အိုင်အက်စ်နှင့်ဆက်သွယ်သူ သြစတြေးလျနိုင်ငံသားကို ငွေကြေးပိတ်ဆို့ဒဏ်ခတ်

ဓာတ်ပုံ - ရိုက်တာ
အိုင်အက်စ် အကြမ်းဖက်အုပ်စုအတွက် အင်အားစုဆောင်းပေးတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်လို့ ယူဆရသူ နိုင်ငံသားတဦးကို သြစတြေးလျအစိုးရက ငွေကြေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ဇွန် ၄ ရက်နေ့မှာ ပြောဆိုပါတယ်။ မဲလ်ဘုန်းမှာ မွေးဖွားသူ နေးလ် ပရာကက်ရှ်ဟာ အီရတ်နဲ့ ဆီးရီးယားမှာ နယ်မြေ ကျူးကျော်မှုတွေ လုပ်ဆောင်နေတဲ့ ဆွန်နီစစ်သွေးကြွအဖွဲ့ဝင် ဖြစ်တာကြောင့် အစိုးရက သူ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာခံရတဲ့ ၃ ယောက်မြောက် သြစတြေးလျနိုင်ငံသားလည်း ဖြစ်ပါတယ်။ မနှစ်တုန်းက ဆီးရီးယားနိုင်ငံကို သွားရောက်ခဲ့တယ်လို့ ယူဆရတဲ့ ပရာကက်ရှ်ဟာ အကြမ်းဖက်သမား စာရင်းဝင် သြစတြေးလျနိုင်ငံသား ၂ ယောက်နဲ့ ဆက်သွယ်နေတာပါ။ သူ ဆက်သွယ်ခဲ့တဲ့ လူ ၂ ယောက်ဟာ မနှစ်ကပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာ ဆီးရီးယား စစ်သားတွေရဲ့ ဦးခေါင်းတွေကို ကိုင်ထားတဲ့သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဘစ်ရှော့က “ပရာကက်ရှ်ဟာ သြစတြေးလျ အပါအ၀င် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ စေခိုင်းခဲ့တယ်။ သြစတြေးလျ အစိုးရဟာ သြစတြေးလျနဲ့ တခြားနိုင်ငံတွေက နိုင်ငံခြားသား အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေ ပါဝင်နေတဲ့ ဒက်ခ်ျအကြမ်းဖက်အဖွဲ့ (Daesh) ကို တိုက်ဖျက်မယ့် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုထဲ ပါဝင်လုပ်ဆောင်နေပြီး သူတို့ကို ဘဏ္ဍာရေး ဖြတ်တောက်ပစ်ဖို့၊ အင်အားအရင်းအမြစ်တွေကို ဖြတ်တောက်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်။ ဒါမှ အကြမ်းဖက်မှုတွေကို ချေမှုန်းနိုင်ပြီး ပြည်သူတွေ ဘေးကင်းလုံခြုံမှာဖြစ်တယ်။” လို့ လွှတ်တော်မှာ တင်ပြ ပြောဆိုပါတယ်။ ပရာကက်ရှ်ဟာ အစ္စလာမ္မစ်နိုင်ငံတော်အတွက် အင်္ဂလိပ်ဘာသာနဲ့ ၀ါဒဖြန့် ဗွီဒီယိုတွေထဲမှာ ရိုင်ဖယ်သေနတ်ကို ဝှေ့ယမ်း ပေါ်ထွက်လာပြီး သြစတြေးလျပြည်သူတွေကို တိုက်ခိုက်ဖို့ တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။ အခု အစိုးရရဲ့ ပြစ်ဒဏ်သတ်မှတ်မှုဟာ ပရာကက်ရှ်ကို ငွေကြေးထောက်ပံ့သူတိုင်းကိုလည်း ထောင်ဒဏ် ၁၀ နှစ်အထက်၊ ငွေဒဏ် သြစတြေးလျဒေါ်လာ ၄၂၅၀၀၀ သို့မဟုတ် လွှဲပြောင်းပေးတဲ့ ငွေပမာဏ ၃ ဆ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် တိုနီအက်ဘော့ကတော့ ပြီးခဲ့တဲ့လကပဲ နိုင်ငံခြားစစ်သွေးကြွအဖွဲ့တွေဆီ သွားရောက်ပြီးမှ နိုင်ငံပြန်လာသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်လည်း ပယ်ချခဲ့ပြီး၊ စစ်သွေးကြွ လုပ်ရပ်တွေမှာ ပါဝင်ခဲ့ရင် ၂ နိုင်ငံသား ခံယူထားသူတွေကို သြစတြေးလျနိုင်ငံသား အဖြစ်ကနေ ဖယ်ရှားပစ်မယ်လို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up