Home
ဆောင်းပါး
ဆိုရှယ်လစ်အတု၊ ဒီမိုကရေစီအတုနှင့် မြန်မာပြည်
DVB
·
April 14, 2015
စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးပြီး စစ်အုပ်ချုပ်ရေးကို ဆက်လက် ထူထာင်ထားသော ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ပတ်သတ်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ယခင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ၂ဝဝ၈ ဖွဲ့စည်းပုံသည် လူထု တခဲနက်ထောက်ခံထားသော ဖွဲ့စည်းပုံဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်းပင် တဖတ်သက် ပြောကြားခဲ့သည်။ ထို့ပြင် ဖွဲ့စည်းပုံထဲမှ စစ်တပ်လွှမ်းမိုးမှုများကိုလည်း တဖြည်းဖြည်းလျော့ချသွားမည် ဟုလည်း ရုပ်ရှင်ဂီတ အနုပညာသမားများနဲ့ တွေ့ဆုံရာတွင် ပြောကြားသွားခဲ့၏။ ၂ဝဝ၈ ဖွဲ့စည်းပုံ၌ စစ်တပ်၏ အခန်းကဏ္ဍတည်ရှိမှု မည်မျှလျော့ပါးသွားပါသလဲ။ ယခု ၅ နှစ် မပြည့်မီအတွင်း စစ်တပ်၏ အခန်းကဏ္ဍ လျော့နည်းဖို့ မပြောနဲ့ ပိုပြီး တိုးမြှင့်ဖို့တောင် ကြိုးစားလာခဲ့ကြသည်။ ယခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အမျိုးသားလွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တဦးက ဖွဲ့စည်းပုံပါ ပုဒ်မ ၃၄၂ ကို တပ်မတော်၏ အခန်းကဏ္ဍ ပိုမိုတိုးမြှင့်ရန် စာသားပြောင်းလဲဖို့ပင် တင်ပြခဲ့ပါသည်။ ပါရှိသော ပုဒ်မ ၃၄၂ မှာ “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးရမည်ဟု ပါရှိသည်ကို ထိုစစ်တပ်ကိုယ်စားလှယ်က “ထိုစာသားအရဆိုလျှင် သမ္မတတဦး တက်လာတိုင်း ကာကွယ်ရေးဦးစီးချုပ် တဦး ခန့်အပ်ရမယ့် သဘော ဖြစ်နေတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သက်ပြည့်ပင်စင်ယူရမယ့် အချိန်မျိုး အကြောင်းအမျိုးမျိုးကြောင့် တာဝန်မှ အနားယူရမယ့် အချိန်မျိုးမှ ပြောင်းလဲခန့်အပ်ရမှာ ဖြစ်ပါတယ်။” ဟု ဆိုလေသည်။ ၅ နှစ်သက်တမ်း သမ္မတတဦးတက်လာတိုင်း ကာလုံ၏ ထောက်ခံချက်ဖြင့် ကာကွယ်ရေး ဦးစီးချုပ်အသစ် ခန့်အပ်ရမည်ဆိုသည်ထက် ပို၍ စစ်တပ်၏ကဏ္ဍ လွှမ်းမိုးသော ၅ နှစ် ၁ ကြိမ်မဟုတ်ပဲ ပင်စင်ယူမှ၊ ကျန်းမာရေးကြောင့်၊ အခြားအကြောင်းကြောင့် တာဝန်ဖယ်ရှားမည့် အခြေအနေရောက်မှာသာလျှင် ကာချုပ်ကို အသစ် ခန့်အပ်ရမည်ဆိုသည့် သဘော တင်ပြလာခဲ့သည်။ ဆိုလိုသည်မှာ ကာကွယ်ရေးဦးစီးချုပ်သက်တမ်းသည် သမ္မတနဲ့ မဆိုင် ၅ နှစ် ဖြစ်ချင်ဖြစ်မည်။ ၁ဝ နှစ်၊ ၁၅ နှစ်၊ အနှစ် ၂ဝ လည်း ခွင့်ပြုရမည်ဆိုသည့်သဘော ကာချုပ်၏ လွှမ်းမိုးမှု ကြီးမားလာအောင် တင်ပြသည့် သဘောပင်ဖြစ်ပါသည်။ စင်စစ်အားဖြင့် ကာလုံအဖွဲ့ဝင် ၁၁ ယောက်အနက် စစ်တပ်ကိုယ်စားလှယ် ၆ ယောက်ပါသော မဲအနည်းအများ ရွေးလျှင် စစ်တပ်ကသာ အသာစီးရသော ကာလုံအဖွဲ့ရဲ့ ထောက်ခံချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ရမည်ဆိုသော ပုဒ်မကပင် စစ်တပ်လွှမ်းမိုးမှု ရှိပြီး ဖြစ်သောကြောင့် ထိုပုဒ်မကို အရင်ဖယ်ရမည် ဖြစ်သည်။ ထို့ထက် ဆိုးအောင် ကာချုပ်ရဲ့ သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းထက် ပိုတိုးလာအောင် တင်ပြခဲ့သဖြင့် ဦးတင်အေး