Home
မြန်မာသတင်း
ရွှေ့ပြောင်းသွားလာသူများ၏ လူ့အခွင့်အရေး ကာကွယ်ရန် အီးယူ-မြန်မာ သဘောတူ
DVB
·
June 22, 2015
ပင်လယ်ပြင် ရွှေ့ပြောင်းသွားလာသူတွေရဲ့ အသက်ကယ်ဆယ်ရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးအတွက် မြန်မာအစိုးရနဲ့ အီးယူ ဥရောပသမဂ္ဂတို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဇွန်လ ၁၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေး ဆွေးနွေးပွဲမှာ သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ “ရွှေ့ပြောင်းသွားလာသူများနှင့် စပ်လျဉ်း၍ မြေထဲပင်လယ်နှင့် ကပ္ပလီပင်လယ်တို့တွင် လတ်တလော ဖြစ်ပွားခဲ့သော အဖြစ်အပျက်များမှ သင်ခန်းစာများနှင့် အဓိကစိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပြီး အသက်ကယ်ဆယ်ရေးနှင့် ထိခိုက်ခံရသူများ၏ လူ့အခွင့်အရေးကာကွယ်ရေး အရေးကြီးကြောင်း သဘောတူညီခဲ့ကြပါသည်။” လို့ ဖော်ပြထားပါတယ်။ ဒီဆွေးနွေးပွဲမှာ မြေယာအခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေး၊ ထိန်းသိမ်းရေးစခန်းတွေ အခြေအနေ တိုးတက်ကောင်းမွန်ရေး၊ လူ့အခွင့်အရေးဆိုင်ရာ ပင်မစာချုပ်များ အတည်ပြုရေး စတဲ့ကိစ္စတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ် အခြေအနေ အပါအဝင် လူနည်းစုများကို ခွဲခြားမှုမရှိရေး၊ လူမျိုးနှင့် ဘာသာ ကိုးကွယ်ရေးဆိုင်ရာ ဥပဒေကြမ်း ၄ ခုနဲ့ စပ်လျဉ်းတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့တဲ့အပြင်  လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အပါအဝင် လူနည်းစုအခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ခံစားနိုင်စေဖို့  နှစ်ဘက်သဘောတူညီခဲ့ကြပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ ပွင့်လင်းမြင်သာ အများပါဝင်ပြီး လက်ခံဖွယ်ဖြစ်ဖို့  မျှော်လင့်ကြောင်း အီးယူဘက်က ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပြီး မြန်မာဘက်ကတော့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးမယ်လို့ ထပ်လောင်းကတိပေး ပြောကြားခဲ့ပါတယ်။ အီးယူ ရွေးကောက်ပွဲလေ့လာရေး ပဏာမအဖွဲ့ စေလွှတ်ခဲ့တာကို မြန်မာဘက်က အသိအမှတ်ပြုခဲ့ပြီး အီးယူဘက်ကတော့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်လှစ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာ-အီးယူ ဒုတိယအကြိမ် လူ့အခွင့်အရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဦးအောင်လင်း၊ ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း စသူတို့ တက်ရောက်ခဲ့ပြီး အီးယူဘက်ကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် စတဗ်ရို့စ် လမ်ဘရီနီးဒီးစ်နဲ့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သံအမတ်ကြီး ရိုလန်ကိုဘီယာတို့ ပါဝင်တက်ရောက်ပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို အခြေခံပြီး  လူ့အခွင့်အရေး နယ်ပယ်မှာ မြန်မာနဲ့ အီးယူအကြား ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဆက်လုပ်သွားဖို့နဲ့ နောက်တကြိမ်ဆွေးနွေးပွဲကိုတော့ ၂ဝ၁၆ ခုနှစ် အီးယူရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024