အီရတ်နိုင်ငံသားကို တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်
နော်နိုရင်း
·
April 3, 2015
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံထဲ တရားမ၀င် နယ်စပ် ဖြတ်ကျော် ၀င်ရောက်ခဲ့တဲ့ အီရတ်နိုင်ငံသားတဦးကို မြ၀တီတရားရုံးက ထောင်ဒဏ် ၂ ချမှတ်လိုက်ပါတယ်။
သူ့ကို လ၀က ဥပဒေပုဒ်မ ၁၃ (၁) နဲ့ မနေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာလို့ မြ၀တီခရိုင် ရဲတပ်ဖွဲ့ ဒု-ရဲမှူးကြီး မိုးညိုက ဒီဗွီဘီကို ပြောပါတယ်။
“အမိန့်ချတာ မနေ့က ချတာပါ။ လောလောဆယ် ၁၃ -၁ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်တာပေါ့နော်။ သူ့ကို ဘားအံထောင်ကို ပို့လိုက်ပါတယ်။”
အီရတ်နိုင်ငံသားကို မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ရွှေစံအိမ် တည်းခိုခန်းပိုင်ရင်ရဲ့ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက သွားရောက်စစ် ဆေးရာမှာ ပြည်ဝင်ခွင့်ဗီဇာမရှိကြောင်း စစ်ဆေးတွေရှိရတဲ့ အတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ မတ်လကုန်ပိုင်းတုန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အီရတ်နိုင်ငံသား Amar Qasim Yahy ဟာ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ နေထိုင်ခဲ့ သူဖြစ်ပြီး မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ယူအန်အိပ်ခ်ျစီအာမှာ ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့သူ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိ သူတွေက ဒီဗွီဘီကို ပြောပါတယ်။