ဆောင်းပါး

May 24, 2022

ဘီလူးစီးခံရတဲ့ အ‌ကြောင်းတရားချင်းမတူတဲ့ ဝေသာလီပြည်နဲ့ ရွှေဝါပြည်

ပြီးခဲ့တဲ့ မေလ ၂၃ ရက် ဒီဗွီဘီသတင်းထဲမှာ အကြမ်းဖက်အာဏာလုစစ်ဘီလူးတွေဟာ နိုင်ငံတဝန်း ပြီးခဲ့တဲ့ သီတင်း ၁ ပတ်တာအတွင်းမှာတင် အကြမ်းဖက်ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အပါအဝင် လူမဆန်တဲ့ စစ်ရာဇဝတ်ပြစ်မှုပေါင်း ၁၁၀ မှုအထိတောင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ သတင်းကို ဖတ်ရှုခဲ့ရပါတယ်။ 

ရွှေရောင်ပုထိုးတွေ အနှံ့အပြားရှိတဲ့ နိုင်ငံမို့ အင်္ဂလိပ်လို Golden Land မြန်မာလို ရွှေဝါပြည်လို့ တင်စားကြရတဲ့ မြန်မာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ရောဂန္တရကပ်ကြီး ကျရောက်နှိပ်စက်ခြင်း ခံခဲ့ရတဲ့အပြင် ဒီကနေ့အချိန်မှာ ရက်စက်ကြမ်းကြုတ်လှတဲ့ မိစ္ဆာစစ်ဘီလူး သဘက်တွေ ညှဉ်းဆဲ သတ်ဖြတ်ခံရမှုဆိုတဲ့ ဘီလူးအစီးခံခဲ့ရတာ ရက်ပေါင်း ၄၇၇ ရက် ကျော်ခဲ့ပါပြီ။ 

ဒါကြောင့်မို့လို့ သံဃသမဂ္ဂ ရဟန်းတော်အရှင်သူမြတ်တွေဟာ မြန်မာပြည်ကြီး စစ်ကျွန်ကနေ လွတ်​မြောက်ဖို့ တိုက်ပွဲဝင်နေကြတဲ့ ကဏ္ဍအသီးသီးက တော်လှန်ရေးတပ်သားတွေ၊​ အကျဥ်းထောင်ထဲက ပြည်သူလူထုနဲ့ ရဲ​ဘော်​တွေ၊ ပြည်သူ့ကာကွယ်‌ရေးတပ်သား PDF ရဲဘော်တွေ၊ တိုင်းရင်းသားပြည်သူ​တွေ ကျန်းမာပြီး စစ်ဘီလူးသဘက်တွေရဲ့ ဘေးအန္တရာယ်ကနေ လွတ်မြောက်ကင်းရှင်းပါစေဖို့ နေ့စဉ်ရက်ဆက် ပရိတ်ရွတ် မေတ္တာပို့ ပေးနေကြဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အဖြစ်အပျက်မှာ အလားသဏ္ဌာန်တူသယောင်ရှိတဲ့ သမိုင်းအဖြစ်အပျက် မှတ်တမ်းကတော့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလ လိစ္ဆဝီမင်းသားတွေ အုပ်ချုပ်တဲ့ ဝေသာလီပြည်ကြီးမှာလည်း ကပ်ဆိုက်တာကနေ မိုးခေါင်ရေရှားပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းဖြစ်လို့ လူတွေ အစုလိုက်အပြုံလိုက် သေကြပြီး တမြို့လုံး အပုပ်နံ့တွေထွက် လေတိုက်တိုင်းပါလာတဲ့ အပုပ်နံ့တွေကြောင့် ဘီလူးတွေ မကောင်းဆိုးဝါးတွေ ရောက်လာကြပြီး ဝေသာလီပြည်ကြီးဟာ ဘီလူးစီးတာခံရတယ်ဆိုတဲ့ ဗုဒ္ဓစာပေမှတ်တမ်းပဲ ဖြစ်ပါတယ်။ 

အဲဒီကပ်ဆိုးကြီးကနေ လွတ်မြောက်ဖို့ လိစ္ဆဝီမင်းသားတွေဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးတော်မူနေတဲ့ ဗုဒ္ဓဘုရားကို ပင့်ဖိတ်လျှောက်ထားခဲ့ကြတာမို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဝေသာလီပြည်ကို ဘေးဆိုးအန္တရာယ်ဆိုးက‌နေ ကယ်တင်နိုင်ဖို့ ညီတော် အာနန္ဒာမထေရ်မြတ်ကို ရတနသုတ် ဟောကြားတော်မူပြီး နှုတ်တိုက်ပို့ချလို့ ဝေသာလီပြည်ရဲ့ မြို့ရိုးသုံးခုကြား ညဉ့်သုံးယံပတ်လုံး ရတနသုတ်ကို ဖတ်ရွတ်တော်မူ‌စေခဲ့ပါသတဲ့။ 

အာနန္ဒာမထေရ်မြတ်နဲ့ သံဃာတော်တွေ ရွတ်ဖတ်ကြတဲ့ ရတနသုတ်ကို နာကြားဖို့ နတ်မြတ်နတ်ကောင်းတွေ ကြွရောက်လာတဲ့အပြင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဝေသာလီပြည်ကို ကြွရောက်လာခဲ့ပြီး ပေါက္ခရဝဿမိုးကြီး သည်းထန်စွာ ရွာချ‌လာခဲ့တာကြောင့် လူသေအပုပ်တွေလည်း မိုးရေနဲ့အတူ ဂင်္ဂါမြစ်ထဲ မျောပါရှင်းလင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးဂုဏ်ဖော်ကျူးလို့ သစ္စာဆိုတဲ့ ရတနသုတ်ပရိတ် တန်ခိုးတော်ကြောင့် ရောဂါဘေး(ရောဂန္တရကပ်)၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းဘေး (ဒုဗ္ဘိကန္တရကပ်)၊ အမနုဿ‌ဘေး လက်နက်ဘေး (သတ္ထန္တရကပ်) စတဲ့ ကပ်ကြီး ၃ ပါးက ကင်လွတ်ချမ်းသာရာရသွားခဲ့ပါတယ်။

ဒီနေရာမှာ ဘီလူးစီးခံရတဲ့သ‌ဘောချင်းတူတဲ့ ဝေသာလီပြည်နဲ့ ရွှေဝါပြည် (မြန်မာပြည်)ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခြေခံအကြောင်းတရားတွေ မတူတာကို အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ 

၁) ဝေသာလီပြည်ကိုစီးတဲ့ ဘီလူးတွေဟာ လူသားမဟုတ်တဲ့ အမနုဿ ဘီလူး သဘက်တွေ ဖြစ်ပြီး ရွှေဝါပြည်(မြန်မာပြည်) စီးပြီး ဒုက္ခပေးနေကြတဲ့ ဘီလူးတွေဟာ မနုဿလူသား စစ်ဘီလူး သဘက်တွေ ဖြစ်ခြင်း။

၂) ဝေသာလီပြည်မှာ ကပ်ကြီး ၃ ပါးဘေးက လွတ်မြောက်စေခဲ့တာဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်နဲ့ သံဃာတော်အရှင်သူမြတ်တွေ ကာကွယ်ပေးခဲ့ကြတာဖြစ်ပေမဲ့ ရွှေဝါပြည် (မြန်မာပြည်) ကို စစ်ဘီလူးတွေစီးဖို့ တိုက်တွန်းအားပေးခဲ့တာ ဘုရားသင်္ကန်းတော်ရုံထားတဲ့ သီတဂူ ဘုန်းကြီးအပါအဝင် မဘသဘုန်းကြီး ဆိုသူတွေ ဖြစ်ပါတယ်။