တင်ပြသလို မဟုတ်ပဲ စစ်သြဇာလွှမ်းမိုးမှု ပို၍ တိုးလာသောကြောင့် စစ်အစိုးရနဲ့ ယခု အရပ်သားအစိုးရ ဘာများထူးခြား ပြောင်းလဲသွားပါသလဲ။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂ဝ၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရမည်ဟု အာမခံချက် အခိုင်အမာ ပေးသွားခဲ့သည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ဟု သံသယသိပ်မဝင်ပါ။ အတတ်နိုင်ဆုံး တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင်လည်း ကော်မရှင်က ကြိုးစားပေးနိုင်ပါသည်။ သို့သော် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲလို မဖြစ်အောင်တော့ သူတို့ သတိထားပေလိမ့်မည်။ ၁၉၉ဝ ပြည့်က  သူတို့ တစညပါတီကို အလေးကဲပိုတွက်မိရာ အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရသွားသောကြောင့် ရွေးကောက်ပွဲကော်မရှင်နဲ့ စစ်တပ်အကြီးအကဲများ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသည်။ ထိုအခါ အရှက်တရားကင်းမဲ့စွာဖြင့် “နိုင်နို မနိုင်နိုင် အာဏာ မပေးနိုင်ဘူးကွာ”ဟု ကမ္ဘာပေါ်တွင် အောက်တန်းအကျဆုံးနည်းလမ်းကို သုံးကာ စစ်တပ်က အာဏာ ဆက်ယူထားသောကြောင့် ဖြစ်၏။ ယခု ၂ဝ၁၅ တွင်မူ ဤကဲ့သို့ လုပ်လိမ့်မည် မဟုတ်ပေ။ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ နိုင်၍လည်း စိုးရိမ်စရာမလို။ စစ်တပ်၏ လွှမ်းမိုးမှုကား ရှိနေမည် ဖြစ်သည်။ ထို့ကြောင့်လည်း ပုဒ်မ ၄၃၆ကို မပြင်ပေးခြင်း ဖြစ်သည်။ ပုဒ်မ ၄၃၆ မပြင်လျှင် ၂ဝဝ၈ ဖွဲ့စည်းပုံလည်း မပြင်နိုင်ပေ။ ၂ဝဝ၈ ဖွဲ့စည်းပုံ မပြင်နိုင်လျှင် စစ်တပ်လွှမ်းမိုးမှုကား ရှိနေဆဲ ဖြစ်ပေမည်။ ထိုသို့ဖြစ်အောင် လမ်း ညွှန်ဒီမိုကရေစီဆိုသည်ကို သူတို့ ရေးဆွဲချမှတ်ပြီး မဟုတ်ပါလော။ သမ္မတအတွက်လည်း ပူစရာ မလို။ ၅၉ (စ) ကို မပြင်ပေးဟု ပြောင်ပြောင်တင်းတင်း ငြင်းဆိုထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ မဖြစ်နိုင်တော့ပေ။ ထိုကဲ့သို့ ချည်ပြီးတုတ်ပြီး ဖြစ်နေသော အခြေအနေတွင် ကြိုတင်မဲဖြင့်လည်း ၂ဝ၁ဝ ကလို အနိုင်ယူစရာ မလိုပေ။ ထိုအခြေအနေမျိုး မရောက်အောင် တနည်းပြောရလျှင် တက်လာသော သမ္မတသစ် ကလည်း ဒီမိုကရေစီလမ်းကြောင်းအတိုင်း ချီတက်ပါမည်ဟု ကတိပေးခဲ့သလို စစ်အစိုးရခေတ် နောက်ကြောင်းကို ပြန်မသွားပါဟုလည်း ကမ္ဘာအရပ်ရပ်တွင် သစ္စာဆို ကတိပြုထားပါသည်။ လွှတ်တော်အစိုးရနဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ကမ္ဘာ့စံချိန်မီ ဒီမိုကရေစီနိုင်ငံကြီးအဖြစ်သွားရေးအတွက် အာဏာပိုင် အဆုံးအဖြတ်ပေးနိုင်သော Stake Holders များဖြစ်သည့် ၄ ပွင့်ဆိုင် တွေ့ဆုံကြရအောင်ဟု ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့ပါသည်။ ထို ၄ ဦးထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်ဟု သုံးနှုန်းလိုက်ရသည်မှာ အုပ်ချုပ်ရေးအာဏာကို ရရှိထားသည်ဟု မဆိုလို။ ပြည်သူလူထုကို တဦးတည်းသော ကိုယ်စားပြုနိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းသာ ရှိ၍ ပြည်သူ့သဘောထားကို ထင်ဟပ်နိုင်သူအဖြစ် ၄ ဦးထဲ ၁ ဦး အပါအဝင် ဖြစ်ပါသည်။ သို့သော် သမ္မတကြီးကမူ ပြည်သူ့သဘောထားကို ထင်ဟပ်နိုင်သူမှာ  ဒေါ်အောင်ဆန်းစုကြည် တဦးတည်းဟု သဘောထားချင်ပုံ မရပေ။ စစ်အစိုးရခေတ်ကမူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ကို ငြင်းဆိုခဲ့ကြသည်။ ယခု သမ္မတနဲ့ ကာချုပ်တို့ကမူ တွေ့ဆုံဆွေးနွေးတာ ဘာမှမဆန်း။ သို့သော် ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ပြည်သူကို ကိုယ်စားမပြုနိုင်၊ တိုင်းရင်းသားများကို ကိုယ်စားမပြုနိုင်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ ပါဝင်တွေ့ဆုံဆွေးနွေးမှ သာလျှင် ကျယ်ပြန့်ပြီး ပြီးပြည်စုံ လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဖို့ကို ပုံစံတမျိုးဖြင့် ငြင်းဆို ထားလေသည်။ နိုင်ငံရေးပါတီအများအပြား ရှိပါသည်။ ပါတီမှတ်ပုံတင်၊ ရွေးကောက်ပွဲ ဝင်ပြိုင်ရုံဖြင့် ပြည်သူ ထောက်ခံသော ပါတီ မဖြစ်နိုင်ပေ။ သို့သော် အန်အယ်ဒီလို၊ ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူ ထောက်ခံမှု ရှိသော ကိုယ်စားပြုသောပါတီများ မဟုတ်ကြပေ။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ အန်အယ်လ်ဒီကို ကျန်ပါတီများနဲ့ တသားတည်းထားလိုက်ခြင်းမှာ ယခင်အစိုးရတုန်းကလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို တမင် ချိုးနှိမ်လိုက်ခြင်း ဖြစ်ပါသည်။ ၁၂ ပွင့်ဆိုင် တွေ့ဆုံမှုမှာ မှန်ကန်သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားသွားသည်မှာ ၄ ပွင့်ဆိုင် တွေ့ဆုံဖို့တောင်းဆိုသော ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအပေါ် လျော့တွက်လိုက်ခြင်း ဖြစ်ပါသည်။ အနောက်အုပ်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့နေမှုများအား ရပ်စဲရန် ဒေါ်အောင်ဆန်းစုကြည်ကို တဖက်လှည့်ဖြင့် တိုက်တွန်းခဲ့သူများမှာ ယခင် စစ်အစိုးရပင် မဟုတ်ပါလော။ ထို အရေးယူပိတ်ဆို့မှုများမှာ ဒေါ်အောင်ဆန်းစုကြည် ကြောင့်ပင် ဖြစ်သယောင်ယောင် စွပ်စွဲခဲ့ကြလေသည်။ တကမ္ဘာလုံးက မြင်သာ၊ ထင်သာရှိနေသော စီးပွားရေးပိတ်ဆို့မှုများ ရပ်ဆိုင်းသွားအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအိုဘားမား၏ ဆက်သွယ်မှု၊ ဟီလာရီကလင်တန်နဲ့ သဘောထားဆွေးနွေးမှုများမှနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရပ်စဲသွားခြင်းဖြစ်သည်ဟု အားလုံးသိကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ရပ်စဲသွားစေသော အခန်းကဏ္ဍ ဖြစ်သောကြောင့် ထိုသည်ကို ကမ္ဘာ့နိုင်ငံရေးလောကရော၊ မြန်မာ့နိုင်ငံရေးရော အားလုံးအသိ ဖြစ်၍ ဘာကြောင့် ဖုံးကွယ်နေချင်ရပါသလဲ။ ယခုမှ ဆိုင်းဘုတ်တင်သော ပါတီလည်း အန်အယ်လ်ဒီနဲ့ အတူတူပဲ ဆိုသော နည်းလမ်းမကျသည့် ပြီးစလွယ် စကားပေါ့ဖြင့် ၄ ပွင့်ဆိုင် တွေ့ဆုံပွဲ၊ ၆ ပွင့်ဆိုင် တွေ့ဆုံပွဲများကို သေးသိမ်အောင် ပြောဆို ဆက်ဆံလုပ်ကိုင်ခြင်း