမ်တွေမှာ လိုက်လံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတံတား ရပ်ကွက်မှာ နေ့ခင်းဘက်ကနေ အကြမ်းဖက်စစ်အုပ်စုက နေအိမ်တွေမှာ လိုက်လံစစ်ဆေးပြီး မိန်းကလေး ၁ ဦးနဲ့ ယောကျာ်းလေး ၄ ဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဖုန်းထဲမှာ ဆန္ဒပြတဲ့ပုံတွေ တွေ့တာကြောင့် ဖမ်းသွားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း လူးထရပ်ကွက်က အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးကိုတော့ နေအိမ်မှာလာရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ကျောက်ဖားရပ်ကွက်က ဆီဆိုင်ပိုင်ရှင်နဲ့ ကသဲတောင်ကုန်းက မိန်းကလေး ၂ ဦးကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်တွေထဲ၊ အိမ်တွေထဲထိ လိုက်လံစစ်ဆေးပြီးတော့ လာရောက်ရှာဖွေတဲ့သူ မတွေ့ပါက အိမ်မှာရှိတဲ့မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

9 hours Ago

ရတနာပုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူ ပူးပေါင်းပြီး စစ်အာဏာရှင် စနစ်ပြုတ်ကျရေး ချီတက်ဆန္ဒပြ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မေ ၉ ရက် မနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူလူထု ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကြောင်းမှာပါတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေဟာ အာဏာသိမ်းစစ်ကောင်စီက အသက်သွင်းနေတဲ့ စစ်ကျွန်ပညာရေးစနစ်အောက်မှာ ပညာမသင်လိုတဲ့အတွက် သပိတ်မှောက်ထားကြပါတယ်။

10 hours Ago

ပုလဲသပိတ်ဦးဆောင်သူတစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ဦးဆောင်သူတစ်ဦး မေလ ၈ ရက်နေ့ ညက ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

“မနေ့ညက ၉ နာရီလောက်မှာ ဖမ်းဆီးခံရတယ်။ သူ ပုလဲသပိတ် ဦးဆောင်ထဲ ပါတယ်။ အခု ဖမ်းခံရတာ ကိုဇော်ထွန်းပါ။ သူက ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ အရင် ကဗျာတွေ ရေးတယ်။ သူ့ရဲ့ကလောင်အမည်က ခက်သီပါ။ သူ့ကို ရွှေဘိုမှာ ဖမ်းဆီးခံရတယ်” လို့ ကဗျာဆရာ ကိုခက်သီရဲ့သူငယ်ချင်းက ပြောပါတယ်။

10 hours Ago

ဂျပန်ရောက်မြန်မာများ၏ Try togeter at Japan အဖွဲ့ လှုပ်ရှားမှု

မြန်မာနိုင်ငံအခြေအနေအကြောင်းကို ဂျပန်ပြည်သူတွေ ပိုပြီး သိလာစေဖို့ ဂျပန်ရောက်မြန်မာတွေရဲ့ Try togeter at Japan အဖွဲ့က အပတ်စဥ် လှုပ်ရှားနေပါတယ်။

"ကျနော်တို့ TTAJ အဖွဲ့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြောင်းရေးသားထားတဲ့ pamphlets နဲ့ Pocket Tissues တွေကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိနားလည်လာစေဖို့၊ ဂျပန် အစိုးရက ဖိအားပေးကူညီလာစေဖို့ ရည်ရွယ်ပြီးတော့ လူစည်ကားတဲ့ ဘူတာကြီးတွေမှာ အပတ်စဉ် ဝေငှနေပါတယ်။  ဒီတပတ်ရဲ့ လှုပ်ရှားမှုကိုတော့ ဒီနေ့ (မေ ၈ ရက် က) တိုကျို၊ ရှင်းကိုအိဝ ဘူတာမှာ ပြုလုပ်ခဲ့ပါတယ်" လို့ ပါဝင်သူတယောက်က ပြောပါတယ်။

10 hours Ago
More News
Up