အဓမ္မကို အားပေးတော်မမူတဲ့ ငြိမ်းချမ်းရေးနဲ့ သတ္တဝါတွေရဲ့ ကောင်းကျိုးကိုသာ လိုလားတော်မူတဲ့ သုံးလူ့ထွဋ်ထား မြတ်စွာဘုရားသခင်ရဲ့ သင်္ကန်းတော်ကိုခြုံပြီး လာဘ်လာဘနဲ့ ဂုဏ်ထူးအဆောင်အယောင် မက်မောတာမို့ ဘီလူးသဘက်တွေလို ခက်ထန်ကြမ်းကြုတ် ရက်စက်ကြတဲ့ အဓမ္မဝါဒီ စစ်အခွင့်ထူးခံ သူခိုးဓားပြတွေကို ဖျောင်းဖျနားချ တရားပြရမယ့်အစား၊ အများပြည်သူတွေကို ကပ်ဘေးတွေသင့်အောင် အသတ်အဖြတ်ခံရအောင်၊ အိမ်ရာတွေ မီးရှို့ အဖျက်အဆီးခံရအောင် အာဏာလုယူဖို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အားပေးအားမြှောက်ပြုပြီး အကုသိုလ်အမှုကို ကျုးလွန်ခဲ့ကြတာ ဖြစ်တယ်။

တနည်းအားဖြင့်ဆိုရရင် ဘုရားရှင်ရဲ့ အဆုံးအမကို ဆန့်ကျင်ပြီး မကောင်းမှုပြုခဲ့ကြတာမို့ အသားပုပ် ငါးပုပ်ပမာတူတဲ့ ဘီလူးသဘက်ယုတ်တွေနဲ့ ပေါင်းထုပ်ခဲ့ကြတာမို့ အပုပ်နံ့တွေ ကူးစက်ခံရရုံမက သူတို့ရဲ့အလုပ် ၃ ပါးကံတွေလည်း ပုပ်သိုးပြီး ပြည်သူ့ကျိန်စာသင့်ခံရတာမို့ လူတောမတိုးနိုင်တော့မဲ့အပြင် မကောင်းတဲ့လားရာများမှာ မိမိပြုတဲ့ကံအကျိုးဆက်တွေကို ပေးဆပ်ကြရအုံးမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံသားတွေနဲ့ သိတတ်နားလည်ကြတဲ့ လူထုသံဃာတော်တွေ၊ တိုင်းရင်းသား မိဘပြည်သူတွေအနေနဲ့ကတော့ ရွှေဝါပြည်ကို ကုပ်ခွစီးပြီး ဒုက္ခအဖုံဖုံပေးနေတဲ့ စစ်မိစ္ဆာ ဘီလူးသဘက်တွေကို ပြည်ထောင်စုရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်တော်လှန်‌ရေး ပေါက္ခရဝဿမိုးကြီး ရွာချလို့ ရှင်းလင်းပစ်နိုင်အောင် ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းချေမှုန်းကြဖို့မှတပါး အခြားမရှိတော့ပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

15 hours Ago

May 23, 2022

လိုင်ဇာဒိုင်ယာရီ

၂၀၁၃ ဇန်နဝါရီမှာ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းနဲ့ ရှေ့တန်းစခန်းနေရာတွေကို မီဒီယာသမားတွေနဲ့ အတူသွားခဲ့တုန်းက အကြောင်းအရာတွေကို ဒိုင်ယာရီ ရေးသလို ချရေးခဲ့ဖူးပါတယ်။ ဆယ်နှစ်နီးပါးရှိလာပေမယ့် အခြေအနေတွေက မထူးခြားသေးတဲ့အပြင် စစ်ပွဲတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေသာ ပိုများလာခဲ့ပါတယ်။ စစ်ပွဲတွေကြားမှာ ဒုက္ခရောက်နေကြရတဲ့ မိအိုဖအိုတွေ၊ လူမမည်ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ လူငယ် လူရွယ်တွေရဲ့ ဘ၀ကို စာနာမှုပွားနိုင်စေရန် ရည်ရွယ်ပြီး လိုင်ဇာဒိုင်ယာရီကို ထပ်မံဖော်ပြဖြစ်ပါတယ်။

ဝတ္ထုတိုတွေ၊ ကဗျာတွေ ရေးရတာဟာ ကျမအတွက်တော့ ကိုယ့်နှလုံးသားပေါ်ကိုယ် နင်းလျှောက်ရသလို၊ ကိုယ့်အနာကိုယ် လျှာနဲ့လျက်နေရသလိုပါပဲ တကိုယ်ရေဆန်လွန်းလှတယ်။

ဒီဘက်နှစ်အတော်များများမှာတော့ သူများနှလုံးသားတွေပေါ် နင်းလျှောက်ရင်း သူတို့ နာကျင်မှုတွေကို ဝေမျှခံစားရင်း ကိုယ့်အနာကိုယ် မေ့လျော့နေတတ်ခဲ့ပြီ။ ဒီလိုနဲ့ သူများ နှလုံးသားတွေပေါ် နင်းလျှောက်ရင်း ခရီးအတော်များများသွားဖြစ်ခဲ့တယ်။

မန္တလေး-မူဆယ်လမ်းပေါ်က တောင်တက်လမ်းတွေဟာ ပြီးခဲ့တဲ့ အခေါက်တွေကနဲ့ မတူတော့ဘဲ ခြောက်ခြောက်သွေ့သွေ့ရှိလှတယ်။ ပန်းရိုင်းဝါဝါလေး တစ်ပွင့်စ နှစ်ပွင့်စမှ မတွေ့ရတော့သလို ကျောက်တောင်တွေပေါ်မှာ ပေါက်တတ်တဲ့ မြက်ရိုင်းပင်တွေတောင်မှ ခါတိုင်းလို ငွေရောင်သားမြီးယပ် တဖွားဖွားနဲ့ နေရောင်မှာ မတင့်တယ်နိုင်တော့ဘူး၊ ဖုန်တသောသောထလို့ အိုမင်း အကျည်းတန်နေလိုက်တာ….။

“နမ့်ဖတ်ကာ” ကျော်လို့ မူဆယ်မြို့အဝင်မှာ ဖုန်တထောင်းထောင်းကြား တန်းစီနေတဲ့ ကုန်ကားတန်းကြီးကို တွေ့လိုက်ရတော့၊ ယာဉ်ကြောပိတ်ဆို့မှု တနေ့တခြား ဆိုးဝါးလာတဲ့ ရန်ကုန်ကို သတိရမိတယ်။

မူဆယ်ကနေ ပထမဆုံးသွားရမယ့် အနီးဆုံးစခန်းဖြစ်တဲ့ “မန်ဝိန်းကြီး” ကို ထွက်ခဲ့ကြတယ်။ “မန်ဝိန်းကြီး”မြို့ဟာ တကယ်တော့ တောစျေးမြို့ကလေးပါပဲ။ တိုက်ပွဲတွေမဖြစ်ခင်ကဆိုရင်တော့ အရောင်းအဝယ်စည်ပင်တဲ့ နယ်စပ်မြို့ကလေး ဖြစ်တယ်လို့ ဆိုကြတယ်။ ကျမတို့ ရောက်ခဲ့တဲ့အချိန်ကလည်း ဈေးဆိုင်တန်းကလေးတွေနဲ့ ဈေးဝယ်တွေနဲ့ ဖြိုးတိုးဖြောက်တောက်တော့ စည်နေတုန်းပါပဲ။ 

ရောက်သွားတဲ့ ညနေစောင်းမှာပဲ စခန်းတာဝန်ခံတွေကို သွားတွေ့ကြပြီး ညဘက်မှာ စစ်ဘေးရှောင်လာကြသူတွေနဲ့ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ညဦးပိုင်း တွေ့ဆုံပွဲကို လာကြတဲ့သူ အများစုကတော့ ပုစုခရုတွေ၊ ကလေးနောက်ကျောပိုးပြီးလာကြတဲ့ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ များပါတယ်။ ဇန်နဝါရီလထဲ ဖြစ်တဲ့အပြင် အအေးလှိုင်းဖြတ်တာကြောင့် အအေးဓာတ်ကလည်း သည်းသည်းထန်ထန် ပိုနေတုန်းပါပဲ။ အမိုး အကာ မလုံမလဲနဲ့ ယာယီတဲငယ်လေးတွေထဲမှာ အဲဒီအအေးဒဏ်ကို သူတို့ ဘယ်လိုများ ကြံ့ကြံ့ခံနေကြပါလိမ့်...။ 

ပြင်းထန်ဆိုးဝါးတဲ့ ရာသီဥတုဒဏ်၊ စားဝတ်နေရေးကျပ်တည်းတဲ့ဒဏ်အပြင်၊ စစ်ဘေးဒဏ် လွတ်ရာကို သားသမီးငယ်တွေ မိအိုဖအိုတွေကို ဆွဲပြီး ပြေးလွှားကြရတဲ့ ဒီဒေသကလူတွေရဲ့ ခံနိုင်ရည်ဟာ အံ့မခန်းပါပဲ။ 

တချို့က လွတ်ရာကျွတ်ရာဆိုပြီး တဘက်နိုင်ငံထဲ ဝင်ပြေးကြတယ်။ ဒါပေမဲ့ တဘက်နိုင်ငံက အာဏာပိုင်တွေက နှင်ထုတ်လိုက်တဲ့အခါမှာ ပြေးစရာမြေမရှိ ဖြစ်ကြရပြန်တယ်။ ဒီလိုနဲ့ ဒေသခံ ဘာသာရေးခေါင်းဆောင်တွေက ကမကထပြုပြီး “ဒုက္ခသည်”စခန်းတွေ ဖွင့်လို့ ကူညီစောင့်ရှောက်ကြပေးကြပါတယ်။ ဒုက္ခတွေ တနင့်တပိုး သယ်ပိုးထားရတဲ့အထဲ “ဒုက္ခသည်”ဆိုတဲ့ အသုံးအနှုန်းက သူတို့ကို စိတ်ဖိစီးမှုဖြစ်စေတယ် ထင်လို့ တတ်နိုင်သမျှ အဲဒီအသုံးအနှုန်းကို ရှောင်ပြီး သုံးမိတယ်။

အများစုက စစ်ပွဲကို အမြန်ဆုံးရပ်စေချင်ပြီး အိမ်ပြန်ချင်ကြတယ်။ သူတို့ဟာ အကူအညီ အထောက်အပံ့ကို မလိုချင်ကြဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခွင့်ကိုသာ တောင်းကြတယ်။ ကိုယ့်တောင်ယာ ကိုယ့်ကျွဲ နွားကိုသာပြန်လိုချင်ကြတယ်။ သူတို့ဟာ ဒုက္ခသည်စခန်းတွေမှာ မစို့မပို့ရိက္ခာလေးကို စောင့်စားပြီး မိသားစုတွေ တကွဲတပြား မနေချင်ကြတော့ဘူး။ ဒါပေမဲ့  စစ်ပွဲဖန်တီးသူတွေဟာ သူတို့တောင်ယာတွေအနားမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့ကြတယ်။ သူတို့အိမ်တွေကို မီးရှို့ခဲ့ကြတယ်။ သူတို့ ကျွဲ၊ နွားတွေဟာလည်း ပိုင်ရှင်မဲ့ ပျောက်ဆုံးသွားခဲ့ကြတယ်။

မန်ကျမ်းကျေးရွာက ဒေါ်မခါဘောက်ခေါန်က ပါးလိုက်တဲ့ စာတိုလေးမှာ “စစ်ပွဲကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေ ယနေ့ မျက်ရည်နဲ့ပဲ အမြဲနေနေရတယ်။ ဘယ်အချိန် ဘယ်နေ့မှ ဒီစစ်ပွဲ ရပ်တန့်မှာလဲ၊ စစ်ပွဲကြောင့် မိသားစုနဲ့လည်း အတူတူမနေရဘူး။ တကွဲတပြားစီ ဖြစ်ကုန်ပါပြီ” လို့ရင်ဖွင့်ခဲ့တယ်။

ဘန်ဂျောမန်လတ်ရွာက ဒေါ်ခေါန်ဂျာကတော့ “ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ မြန်မာစစ်အစိုးရကို ချက်ချင်း ရပ်တန့်သွားအောင် ပြောဆိုကူညီပေးပါ” လို့ အားကိုးတကြီး ရေးခဲ့ပါတယ်။

မန်ဝိန်းကြီးမှာ ကျမတို့ရောက်နေတုန်းမှာပဲ စခန်းနဲ့မလှမ်းမကမ်းက တောထဲမှာ သစ်ခွပန်းရှာ ထွက်ကြတဲ့ ကလေးသုံးယောက် မိုင်းထိလို့ တစ်ယောက်က နေရာမှာတင် ပွဲချင်းပြီး သေသွားခဲ့တယ်။ စစ်မြေပြင်က လွတ်ရာကင်းရာ ရှောင်ပြေးလာခဲ့ပြီး ဒုက္ခသည်စခန်းကို ရောက်နေတာတောင်မှ စစ်ရဲ့အကျိုးဆက်တွေက အပြစ်မဲ့တဲ့ ကလေးတွေအပေါ် မဆီမဆိုင် ကျရောက်ခဲ့တုန်းပါပဲ။

မန်ဝိန်းကြီးက ထွက်ခဲ့အပြီး နောက်တစ်ရက်မှာတော့ တောနက်ထဲက ကွန်ကရိမြို့တော်ကို သွားခဲ့ကြတယ်။ နေ့ခင်းကြောင်တောင်မှာတောင်မှ တိတ်တိတ်ဆိတ်ဆိတ်ရှိလွန်းလှတယ်၊ မြို့လယ် လမ်းမကြီးဘေးက ဆိုင်အတော်များများကလည်း ပိတ်လျက်သား။ 

“အဲဒါ တရုတ်တွေ ပိုင်တဲ့ ဆိုင်တွေလေ၊ စစ်ဖြစ်လို့ သူတို့ ထွက်ပြေးသွားကြတာ” မိုင်ဂျာယန်မှာ ကျောင်းတက်ခဲ့ဖူးတဲ့ ဆိုင်းမိုင်က ပြောတယ်။ “စစ်မဖြစ်ခင်တုန်းကဆိုရင်လေ ဟောဒီ လမ်းမကြီးဘေးမှာ စကတ်တိုတွေနဲ့ ကောင်မလေးတွေ ဖုန်းကဒ်တွေ လိုက်ဝေနေတာ နင်တို့ တွေ့ရမှာ၊ ခုလိုမျိုး မဟုတ်ဘူး၊ ညဘက်ဆို စည်မှစည်”။

မိုင်ဂျာယန်ဟာ ကချင်ပြည်နယ်ထဲက တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကြောင့် ကချင်က Las Vegas လို့ ထင်ရှားတဲ့ မြို့ကလေး ဖြစ်တယ်။ ထမင်းဆိုင် လေးငါးဆိုင်၊ အင်တာနက်ဆိုင်တစ်ဆိုင်၊ သုံးဆယ့်ခြောက်ကောင် ဂုံးခင်းတချို့ နဲ့ ကာစီနိုရုံ တချို့တလေကိုတော့ အရဲစွန့်ပြီး ဖွင့်ထားကြတယ်။

လူသူကင်းမဲ့နေတဲ့ ကွန်ကရိမြို့ကြီးထဲက အေးစက်သက်ငြိမ်မှုဟာ  အန္တရာယ်ရဲ့ အငွေ့အသက်တချို့ကို ခံစားရစေတယ်။ ဒုက္ခသည်စခန်းတွေနဲ့ လူနေရပ်ကွက်တွေထဲက ဗုံးခိုကျင်းတွေက စစ်မြေပြင်နဲ့ နီးကပ်လာမှုကို သတိထားမိစေပါတယ်။

အပြောကောင်းတဲ့ ဆိုင်းမိုင်ကတော့ မိုင်ဂျာယန်ရဲ့ ယစ်မူးဖွယ်ညတွေမှာ တွေ့ရတတ်တဲ့ အမျိုးသမီးငယ်လေးတွေ၊ တရုတ်သူဌေးတွေ၊ ဒေသခံကချင်တွေရဲ့အကြောင်း မမောတမ်း ပြောနေတုန်းပါပဲ။ သူ့ပါးစပ်ရာဇဝင်ထဲက ပုံရိပ်တွေဟာ မြို့လယ်လမ်းမပေါ်မှာ တစ္ဆေတွေ ပြေးလွှားနေသလို သက်ဝင်နေပြန်တယ်။

ကချင်ဆေးစိမ်အရက်နဲ့ ပူပူလောလော ပဲရွက်ဟင်းရည်သာ မကယ်ရင်တော့ နေရောင်ပျောက်ကတည်းက ကျောပေါ်စိမ့်တက်လာတဲ့ အအေးဓာတ်ကို ဖျောက်နိုင်မယ် မထင်ဘူး။ နှစ်ထပ်ဂွမ်းစောင်အောက်မှာ ပုစွန်တစ်ကောင်လို ကွေးနေတဲ့ကြားက အေးစက်လာတတ်တဲ့ ခြေဖျားတွေကြောင့် နေမြန်မြန်ထွက်ပါတော့လို့ အိပ်ရာထဲက ဆုတောင်းရတယ်။ မိုင်ဂျာယန် ညရဲ့ အအေးဓာတ်က အညာသူရဲ့ခံနိုင်ရည်ကို ကောင်းကောင်းကြီး စမ်းသပ်ခဲ့တယ်။

ကျမတို့အဖွဲ့ထဲမှာပါတဲ့ ဓာတ်ပုံသတင်းထောက် နှစ်ယောက်နဲ့ သတင်းစာသမားနှစ်ယောက်ကတော့ အမျိုးသားတွေဖြစ်လို့ ရှေ့တန်းစစ်မျက်နှာပြင်ကို သွားဖို့ အားသန်ကြပါတယ်။ 

ရောက်ပြီး နောက်တစ်ရက်မှာပဲ ရှေ့တန်းကိုသွားဖို့ သူတို့ အခွင့်အရေးရခဲ့ကြတယ်။ ကျမတို့ကတော့ မိုင်ဂျာယန်မြို့ထဲက အမျိုးသမီးအဖွဲ့အစည်း တချို့ရယ်၊ မိုင်ဂျာယန်ဆေးရုံပေါ်က ကေအိုင်အေတပ်က ဒဏ်ရာရ စစ်သားတချို့ရယ်ကို သွားတွေ့ခဲ့ကြတယ်။

အဲဒီညက ကျမတို့ထမင်းဝိုင်းမှာတော့ ရှေ့တန်းက ကချင်စစ်သားတွေနဲ့ တွေ့ခဲ့ရတဲ့ အမျိုးသား လေးယောက်ဆီက အတွေ့အကြုံတွေကို နားထောင်ရင်း ထမင်းမြိန်ခဲ့ရတယ်။

“သူတို့အားလုံး ရေဒီယိုနားထောင်ကြတယ်။ ငြိမ်းချမ်းရေးအတွက် လိုင်ဇာမြို့အထိ လမ်းလျှောက်ကြမယ့်သူတွေ ဘယ်နားရောက်နေပြီလဲဆိုတာ သူတို့ သိတယ်။ အဲဒါကို သူတို့ စိတ်ဝင်စားကြတယ်။ အဲဒီလူတွေလာရင် အန္တရာယ်ကင်းအောင် စောင့်ရှောက်ကြမယ်လို့လည်း ပြောတယ်” လို့ သတင်းစာသမား ကိုထက်ခေါင်က အားရပါးရ စားမြုံ့ပြန်တယ်။

နေ့ခင်းက ကျမတို့ တွေ့ခဲ့ရတဲ့ ဆေးရုံပေါ်က ကချင်စစ်သားလေးလိုပဲ သူတို့လည်း ငြိမ်းချမ်းရေးကို မျှော်လင့်ကြတဲ့လူတွေပါပဲလေ။ နေ့ခင်းက တွေ့ရတဲ့ ကချင်စစ်သားလေးကတော့ စစ်ပွဲတွေပြီးသွားရင် အိမ်ပြန်မယ်လို့ မျှော်လင့်တကြီး ပြောခဲ့ပါတယ်။

ကျမ တွေ့ခဲ့တဲ့ မိခင်တစ်ယောက် ပြောတဲ့စကားမှာတော့ သူရဲ့မိခင်စိတ်နဲ့ လူသားချင်းစာနာမှုကို ထင်ထင်ရှားရှား မြင်ခဲ့ရတယ်။ 

“ကျမကတော့ အမေတစ်ယောက်ဖြစ်လို့ ဗမာစစ်သားပဲ သေတာပဲ တွေ့တွေ့၊ ကချင်စစ်သား သေတာပဲ တွေ့တွေ့ စိတ်ထိခိုက်ရတယ်။ ကျမတို့လိုပဲ ဗမာမိခင်တွေလည်း စိတ်ထိခိုက်မှာပဲ၊ သူတို့က ပိုဆိုးတယ်။ ရှေ့တန်းမှာ သူတို့သားတွေ ကျသွားပြီ ဆိုတာတောင် သိခွင့်ရပါ့မလား မသိဘူး။”

နောက်တစ်ရက်မှာတော့ နောက်ထပ်ကွန်ကရိမြို့တော်တစ်ခုဖြစ်တဲ့ ကေအိုင်အိုအဖွဲ့ချုပ် ရုံးစိုက်ရာ လိုင်ဇာမြို့ကို ကျမတို့ သွားခဲ့ကြတယ်။ ဒီမြို့မှာတော့ စစ်ရဲ့အနိဋ္ဌာရုံကို မြို့လယ်ကောင်နဲ့ မလှမ်းမကမ်းမှာပဲ ထင်ထင်ရှားရှား တွေ့ခဲ့ရတယ်။ ဗုံးထိမှန်ထားတဲ့အိမ်နဲ့ ဗုံးကျလို့ ချိုင့်ကျင်းကြီး ဖြစ်နေတဲ့နေရာက လိုင်ဇာမြို့သားတွေကို စိတ်မလုံခြုံမှုတွေ ပေးနေဦးမှာပါပဲ။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့  အင်မတန်မှ စည်ကားခဲ့တဲ့ လိုင်ဇာမြို့လယ်ကောင်မှာ ရိုင်ဖယ်သေနတ်တွေနဲ့ ကွန်မန်ဒိုဝတ်စုံတွေနဲ့  ကချင်စစ်သားအချို့ကိုသာ သွားသွားလာလာ တွေ့ရတယ်။

နောက်တစ်ရက်မှာတော့ လိုင်ဇာမြို့နဲ့ မလှမ်းမကမ်းက ဂျေယန်းဒုက္ခသည်စခန်းက အမျိုးသမီးတွေကို တွေ့ဖို့နဲ့ မြို့အထွက်က ခယာဘုံစစ်အခြေစိုက်စခန်းကို သွားဖို့ အခွင့်အရေး ရခဲ့တယ်။ ဂျေယန်းစခန်းမှာ နေ့ခင်းမှ လူစုံတက်စုံတွေ့ရမှာ ဖြစ်လို့ ခယာဘုံဘက်ကို အရင်ထွက်လာခဲ့ကြတယ်။ လိုင်ဇာမြို့အဝင် ဆိုင်းဘုတ်ကို လွန်လာတာနဲ့ တောတောင်စိမ်းစိမ်းကို တွေ့လာရပြီ၊ ထူးခြားတာက လူနေအိမ်ခြေတွေနဲ့ ကျောင်းအဆောက်အဦတွေကို တွေ့ရပေမယ့် လူရိပ်လူခြည် မမြင်ရတာပဲ။

ရွာလယ်လမ်းဆုံးခါနီးမှာ ကေအိုင်အေတပ်ကြပ်ကြီးတစ်ဦးက ကျမတို့ စီးလာတဲ့ကားကို ရှေ့ဆက်မသွားဖို့ တားခဲ့တယ်။ 

“မနေ့ကပဲ ဒီစာသင်ကျောင်းနားမှာ ဗုံးတစ်လုံး ကျသွားတယ်။ ဟိုဘက်တောင်ကြောမှာ မီးခိုးတွေ့လား၊ အဲဒီမှာ ဗမာစစ်သားတွေ ရှိတယ်။ စကားပြောသံ ဆဲသံဆိုသံတွေတောင် ကြားရတယ်။”