မပြုနိုင်ပေ။ ဖက်ဆစ်စနစ်ကို တိုက်ဖျက်ရေးအတွက် ကြီး ၄ ကြီးအဖြစ် ကိုယ်စားပြုသူများတွင် စတာလင်လို ကွန်မြူနစ်ကိုလည်း ထည့်ထားရသည်။ ကိုရီးယားစစ်ရပ်အောင် တရုတ်ကိုလည်း ထည့်ထားရသည်။ တရုတ်မုန်းတီးရေးတခုတည်းနဲ့ ဖယ်ထား၍ မရကြောင်း အနောက်အုပ်စုက သိပါသည်။ ယခု သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများနဲ့ တိုင်းရင်းသားကိုယ်စားပြုကိုယ်စားလှယ်များအပြင် ဒီမိုကရေစီအင်အားစုများ၊ ပြည်သူကို ကိုယ်စားပြုသော ကိုယ်စားလှယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်ကို သဘောပေါက်ဖို့ လိုသည်။ ဘာမဟုတ်သော ဆင်ခြေဆင်လက်များ၊ နောက်မြီးဆွဲ နိုင်ငံရေးပါတီများ၊ နောက်မြီးဆွဲ နိုင်ငံရေးသမားများ၏ စကားကြီးစကားကျယ်များနဲ့ ပြောဆိုနေရုံဖြင့် အန်အယ်ဒီ၏ အခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာကို ဖယ်ရှားရန် မရနိုင်ပေ။ ယခုမူ ဦးတင်အေးက စစ်တပ်၏ အခန်းကဏ္ဍကို မြင်သာထင်သာ ရှင်းလင်း ပြောဆိုသွားခဲ့သည်။ ယခု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်နေသော ယခင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူက ၁၉၆၂ စစ်အာဏာသိမ်းသော သဘောထား၊ ၁၉၈၈ စစ်အာဏာ သိမ်းသော သဘောထားများကို ယခင် စစ်အာဏာရှင်ကြီးများ၏ သဘောထား အတိုင်း တင်ပြသွားခဲ့ပြီး ဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းမှန်အတိုင်း တကယ့် အပြောင်းအလဲ ပြုလုပ်ခြင်း မဟုတ်ကြောင်း  အားလုံး သိရှိရပါတော့သည်။ သူတို့သည် တိုင်းပြည်အပေါ် စေတနာ ထားကြ။ တိုးတက်ဖို့ ရည်မှန်းခဲ့ကြပါ သည်။ သို့သော် လုပ်နည်းလုပ်ဟန်များမှာ ယွင်းချွတ်ချော်၍သာ မတိုးတက်ခဲ့ရသောကြောင့် ယခု သူတို့ကပင်လျှင် လုပ်နည်းလုပ်ဟန်များ ပြောင်းလဲကာ ဆက်လက်လုပ်ဆောင်မည့် သဘောပြောကြားသွားသည်။ တနည်းပြောရလျှင် စစ်တပ်က ဦးဆောင်ကာ စစ်တပ်၏ ထိန်းချုပ်မှုဖြင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်မည့်သဘော ဖြစ်ပါသည်။ ထိုအခြေအနေကို မိမိတို့ လက်မခံနိုင်ပေ။  အနှစ် ၅ဝ ကျော် စစ်တပ်က ဦးဆောင်၍ တိုင်းပြည်မှာ ဖွတ်ဖွတ် ညက်ညက်ကြေနေပေပြီ။ စစ်တပ်က တိုင်းပြည်ကို ဦးမဆောင်နိုင်ဟု ယုံကြည်ပါသည်။ စစ်တပ်က ဦးဆောင်မည်ဟု ပြောနေသရွေ့ ဒီမိုကရေစီလမ်းကြောင်းကို မချီတက်ဟု ပြောနေခြင်း ဖြစ်လေသည်။ စစ်မှန်သော ကမ္ဘာ့ဒီမိုကရေစီစံနှုန်းတွင် လမ်းညွှန်ဒီမိုကရေစီ (Guided Democracy)၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (Discipline Democracy) ဆိုသည်မှာလည်း မရှိပေ။  ထိုသည်များမှ အတုအယောင် ဒီမိုကရေစီများ၊ ရွှေရည်စိမ် ဒီမိုကရေစီ များသာ ဖြစ်လေသည်။ ဗိုလ်နေဝင်းလမ်းညွှန်၍ ဦးချစ်လှိုင် ရေးဆွဲသော ဆိုရှယ်လစ် အတုအယောင်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လိုမျိုး၊ ဟစ်တလာ၏ အမျိုးသားဆိုရှယ်လစ်ဝါဒလိုမျိုး အတုအယောင်များသာ ဖြစ်ကြောင်း အမှန်အတိုင်း တင်ပြလိုက်ရပါသည်။ ထက်မြက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024