ရွေးကောက်ပွဲ

March 25, 2021

ပုသိမ်ခရိုင် အနိုင်ရ NLD ကိုယ်စားလှယ်များကို ရွေးကောက်ပွဲအသုံးစရိတ် ပြန်ထုတ်ရန် အကြောင်းကြား

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းမှာ ၂၀၂၀ အထွေထွေးရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲဝင်ခွင့် အာမခံ ငွေပြန်လာထုတ်ဖို့ ကော်မရှင်ကနေ အကြောင်းကြားတာတွေ ရှိလာတယ်လို့ ကိုယ်စားလှယ်တွေဆီက သိရပါတယ်။

ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ၃ သိန်းကျပ် ပြန်လာထုတ်ယူဖို့ ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၃ ရက်နေ့ ရက်စွဲပါစာနဲ့ အကြောင်းကြားလာတာလို့ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးကပြောပါတယ်။

"ဒါက သိသာပါတယ်၊ ခုလိုချိန်မျိုးမှာ သွားထုတ်တာနဲ့ ဖမ်းမယ်ဆိုတာ ကလေးတောင် သိပါတယ်။ ဖမ်းဖို့လည်း ခုလိုအကြောင်းကြား ခေါ်တာလို့ ထင်ပါတယ်။ ကျနော်တို့ကတော့ မထုတ်တော့ဘူး''လို့ ပြောပါတယ်။

စစ်တပ်ရဲ့ မတရား တရားစွဲခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အဖမ်းမခံဘဲ ရှောင်တိမ်းနေတာတွေကြောင့် ခုလိုမျိုး စာထုတ် ပြီးခေါ်ယူတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ရဲ့အာဏာသိမ်းအပြီးမှာ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပြီး တရားစွဲဆိုတာတွေလည်း ပြုလုပ်ထားတာပါ။

အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို အာမခံငွေ ၃ သိန်း ပြန်လာထုတ်ဖို့ အကြောင်းကြားစာမှာတော့ မတ်လ ၃၀ ရက်နေ့ နောက်ဆုံးလာထုတ်ဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

2 months Ago

February 24, 2021

ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် တွေ့ဆုံပွဲ ကယားတိုင်းရင်းသားပါတီ ၂ ခု မတက်

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံအစည်းအဝေးပွဲကို  တက်ရောက်မှာမဟုတ်ဘူးလို့  ကယားပြည်နယ် အခြေစိုက်ပါတီ ၂ ခုက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ပြောခွင့်ရသူ ဦးသဲရယ်က ပြီးခဲ့တဲ့ရက်ပိုင်း အစည်းအဝေးတက်ရောက်ဖို့ တရားဝင်ဖိတ်ကြားခံထားရကြောင်းနဲ့ ပါတီအစည်းအဝေး ဆုံးဖြတ်ချက်အရ တွေ့ဆုံပွဲကို တက်မှာမဟုတ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ မတက်ဘူးဆိုပြီးတော့ အဲလို ဆုံးဖြတ်ထားတာပေါ့နော်။ လက်ရှိအခြေအနေမှာက တိုင်းပြည်ရဲ့ မငြိမ်မသက်တဲ့အချိန်လည်း ပြောလို့ရတယ်။ ပြောချင်တာကတော့ ပြည်သူလူထု သဘောမကျတဲ့ အာဏာသိမ်းတဲ့တပ်မတော်ကို သွားပြီးတက်ရောက်မယ်ဆိုလို့ရှိရင် နောက်လိုက်နောက်ပါဆိုတဲ့ပုံစံမျိုး ဖြစ်သွားမှာဖြစ်တဲ့အတွက် လူထုကို အဓိက မျက်နှာမူပြီးတော့မှ ဆုံးဖြတ်ရတာဖြစ်တယ်။ နောက်တချက်က ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်ပေါ့နော်။ အဓိကစစ်အာဏာရှင်ကို၊ အာဏာရှင်ကို မကြိုက်ဘူးဆိုတဲ့ အချက်တချက်ရယ်၊ နောက်တခုက ဖယ်ဒရယ်နဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ ရပ်တည်သွားမယ်ဆိုတဲ့ အချက်တချက်ပေါ့နော်။ အဓိက  ပါတီရဲ့ပေါ်လစီ ကိစ္စရပ်တွေပေါ့နော်။ လက်ရှိဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေကကလည်း ကျနော်တို့ မသိနိုင်တဲ့အတွက် ကျနော်တို့ ပါတီဆွေးနွေးဆုံးဖြတ်တဲ့အခါမှာတော့ ဒီအစည်းအဝေးကို တက်လို့မဖြစ်ဘူး။ တက်လို့ မသင့်တော်ဘူး ဆိုပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ ”

အလားတူ ကယားပြည်နယ်အခြေစိုက်ပါတီတခုဖြစ်တဲ့ ကယန်းအမျိုးသားပါတီကလည်း ကယန်းအမျိုးသားပါတီရဲ့ မူလ ရပ်တည်ချက်အတိုင်း ခရီးဆက်မှာဖြစ်ပြီး ပြည်သူနဲ့ တသားတည်း ရပ်တည်သွားမှာဖြစ်ကြောင်းနဲ့ အဆိုပါ တွေ့ဆုံပွဲကို  ပါဝင်တက်ရောက်မည် မဟုတ်ကြောင်း လည်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူခဲ့ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။  

ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကလည်း အဆိုပါအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့  ပါတီ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပြောကြားထားပါတယ်။

3 months Ago

ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် တွေ့ဆုံပွဲ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မတက်

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံအစည်းအဝေးပွဲကို  တက်ရောက်မှာမဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူခဲ့ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။  

ပါတီရဲ့မူဝါအရ အာဏာရှင်ကို လက်မခံတာကြောင့် ဆွေးနွေးပွဲတက်ရောက်မှာ မဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားလာတယ်။ အခုဖိတ်ကြားတဲ့အပေါ်မှာ ပါတီမှာ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကို ဖုန်းနဲ့ပဲ သူတို့ရဲ့သဘောထားကို ရယူတဲ့အချိန်မှာ ပါတီရဲ့ မူဝါဒဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒကနေပြီးတော့ မည်သည့်အာဏာရှင်စနစ်ကိုမှ လက်မခံဘူးလေ၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီလို ယုံကြည်တယ်။ ပြည်သူနဲ့ပဲ ထပ်တူရှိမယ်ဆိုတဲ့အတွက်မှာ အာဏာဆိုတာ ပြည်သူကပဲ ဆင်းသက်ရတယ်၊ အဲဒါကြောင့်အခုက အာဏာရ စစ်ကောင်စီရဲ့ဖွဲ့စည်းထားတဲ့ ကော်မရှင်ရဲ့ ဖိတ်ကြားတာကို မတက်ဖို့ ဆုံးဖြတ်ကြတယ်ပေါ့နော်” လို့ ပြောပါတယ်။

အဆိုပါပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းပွဲ တက်ရောက်ဖို့ကို ဖိတ်ကြားစာပေးပို့ခဲ့သလို ဖုန်းနဲ့ ဆက်သွယ် ပြောဆိုလာခဲ့ပြီးနောက် ဒီနေ့မှာတော့ မတက်ရောက်ဘူးဆိုတာကို အကြောင်းပြန်လိုက်တယ်လို့ ဆိုပါတယ်။

ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကလည်း အဆိုပါအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့  ပါတီ တာဝန်ရှိသူတွေက မနေ့က သတင်းစာရှင်းလင်းပြောကြားထားပါတယ်။ 

နောင်နောင်

3 months Ago
More News
Up