သိပ်မဝေးလှတဲ့ တောင်ကြောတကြောဆီက မီးခိုးငွေ့တလူလူ ထွက်နေတာကို တွေ့ရတယ်။ ကျမတို့ နောက်ပြန်လှည့်လာပြီး တပ်စိတ်တစ်ခု စခန်းချနေတဲ့ နေရာကို သွားခဲ့တယ်။ ဗိုလ်ကြီးတစ်ယောက်က ကျမတို့ကို ခယာဘုံဒေသ စစ်ဗျူဟာမှူး ဗိုလ်မှူးဇော်ခေါင် ရှိတဲ့နေရာကို လိုက်ပို့ပေးခဲ့တယ်။ ဗိုလ်မှူးဇော်ခေါင်တို့ စခန်းချနေတဲ့နေရာတဝိုက်မှာတော့ ကတုတ်ကျင်း အရှည်ကြီး တစ်ကျင်းကို တူးနေတဲ့ စစ်သားတွေကို တွေ့လိုက်ရတယ်။ လိုင်ဇာမြို့ကနေ နာရီဝက်လောက်ပဲ သွားရတော့တဲ့ နေရာတစ်နေရာဟာ ရှေ့တန်းစစ်မြေပြင်တစ်ခု ဖြစ်နေပြီပဲလို့ စိတ်ချောက်ချားမိတယ်။

ဗိုလ်မှူးဇော်ခေါင်က ခယာဘုံတောင်ကြောဟာ လိုင်ဇာကို ထိန်းချုပ်နိုင်တဲ့ နောက်ဆုံးတောင်ကြော ဖြစ်တယ်လို့ ရှင်းပြခဲ့တယ်။ “ခယာဘုံကျရင် လိုင်ဇာကျမှာပဲ”၊ ဗမာ့တပ်မတော်နဲ့ ကေအိုင်အေ ကချင်တပ်မတော်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲမလုပ်ခင် အသာစီးယူထားဖို့ ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာဒေသကို ထိန်းချုပ်နိုင်တဲ့ တောင်ကြောကို ရအောင် ဗမာ့တပ်မတော်က ထိုးစစ်ဆင်နေခဲ့တာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ခယာဘုံတောင်ကြောပေါ်ကနေ  ဗမာ့တပ်မတော် လက်ထဲကျခဲ့ရတဲ့ လဂျားယန်နဲ့ လဝါယန် တောင်ကြောက ကေအိုင်အေ အခြေစိုက်စခန်းတွေ ရှိခဲ့ရာနေရာတွေကို လက်ညှိုးထိုးပြနေတုန်း လက်နက်ကြီးသံတစ်ချက် အုန်းခနဲ ကြားလိုက်ရလို့ အတူပါလာတဲ့ ကုမုဒြာဂျာနယ်က သတင်းစာဆရာမ နန်းလွင်ရဲ့ ကျောပြင်တွေ သိမ့်ခနဲ တုန်သွားတယ်။

“လက်နက်အရ ကျနော်တို့ မယှဉ်နိုင်ပါဘူး၊ သူတို့လက်နက်တွေက သိပ်ကောင်းတယ်။ လက်နက်ရော လူရော အများကြီးလည်း သုံးနိုင်ပါတယ်။ ကျနော်တို့က ထိုးစစ်လည်း မဆင်ဘူး၊ ပြောက်ကျားစစ်လည်း မလုပ်ဘူး၊ ကိုယ့်နယ်မြေကိုယ် ကာကွယ်ဖို့ ခံစစ်သက်သက်ပဲ” ဗိုလ်မှူးဇော်ခေါင်က ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့တယ်။

ကချင်တပ်သားလေး နောနော်ကတော့ လူတွေ သတ်ရလွန်းလို့ ထပ်မသတ်ချင်တော့ဘူးတဲ့။ “လူတွေက လှိုင်းတွေလိုပဲ တသုတ်ပြီးတသုတ် တက်လာကြတာ။ ပစ်ချရလွန်းတော့ ကြာတော့ ကျနော် ထပ်မပစ်ချင်တော့ဘူး။”

နောနော် အဖေရော ညီရော တပ်ထဲမှာ။ သားအဖတွေ တကွဲတပြားစီ တာဝန်ထမ်းဆောင်နေကြရတယ်။ နောနော်ကတော့ စစ်ပွဲ မြန်မြန်ပြီးစေချင်လှပြီ၊ “ဒီနေ့ စစ်ပွဲပြီးတာနဲ့ မနက်ဖြန် အိမ်ပြန်မှာပဲ”လို့ ပြောခဲ့တယ်။

တပ်ကြပ်ကြီးဘရန်အောင်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ထဲကအတိုင်း တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ စစ်တိုက်နေရတာလို့ ဆိုပါတယ်။ 

“ငြိမ်းချမ်းရေးယူထားတဲ့ ၁၇ နှစ်လုံးလုံး ငါတို့ အရူးလုပ်ခံလိုက်ရတာပဲ။ ငါတို့ တကယ်တမ်း လိုချင်တာက ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုုပ်ထဲမှာ ပေးထားတဲ့ကတိအတိုင်းပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ကိုပဲလိုချင်တာ။”

ဂျေယန်းဒုက္ခသည်စခန်းကတော့ အင်မတန်ကြည်လင်လှတဲ့ စမ်းချောင်းကလေး ဖြတ်စီးသွားတဲ့ နေရာအနားမှာရှိလို့ စစ်မက်တွေသာ ဖြစ်မနေဘူးဆိုရင်တော့ တောနဲ့တောင်နဲ့ ကျောက်တုံးကြီးတွေပေါ်က ဖြတ်စီးသွားတဲ့ စမ်းချောင်းကလေးနဲ့ အင်မတန်မှသာယာတဲ့ နေရာတစ်နေရာ ဖြစ်လိမ့်မယ်။ ထောင်ချီတဲ့ဒုက္ခသည်တွေကြားမှာတော့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကျောင်းသားလူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အတော်များများ တွေ့ရတယ်။ 

လုပ်အားပေးသူနာပြုဆရာမလေးတွေကတော့ “စစ်သာဖြစ်တာ ကလေးမွေးနှုန်းက ကျမသွားဘူး၊ စစ်ဖြစ်နေတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ဒီစခန်းမှာ ကလေးအယောက် တရာကျော် မွေးပေးပြီးသွားပြီ” လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့တယ်။

ဒုက္ခသည်စခန်းထဲမှာလည်း ဗုံးခိုကျင်းတွေ တူးထားတာ တွေ့ရတယ်။ “ဟောဒီတောင်စောင်းမှာ ဗမာစစ်တပ်က လေယာဉ်တွေ ခဏခဏဝဲတော့ လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းကြတယ်။ မပြေးနိုင်တဲ့ အဘိုး အဘွားတွေ ကလေးတွေကတော့ ညဆို ဗုံးခိုကျင်းထဲ ဝင်အိပ်ကြတယ်” လို့ ဂျေယန်းစခန်းမှာ တွေ့ခဲ့ရတဲ့ အမျိုးသမီးအဖွဲ့ဝင်တစ်ယောက်က ပြောတယ်။

ဖြစ်ကတတ်ဆန်း ဆောက်ထားတဲ့ စာသင်ခန်းတွေထဲမှာ ကျောင်းသားအရွယ် ကလေးငယ်တွေဟာ မဖြစ် ဖြစ်တဲ့နည်းနဲ့ ပညာသင်ကြားနေကြတယ်။ ရွာကြီးတစ်ခုလို ဖြစ်နေတဲ့ စခန်းထဲမှာ စားပင် သီးပင်တွေ စိုက်ထားကြတယ်။ ငါးမွေးကြတယ်။ နီးစပ်ရာ တောထဲတောင်ထဲ သွားပြီး ထင်းရှာထွက်ကြတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံက ကော်ဖီစိုက်ခင်းတွေမှာ နေ့စားအလုပ် ခိုးလုပ်ပြီး ပိုက်ဆံရှာကြတယ်။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားထဲက ခဏငယ်လေးတွေထဲမှာ ဖြစ်တည်ပြီးသား ဘဝတွေကို ဒီလိုပဲ ကျားကုတ်ကျားခဲ ရှင်သန်အောင်မွေးကြတယ်။ ဒုက္ခပင်လယ်ထဲမှာပဲ နောက်ထပ် နောက်ထပ် အတူကူးခတ်ဖို့ လူသားအသစ်လေးတွေကို ဖန်ဆင်းကြတယ်။ သူတို့ဟာ သီရိလင်္ကာနိုင်ငံက တမီးလ်ကျားသူပုန်တွေ မဟုတ်ခဲ့ကြဘူး။ သူတို့ဟာ ဗမာပြည်ဖွား တိုင်းရင်းသားမျိုးနွယ်စုတစ်ခုသာ ဖြစ်တယ်။ သူတို့ဟာ တောင်ယာပြန်လုပ်ဖို့ အိမ်ပြန်ချင်ကြသူတွေသာ ဖြစ်တယ်။ သူတို့ဟာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးကို မိသားစုနဲ့အတူ ဖြတ်သန်းချင်ကြသူတွေသာ ဖြစ်တယ်။

