ဘဂ္ဂဒက် ကြယ်ငါးပွင့်ဟိုတယ်အနီး ဗုံးပေါက်၊ အနည်းဆုံးလူ ၁၀ ဦးသေ

ဓာတ်ပုံ - ရိုက်တာ
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်ရှိ ကြယ် ၅ ပွင့်အဆင့် ဟိုတယ် ၂ ခုနားမှာ ကားဗုံးတွေ ပေါက်ကွဲခဲ့ပြီး လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ပထမဗုံးက ဘေဘီလုံဟိုတယ်ရဲ့ ကားရပ်နားရာနေရာမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဆိုပါ ဟိုတယ်ဟာ အစိုးရအရာရှိတွေ အစည်းအဝေးနဲ့ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်။ ဒုတိယဗုံးက မီရီဒီယံဟိုတယ်ရဲ့ ကားရပ်နားရာ နေရာမှာ ပေါက်ကွဲခဲ့ပါတယ်။ ဟိုတယ် ၂ ခုစလုံးဟာ လုံခြုံရေးစည်းကမ်း တင်းကျပ်ပါတယ်။ အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့တာ ဆယ်စုနှစ်နဲ့ ချီခဲ့ပြီး ဒီလအစောပိုင်းက ရုပ်သိမ်းလိုက်ပြီးနောက်ပိုင်းမှာ အခုလို ဗုံးကွဲမှုတွေ ဆက်တိုက်ဖြစ်နေတာပါ။ အီရတ်မှာ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) က နယ်မြေအတော်များများကို သိမ်းထားတဲ့အချိန်မှာ မြို့တော်ရဲ့လုံခြုံရေး ပုံမှန်ပဲဆိုတဲ့ သဘောမျိုးနဲ့ အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာပါ။ ဒါပေမ့ယ် အိုင်အက်စ်တွေက ဘဂ္ဂဒက်မြို့တော်ရဲ့ အနောက်ပိုင်းက ရာမာဒီကို ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့က သိမ်းနိုင်ခဲ့လို့ သြဂုတ်လက စတင်ခဲ့တဲ့ အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းထိုးစစ်နဲ့ အီရတ်အစိုးရစစ်တပ်အတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up