Home
ဆောင်းပါး
Self-immolation မိမိကိုယ်ကို မီးရှို့ဆန္ဒပြခြင်း
DVB
·
May 22, 2015
DVB TV News နန်းမြနဒီ = ရှမ်းပြည်နယ်မှ လယ်သိမ်းခံတောင်သူတဦး မိမိကိုယ်ကို မီးရှို့ဆန္ဒပြ အရင် ၂ နှစ်ကလည်း မီဒီယာတခုက မေးခဲ့သေးတယ်။ ကျမက့ ဂျာနယ်ကပါ။ အခုနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ဖြစ်ရပ်တွေ အရင်ကထက် ပိုတွေ့နေရပါတယ်။ ဒီလိုအဖြစ်တွေက depression ကြောင့်၊ မြို့ပြရဲ့ တိုးတက်လာတဲ့ လူနေမှုပုံစံကြောင့်ဆိုပြီး ပြောကြပါတယ်။ ဒီဖြစ်ရပ်တွေအပေါ် ဆရာဝန်တယောက်ရဲ့ သုံးသပ်ချက်လေးကို လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ယှဉ်ပြီး ပြောပေးစေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာလို့ သတ်သေကြလဲမှာ အကြောင်းခံအမျိုးမျိုး ရှိတယ်။ ငတ်မွတ် ခေါင်းပါးလွန်းလို့၊ အလိုမတူတာကို အဆုံးစွန်ဆန္ဒထုတ်ပြချင်လို့နဲ့ စိတ်ရောဂါတွေ ဖြစ်တယ်။ အစွန်းရောက်မွတ်စလင်တွေက ကိုယ့်ကိုယ်ကိုယ်အသေခံပြီး သူများတွေကို သတ်တယ်။ သူတို့ကတော့ ဘာသာရေးအာဇာနည် Martyrdom ဖြစ်မယ်လို့ ယူဆလို့ လုပ်ကြတယ်။ ခရစ်ယာန်စစ်သူရဲကောင်းတချို့လည်း လုပ်ခဲ့တယ်။ မဟာယာနနဲ့ ဟိန္ဒူဘာသာတွေ မှာလည်း လုပ်ကြတာရှိတယ်။ ဇာတကဝတ္ထုတွေထဲမှာ ပါတယ်။ ငတ်နေတဲ့ကျားမက သူ့ရင်သွေး ကျားပေါက်လေးတွေကို ပြန်စားတော့မှာကို မြင်တဲ့ မင်းသားဆဗ္ဗဟာ ကျားလေးတွေ အသက်ကယ်ဖို့ သူ့ကိုယ်သူ ကျားစားခံလိုက်တယ်။ တရုတ်ဗုဒ္ဓဘာသာမှာလည်း ရှိတယ်။ ဗီယက်နမ်ခေါင်းဆောင် ငိုဒင်းဒမ် (၁၉၅၅-၁၉၆၃)ဟာ ကက်သလစ်ဘာသာဝင်ဖြစ်ပြီး၊ အများစု ဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်လို့ လူထုနည်း၊ စစ်ရေးနည်းတွေနဲ့ ဆူပူမှုဖြစ်ခဲ့တယ်။ ဘုန်းကြီးတွေက ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီးဆန္ဒပြခဲ့ကြတယ်။ အိန္ဒိယနိုင်ငံမှာ များသောအားဖြင့် စီးပွားရေးကြောင့် ၂ဝဝဝ ခုနှစ်အတွင်း ၁၄၅၁ ယောက်နဲ့ ၂ဝဝ၁ ခုနှစ်မှာ ၁၅၄၈ ယောက် ကိုယ့်ကိုကိုယ် သတ်သေခဲ့တယ်။ ၂ဝဝ၉ ခုနှစ်အတွင်း အနည်းဆုံး တိဘက် ၁၂ဝ ယောက် တရုတ်ကနေ တိဘက်ကို မတရား သိမ်းပိုက်ထားတာကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တာ လူအယောက် ၄ဝ ကျော် သေဆုံးခဲ့တယ်။ ဆေးပညာ နှစ်စဉ် စက်တင်ဘာလ ၁ဝ ရက်နေ့ဟာ World Suicide Prevention Day ကမ္ဘာ့ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနေ့ ဖြစ်ပါတယ်။ နိုင်ငံတကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ကာကွယ်ရေးအဖွဲ့ကနေ ဦးစီးကျင်းပပါတယ်။ တချို့နေရာတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ရက်သတ္တပတ်တခုကို ရွေးပြီး ပညာပေးတယ်။ တချို့နိုင်ငံတွေမှာ ကာကွယ်ရေးအတွက် အထောက်အကူပြုအဖွဲ့တွေနဲ့ ကူညီကြတယ်။ အမေရိကန်မှာ ကျန်းမာရေးဌာနတခုကနေ မဟာဗျူဟာ ထုတ်ပြန်ချက်တခုကို ၂ဝဝ၁ တုန်းက ထုတ်ပြန်ခဲ့တယ်။ တကယ် သတ်သေချင်သူဆိုတာ အကူအညီတောင်းလေ့ မရှိပါ။ ကာကွယ်ရေးအတွက် ဖြစ်စေတတ်တဲ့ အခြေခံအကြောင်းတရားကို ကူညီ ဖြေရှင်းပေးနည်းနဲ့ စိတ်ကုသနည်းတွေ ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ကောက်ချက်အရ နှစ်စဉ် လူ ၁ သန်း သတ်သေနေကြတယ်။ သတ်သေသူနှုန်း လူ ၁ သိန်းမှာ ၁၆ ယောက် ရှိတယ်။ စက္ကန့် ၄ဝ မှာ ၁ ယောက် သတ်သေနေကြတယ်။ လွန်ခဲ့တဲ့ ၄၅ နှစ်အတွင်း သတ်သေမှု ၆ဝ ရာခိုင်နှုန်း တိုးလာတယ်။ အသက် ၁၅နဲ့ ၁၉ နှစ်ကြားလူငယ်တွေမှာ သေဆုံးရခြင်းအကြောင်း ၅ ခုမြောက် ဖြစ်နေတယ်။ တချို့နိုင်ငံတွေမှာ ရှေ့ပိုရောက်တယ်။ ၁၅နဲ့ ၄၅ နှစ်ကြားလူတွေထဲမှာ သတ်သေသူအရေအတွက်ဟာ သေဆုံးမှုအားလုံးထဲမှာ တတိယလိုက်တယ်။ အသက် ၁ဝနဲ့ ၂၄ နှစ်ကြား လူရွယ်တွေက ဒုတိယနေရာ လိုက်တယ်။ ဘာလို့ အဲလို ကိုယ့်ကိုယ်ကို သတ်သေချင်သလဲဆိုတော့ ဒုက္ခဝေဒနာကို လွန်မြောက်ချင်လို့ ဆောက်တည်ရာမရ ဒီနည်းက အကောင်းဆုံးလို့ ထင်မြင်မှတ်ယူရာကနေ သတ်သေတာ ဖြစ်တယ်။ မျှော်လင့်ချက် ကင်းမဲ့မှု၊ ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ မထူးဘူးလို့ ထင်မှတ်မှု၊ အထီးကျန်မှု၊ စတာတွေကိုသာ ထင်မြင်နေမယ်။ စိတ်ရောဂါသည်ထဲက ၁ဝ ရာခိုင်နှုန်းလောက်မှာ အဲလိုဖြစ်နိုင်တယ်။ စိတ်ကျရောဂါက အများဆုံး ဖြစ်ရတယ်။ တရားမဝင်ဆေးသုံးစွဲသူတွေမှာလည်း ဖြစ်တာ မနည်းပါ။ အနောက်နိုင်ငံတွေမှာ စိတ်ဝေဒနာတွေထဲမှာ စိတ်ကျရောဂါနဲ့ အရက်သမားတွေ ဖြစ်တယ်။ အာရှတိုက်မှာတော့ ဗြန်းစားကြီး သတ်သေသူ ပိုများတာ တွေ့ရတယ်။ Lithium ဆေးသုံး ကုသတာက အဖြစ်နည်းတယ်။ ယောက်ျားတွေက သိသိသာသာ ပိုများတယ်။ ကြီးလေပိုများလေ ဖြစ်တယ်။ ကျားမ အချိုးချရင် ၂၂း ၅၊ ၃ဝး ၆၊ ၄၂း ၁ဝ နဲ့ ၅ဝး ၁၆ ရှိတယ်။ မြန်မာနိုင်ငံ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ခိုင်မာတဲ့ကိန်းဂဏန်း မရှိသေးပါ။ သေဆုံးမှု ကိန်းဂဏန်းသာ မရှိတာ၊ ကိုယ့်ကိုယ်ကို သတ်သေစေနိုင်တဲ့ အကြောင်းရင်းခံတွေက များလွန်းပါတယ်။ စိတ်ဓာတ်ကျမှုဆိုတာ စီးပွားရေး၊ လူမှုရေးကို အခြေခံတယ်။ စီးပွားရေးနဲ့ လူမှုရေးမှာ သောကများစရာတွေ ရှိတယ်။ စီးပွားရေးမကောင်းသူအရေက အလွန်များနေတယ်။ မြို့ပြဖြစ်စဉ်အရ မြို့ကို တက်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာလာကြတော့ မြို့ပြယဉ်ကျေးမှုနဲ့ အထာမကျသူတွေမှာ စိတ်ဆင်းရဲကြရတယ်။ ခေတ်သဘောအရ အပြင်ကနေလာတဲ့ ယဉ်ကျေးမှု၊ အတုမြင်အတတ်သင်၊ လူသုံးကုန်ပစ္စည်း၊ ဖျော်ဖြေရေး နည်းသစ်တွေကနေ လူငယ်တွေကို လွှမ်းမိုးစေတယ်။ သားသမီး လူငယ်လူရွယ်တွေကို ထိန်းမရတာကြောင့်လည်း မိဘအရွယ်တွေမှာ စိတ်ဝေဒနာ ရစေတယ်။ အရက်နဲ့ မူးယစ်ဆေးဟာလည်း စံတင်လောက်အောင် များပြား လွယ်ကူပြီး၊ သောက်သုံးသူနဲ့ စွဲနေသူ အရေအတွက်ဟာ ရင်လေးစရာကောင်းလောက်အောင် ဆိုးဝါးတယ်။ ပညာရေးမှာ စာရိတ္တကိုပါ ထည့်သင့်တယ်။ စီးပွားရေး တိုးတက်ဖို့ လုပ်ရာမှာ လူအများစုကို ကြည့်သင့်တယ်။ လူမှုအဖွဲ့အစည်းတွေထဲမှာ ပေါ်ပင် အန်ဂျီအိုအကြိုက် လိုက်နေတာ တွေကနေ လူအများကို အကျိုးပြုတာမျိုး လုပ်သင့်ကြပါတယ်။ ဘာသာရေးမှာ တမလွန်နဲ့ သံသရာအကျိုးနဲ့ အတူ ပစ္စုပ္ပန် ဒုက္ခကိုပါ တည့်မတ်ထိန်းကြောင်းပေးသင့်တယ်လို့ ထင်မြင်ပါတယ်။ ဒီသုံးသပ်ချက်ကိုရေးခဲ့တာ ၁၃-၉-၂ဝ၁၃ နေ့က ဖြစ်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေနေတဲ့ မြန်မာပြည်မှာ နိုင်ငံရေး ဖိနှိပ်မှုအတွက် မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြခြင်းဟာ အခုအစိုးရ လက်ထက်မှာစတယ်လို့ မှတ်တမ်းတင်ပါတော့မယ်။ ဒေါက်တာတင့်ဆွေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024