ဂျေယန်းဒုက္ခသည်စခန်းတာဝန်ခံ ဦးဒွဲဗီဇကတော့  လွှတ်တော်ထဲမှာ ဆွေးနွေးကြတာတွေကို ညတိုင်း မြန်မာ့ရုပ်မြင်သံကြားကနေတစ်ဆင့် စောင့်ကြည့်ဖြစ်တယ်လို့ ပြောပြတယ်။

“ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တစ်ယောက်က ကျနော်တို့ကို ရွှေလက်နဲ့ ခေါ်လို့ မလာရင် ဘူးလက် (ကျည်ဆန်နဲ့ ခေါ်ရလိမ့်မယ်လို့ ပြောတာမျိုးဟာ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး လမ်းစဉ်ကို ဖော်ဆောင်ရာရောက်ပါတော့မလဲ။ ကျနော်တို့ကို သီရိလင်္ကာက တမီးလ်ကျားသူပုန်တွေကို ချေမှုန်းသလို အမြစ်ဖြတ် ချေမှုန်းသင့်တယ်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးတယ်တဲ့ဗျာ။ ကျနော် တော်တော်ဝမ်းနည်းတယ်။”

ဦးဒွဲဗီဇရဲ့ နာကျင်မှုက ကျမကိုပါ ကူးစက်ခဲ့တယ်။

ကျမကတော့ သူတို့နှလုံးသားတွေပေါ် နင်းလျှောက်ရင်း ခရီးတွေ ဆက်သွားနေအုံးမယ်။ ကိုယ့်နှလုံးသားပေါ် ကိုယ်နင်းလျှောက်ရင်း အနုပညာရသမြောက်တဲ့ ဝတ္ထုတွေ၊ ကဗျာတွေ မဖန်တီးနိုင်တော့ရင်လည်း နေပါစေတော့။ 

ကိုယ့်အနာကိုယ် ကျမ မေ့ထားလိုက်ရပြီ။ ဘာလို့လဲဆိုတော့ သူတို့အနာတွေက ကျမ နှလုံးသားပေါ်မှာပါ အမြစ်တွယ် လှိုက်စားနေခဲ့လို့လေ....။

မြတ်

(အသံဖိုင်နားဆင်ရန်)

https://www.facebook.com/DVBTVNews/videos/1618666821850512

1 day Ago

နယ်စပ်ကို ဖြတ်ကျော်၍ ...

၁။

“ဆရာကြီးကို သမီး ကျေးဇူးတင်တယ်”

သူက ပြောပြောဆိုဆို စမ်းချောင်းတဘက်သို့ ပြန်ကူးသွားခဲ့၏။ သူ့ကျောပြင်ကို ကြည့်ကာ ကျနော့်မှာ ကြည်နူးနေမိသည်။ သူက ရောက်ရှိလာတော့မည့် သူ့ဘ၀ အနာဂတ်ကာလပန်းတိုင်ကို ပြောပြသွားခဲ့သဖြင့် သူ့အတွက် ကျနော် ကြည်နူးရခြင်း ဖြစ်သည်။ 

မယ်ပေါထဒုက္ခသည်ရွာကလေးမှ ပြန်လာပြီး မိမိနေထိုင်ရာ ဌာနချုပ်စခန်း  အခန်းကလေးထဲ ပြန်ရောက်လာခဲ့သည့်တိုင် သူ့ကို ကျနော် သတိရနေသည်။ သူက ပြည်တွင်းတွင် ကျစ်နေရစ်ခဲ့သည့် ကျနော်၏သားနှင့်မှ သက်တူရွယ်တူ ကရင်မိန်းကလေးတစ်ဦး။ နာမည်က “နော်ဖောဂေ” ။ မြန်မာလို “လှပတဲ့ပန်း” ။

“သမီး နောက် ၂ လဆိုရင် ဝမ်းဆွဲဆရာမသင်တန်း တက်ရတော့မယ် ဆရာကြီး၊ ဒီကြားထဲ ဒီရွာက မူလတန်းကျောင်းမှာ စာသင်ပေးဖို့လည်း ပြောထားတယ်၊ သမီးအရင်ကတည်းက ဒီကိုလာခဲ့ရရင် ကောင်းမှာ၊ ရွာမှာ အမေရှိနေလို့ ထားခဲ့လို့ကလည်း မဖြစ်၊ လာလည်းမလာရဲလို့ ၃ နှစ်လောက် အချိန်တွေ ပုပ်ကုန်တယ်။ ခုတော့ သမီးရည်မှန်းချက်တွေ ပြည့်တော့မှာပါ၊ အဲဒါ ဆရာကြီးနဲ့ အကိုကြီးရဲ့ ကျေးဇူးကြောင့်ပေါ့”

“နော်ဖောဂေ” ပြောခဲ့သည့် စကားများကိုတွေးရင်း ဝါးစားပွဲလေးပေါ်က စာအုပ်စာတမ်းများ ကြားတွင် ညပ်နေသည့် မှတ်စုစာအုပ်ဆီ ကျနော့်မျက်လုံးများ ရောက်သွားရ၏။ မှတ်စုစာအုပ်ကလေးကို ယူပြီး အခန်းအပြင်ဘက် လူသွားလမ်းကလေးဘေးက ခုံတန်းတွင် ထိုင်သည်။ ခေါင်းပေါ်က မိုးအုပ်ထားသည့် ဝါးရုံပင်ကိုင်းများဆီက လေတိုးသံကြားနေရ၏။ ၂၄ နာရီ မပြတ်ကြားနေရသည့် မယ်တုက္ခီစမ်းချောင်း ရေစီးသံများက ပိုမိုကျယ်လောင်လာနေသည်ဟု ထင်ရ၏။

၂။

“ဒီတခေါက် ကျနော်တို့နဲ့လိုက်မယ်ဆိုတဲ့လူက ဘယ်နှယောက်လောက် ရှိလို့လဲ ဗိုလ်သိန်းစိုး”

ကွင်းထဲက နေပူတံလျှပ်ကို မျက်မှောင်ကုတ်ကြည့်ရင်းက ကျနော်တို့နှင့်အတူ “မာနယ်ပလော” သို့ လိုက်ပါကြမည့် လူအုပ်ကို တွေးနေမိသည်။

“ဆယ့်နှစ်ယောက်ရှိတယ် ကိုငြိမ်းဝေ၊ လူကြီး ၈ ယောက်၊ ကလေး ၄ ယောက်”

“ဘယ့်နှယ်လဲ၊ ခင်ဗျား ဘယ်လိုစဉ်းစားထားသလဲ၊ ကျနော်ကတော့ ခေါ်သွားချင်တာပေါ့၊ လမ်းမှာ တွေ့မယ့် ကြုံမယ့် အခက်အခဲ ခင်ဗျား အဓိကပဲ၊ ခင်ဗျားက ဖြစ်တယ်ဆိုရင် ကျနော် သဘောတူပါတယ်”

ဗိုလ်သိန်းစိုးက သူလည်း ခေါ်သွားချင်ကြောင်း ရှင်းပြ၏။ ပုံမှန်အားဖြင့်ဆိုလျှင် ဒုံသမိချောင်းဘေးမှ မာနယ်ပလောသို့ ရောက်အောင် လမ်းတွင် ၅ ညမျှ အိပ်ရမည့်ခရီး ဖြစ်သော်လည်း၊ လုံခြုံရေးနှင့် ရိက္ခာအခက်အခဲကြောင့် ၈ ညမျှ အနည်းဆုံး အိပ်ရမည်ဟု ဗိုလ်သိန်းစိုးက ရှင်းပြလေသည်။ အကြီးမားဆုံးအခက်အခဲမှာ ယွန်းစလင်းချောင်း ကျော်ပြီးသည့်အထိ မကြာခဏ ရှောင်ကွင်းပုန်းအောင်းကြရမည့် နဝတ စစ်တပ်စစ်ကြောင်းများ၏ ရန်ပင် ဖြစ်သည်။ သို့သော် ဗိုလ်သိန်းစိုးကို ကျနော် ယုံသည်။ သူ့မှာ သည်ခရီးသည်လမ်းကို ၁၀ နှစ်တာမျှ အခေါက်ပေါင်း မရေမတွက်နိုင်အောင် သွားလာခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ဖြစ်၏။

ခရီးစပြီး ထွက်သည့်နေ့က ခရီးသည်လူအုပ်ထဲတွင် “နော်ဖောဂေ” ကို ကျနော် သတိမထားမိ။ ရဲဘော်လေး “ဟွေ့စာ” က သူ့သေနတ်ကို တစုံတယောက်အား ခဏယူလာပေးဖို့ ပြောလိုက်စဉ် “ငါ သေနတ်မကိုင်ချင်ဘူး” ဟု ဗမာလို ပီပီသသ ပြောသံကြားလို့ လှည့်ကြည့်မှ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကျနော် စတင် သတိပြုမိခြင်းဖြစ်သည်။

ထို့နောက် လမ်းခရီးတလျှောက်လုံး သူက ကျနော်နှင့် ခရီးသည်များအကြား ဆက်သွယ်ရေးတာဝန်ခံ ဖြစ်လာခဲ့၏။ ခရီးသည် လူအုပ်ထဲတွင် ဗမာလို ရေလည်စွာ ပြောနိုင်သူ ဆို၍ သူတစ်ဦးသာ ပါ၏။

“သမီးက ကမ္မမောင်းမှာ ခုနစ်တန်းအထိ ကျောင်းနေခဲ့ဖူးပါတယ်။ အဖေ ဆုံးမှ ကျောင်းထွက်လိုက်တာပါ။ ဒါကြောင့်မို့ သမီးက ဗမာစကားပြောတတ်တာ၊ ကျုံစိန်တရွာလုံး ကရင်လိုပဲ ပြောတယ် ဆရာကြီးရဲ့”

“နော်ဖောဂေ” က ဘာပြုလို့ သေနတ်ကို ကိုင်မပေးချင်ရတာလဲ ဆိုသည်ကိုမူ ကျနော် မသိ။ သူ့ဖခင်မှာ နဝတစစ်တပ်က သတ်ဖြတ်ခဲ့သဖြင့် သေနတ်ကို မုန်းတီးနေသလားဟု ကျနော် တွေးသည်။ သို့သော် မဲပလိချောင်း၏ အနောက်ဘက်၊ ကော့ကရိတ် ဖာပွန်ကားလမ်းဟောင်းကို ဖြတ်ကူးဖို့ ကြိုးစားကြတော့ “နော်ဖောဂေ” သည် ကင်းသမားအဖြစ် ရှေ့တိုးပြီး တာဝန်ယူခဲ့၏။ သို့သော် သေနတ်ကိုတော့ သူ မကိုင်တွယ်ခဲ့ချေ။ နော်ဖောဂေက သည်လိုပြောခဲ့၏။

“သမီး မာနယ်ပလောရောက်ရင် သူနာပြုဆရာမ လုပ်မယ်၊ ဒါမှမဟုတ် ကျောင်းဆရာမ လုပ်မယ်၊ အခြေအနေပေးရင် ရွာပြန်လာပြီး အဲဒီအလုပ်တွေပဲ ဆက်ပြီးလုပ်မယ်၊ အကိုကြီးကို ပြောထားပြီးပြီ၊ ဟိုကျရင် သူနာပြုသင်တန်း၊ ဆရာမသင်တန်း တက်နိုင်အောင်လုပ်ပေးဖို့”

၃။

တောစပ်ကိုပြန်ရောက်ကတည်းက သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကရင်လို စကားအနည်းငယ် ပြောပြီးနောက် ဗိုလ်သိန်းစိုးက သစ်ပင်ခြေရင်းတွင် တစ်ဦးတည်း ငြိမ်ချက်သားကောင်းစွာ ထိုင်နေ၏။ ကျုံစိန်ရွာဘက်သို့ သတင်းစုံစမ်းရန်သွားပြီးမှ ပြန်ရောက်တော့ ဘာသတင်းမှ မထူးခြားသလို ငြိမ်နေသဖြင့် ကျနော်က သူ့ကိုစကားမဟတော့ဘဲ နေစောင်းသည်အထိ မလှမ်းမကမ်း တနေရာတွင် ထိုင်နေခဲ့ရ၏။

တောအုပ်ထဲက နေရောင်ခြည်များမှာ လက်နှင့်ဆွဲဆုပ်ပြီး ရုပ်သိမ်းလိုက်သလို လျင်မြန်စွာ ပျောက်ကွယ်သွားနေလေသည်။ နေရောင်များ နောက်ဆုတ်တော့၊ လရောင်မှာ ရှေ့သို့တိုးလာခဲ့၏။ ကျနော်က တဖြည်းဖြည်း ငြိမ်သက် တိတ်ဆိတ်သွားနေသည့် ငှက်သံများကို နားစွင့်ထားမိသည်။ တတော တတောင်လုံး ဆူညံနေခဲ့သည့် ငှက်သံများမှာ နေရောင်နှင့်အတူ ချုပ်ငြိမ်းသွားခဲ့၏။ ကျုံစိန်ရွာဘက်မှ ကြားနေရသည့် ဓာတ်စက်သံသည်ပင် လေသင့်လို့ပဲလား မသိ၊ ပိုပြီး အသံကျယ်စွာ ကြားနေရ၏။

သည်တစ်ခေါက် တပ်မဟာ (၁) နယ်မြေ၊ ဖားအံမြို့နယ်ခရီးမှာ ပင်ပန်းလှ၏။ ယခု တစ်ခေါက်မှာ ၃ ခေါက်မြောက် ခရီးဖြစ်သည်။ ဗိုလ်သိန်းစိုး၏အကူအညီကို ကျနော့်မှာ လက်မလွှတ်နိုင်သေး။ သူ့ရဲဘော်လေး ၂ ယောက်မှာလည်း သုံးခေါက်မြောက်ခရီးအထိ ကျနော်တို့နှင့် အတူတူပါနေခဲ့၏။

ညဉ့်နက်သည်အထိ ထမင်းမစား၊ စကားမပြောဘဲ ငြိမ်ကုပ်နေခဲ့သည့် ဗိုလ်သိန်းစိုးရှိရာ ကျနော် ထလာခဲ့သည်။ သူ့ဘေးတွင် ကျနော် ရပ်လိုက်သည်။ 

ပြီးခဲ့သည့်နာရီဝက်ခန့်က သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကျနော် စကားပြောခဲ့သည်။ ဗိုလ်သိန်းစိုး၏ ထူးခြားသည့်အနေအထိုင်အပေါ်  စိတ်ထဲတွင် သံသယရှိလာသဖြင့် ရဲဘော်လေးများထံ စုံစမ်းမိခြင်း ဖြစ်သည်။ ရဲဘော်လေးနှစ်ယောက် ပြောပြခဲ့သည့်စကားကြောင့် ကျနော့်မှာ တုန်လှုပ်သွားရ၏။ ခဏ နေတော့ ဗိုလ်သိန်းစိုးရှိရာ ထလာခဲ့ရသည်။

“ကိုငြိမ်းဝေ၊ ကျနော့်အတွက် ဘာမှစိတ်မပူနဲ့၊ ဒီကနေ့ညတော့ ကျနော်တယောက်ထဲ စကားမပြောဘဲ အိပ်တော့မယ်ဗျာ၊ ကျနော့်ကို ခွင့်လွှတ်ပါ၊ ကျနော် တကယ်ဝမ်းနည်းရလွန်းလို့ပါ”

“ဗိုလ်သိန်းစိုး” နှင့် မလှမ်းမကမ်း ဝါးရုံပင်ခြေရင်းတွင် အိပ်ရာဝင်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။ “ဗိုလ်သိန်းစိုး”ဆီက သက်ပြင်းချသံများ မကြာခဏ ကြားရသလို ရှိ၏။ ဝါးရုံပင်ခြေရင်းတွင် ပက်လက်လှန်လဲလျောင်းရင်းက ကရင်ရဲဘော်လေး ၂ ဦး ပြောခဲ့သည့်စကားကို ကျနော် ပြန်စဉ်းစားသည်။

“ဗိုလ်သိန်းစိုး မိန်းမရဲ့ ညီမ၊ ဆရာကြီးနဲ့လည်းသိတဲ့ ကောင်မလေး “ဖောဂေ” လေ၊ မနေ့ကပဲ ဖျားပြီး သေတာတဲ့၊ ဓာတ်စက်ဖွင့်တာ အဲဒီက ဖွင့်တာ၊ ဗိုလ်သိန်းစိုး အရမ်းစိတ်ဆင်းရဲနေတယ် ဆရာကြီး”

၄။

ဂွါတီမာလာနိုင်ငံ၊ ကွီချီအင်ဒီယန်းလူမျိုးစုဝင် “ရီဂိုဘာထရာ မင်ချူးရာ” က ဂျပန်နိုင်ငံ ရောက်သည့်အခိုက်၊ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာကို ကိုယ်တိုင်ရေးစပ်၊ ကိုယ်တိုင်ရွတ်ဆိုပြီး ဂျပန်မိတ်ဆွေတွေကို မိတ်ဆက်၏။ သူသည် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အမျိုးသမီး ဖြစ်သည်။ သူ၏ဖခင်နှင့် အကိုမှာ ဂွာတီမာလာနိုင်ငံ အာဏာရှင်စစ်တပ်၏ အသတ်ခံခဲ့ရ၏။ မိခင်ဖြစ်သူမှာ သူမ၏ရှေ့တွင်ပင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ၏။ ထို့နောက် မင်ချူးရာရွာမှ ထွက်ပြေးရတော့သည်။ နယ်စပ်ကိုဖြတ်ကျော်ကာ သူတပါးနိုင်ငံတခုတွင် ခိုလှုံ နေထိုင်စဥ် သည်ကဗျာကို မင်ချူးရာ ရေးစပ်ခဲ့၏။ ကျနော့်အထင် ခံစားမှု အထွတ်အဖျားအထိ မြင့်တက် နေစဉ်အခိုက်၊ သူ ဘယ်လိုခံစားနေရသည်ကို ဖော်ပြရန်၊ ကိုယ်စားပြုကိရိယာတခုကို ရှာဖွေသည့်အခါ “ကဗျာ” ကို သူ တွေ့သွားဟန်တူပါသည်။ သူ့ကဗျာထဲက ကဗျာပိုဒ်များက ကျနော့်ကို အကြီးအကျယ်ရိုက်ခတ်လိုက်သဖြင့် ကျနော့်မှာ တသက်လုံး ဘယ်တော့မှမမေ့နိုင်သည့် ဝမ်းနည်းကြေကွဲမှု ဒဏ်ရာတစ်ခု တိုးပွားလာခဲ့ရ၏။

မိုးဦးကျ နေ့တနေ့ပေမယ့်

ကြယ်တွေလတွေစုံတဲ့ ညတညရဲ့ အရုဏ်ဦးမှာ

မွေးရပ်မြေက ခွါခဲ့ရတယ်။

မွေးရပ်မြေကို မစွန့်ခွါမီ

ယာခင်းထဲက အစို့အညှောက်ထွက်စပြုနေတဲ့

အပင်ကလေးတွေ

ပွင့်ဖို့အတွက် ငုံအာနေတဲ့ အပင်လေးတွေကို

ကြေကွဲစွာ နှုတ်ဆက်မိပါတယ်။

ပြန်လာနိုင်တဲ့ တနေ့ကြရင်

ရွာက ကလေးတွေအတွက် ပြောင်းတွေကို

ပိုစိုက်ရဦးမယ်။

ပျားရည်အိုးတွေကိုလည်း သစ်ပင်တွေမှာ

အများကြီးချိတ်ဆွဲရဦးမယ်။

အသတ်ခံရမှာကြောက်လို့ ထွက်ပြေးနေတဲ့

ရွာသားတွေနဲ့အတူ

ရွာကို ပြန်လာခဲ့ဦးမယ်။

“မင်ချူးရာ” ရဲ့ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာထဲက ကဗျာစာပိုဒ်တွေကို ဖတ်ပြီး ဘားအံမြို့နယ် ကျုံစိန်ရွာက ကရင်တိုင်းရင်းသူလေး “နော်ဖောဂေ” ကို ကျနော် ပိုပြီးသတိရနေမိ၏။ ၁၉၉၃ ခုနှစ်၊ ဘားအံမြို့နယ်ကို ခရီးထွက်တော့ နဝတစစ်တပ်၏ ရန်ကိုကြောက်သဖြင့် ရွာတွင် မနေရဲတော့သည့်အတွက် “နော်ဖောဂေ” နှင့် ကျုံစိန်ရွာသား ၁၂ ဦးသည် ကျနော်တို့နှင့်အတူ မာနယ်ပလောကို လိုက်ပါလာခဲ့ကြ၏။ သူတို့ကို ထိုင်းနိုင်ငံထဲက “မယ်ပေါထ” ဒုက္ခသည်စခန်းသို့ ပို့ပေးခဲ့ရ၏။

တတိယအကြိမ် ဘားအံမြို့နယ်ဆီ ကျနော် ခရီးထွက်တော့ “နော်ဖောဂေ” က ကျနော်တို့ထက်စောစွာ ကျုံစိန်ရွာသို့ လူကြုံနှင့် ပြန်သွားနှင့်၏။ မိခင် နေမကောင်းသည့် သတင်းကြောင့် စွန့်စားပြီးသွားခဲ့ခြင်း ဖြစ်သည်။

“နော်ဖောဂေ” သွားနှင့်ပြီး ၁ လမျှအကြာတွင် ကျနော်နှင့် ဗိုလ်သိန်းစိုးတို့ ကျုံစိန်ရွာဘေးသို့ ရောက်လာခဲ့ကြ၏။ ကျုံစိန်ရွာအနီးတွင် ကျနော်တို့လူသိုက် ခဏနားနေစဉ် ရွာဘက်က ဓာတ်စက်သံ ကြားရ၏။ ဗိုလ်သိန်းစိုးက သတင်းမေးရန် ထွက်သွား၏။ ပြန်လာတော့ စကားမပြောနိုင်လောက်အောင် စိတ်သောကရောက်နေလေသည်။ သူ၏ ညီမအရင်းတမျှ ခင်တွယ်ရသော “နော်ဖောဂေ” သေဆုံးသွားခဲ့ပြီ။

နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးခဲ့ရတဲ့

မိုးသည်းသည်း တမနက်

ကျမရဲ့ ပူပင်ရိပ်ကို သတိထားမိတဲ့ ငှက်ကလေးတွေက

ဆိုနေတဲ့တေးကို ရပ်ပစ်လိုက်ကြတယ်။

တရွာလုံးကတော့ အသတ်ခံရတဲ့ 

မိသားစု ဆွေမျိုးများအတွက်

ပူဆွေးစိတ်နဲ့ အသံတွေ မထွက်နိုင်လောက်အောင်

တိတ်ဆိတ်နေကြရဲ့

ဒါပေမယ့်

တချိန်ချိန်မှာတော့ မွေးရပ်မြေဟာ

ပြန်လည်စည်ကားလာမှာပါ ... ...။

ဂွါတီမာလာနိုင်ငံ၊ ကွီချီတိုင်းရင်းသူလေး “မင်ချူးရာ” ကတော့ သူ့ရွာနဲ့ သူ့တိုင်းပြည်အတွက် အလုပ်တွေ အများကြီး လုပ်ပေးနိုင်ခဲ့သည်။

ကျုံစိန်ရွာသူလေး “နော်ဖောဂေ” အဖို့မူ သူမ၏ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဟု ယူဆရပါမည်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

2 days Ago
More News
Up