Home
မြန်မာသတင်း
လက်ပံတောင်းပဋိပက္ခတွင် ရဲပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ လူ ၂၀ ခန့် ဒဏ်ရာရ
DVB
·
December 22, 2014
လက်ပံတောင်းကြေးနီစီမံကိန်းဧရိယာမှာ ရဲနဲ့ ဒေသခံတွေအကြား  ပဋိပက္ခဖြစ်ရာမှာ ရဲက သေနတ်နဲ့ပစ်ခတ်လို့ အသက် ၅၀ အရွယ် ရွာသူတဦး သေဆုံးပြီး လူ ၂၀ ခန့် သေနတ်ဒဏ်ရာ ရသွားပါတယ်။ [caption id="attachment_74568" align="alignright" width="415"]ဓာတ်ပုံ - ကိုဟန်ဝင်းအောင် ဓာတ်ပုံ - ကိုဟန်ဝင်းအောင်[/caption] လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ ဆည်းတည်းရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။ “နောက်ဆုံးအခြေအနေကတော့ ခုလောလောဆယ် မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းဆိုတာ သေသွားပြီ။ အသက် ၅၀ ကျော်ဗျ။ အခုကို သူတို့(ရဲ)က ဒိုင်းကာတွေနဲ့ ထိုင်စောင့်နေတာ။ ဒေသခံတွေက ရှေ့တက်ရင် ပစ်မှာပဲ။  ဒီမှာ လျော်ကြေးယူတဲ့ အခင်းကော၊ မယူတဲ့အခင်းလည်း ရှိတာပေါ့ဗျာ။ ခု လျော်ကြေးမယူတဲ့ အခင်းတွေ အပေါ်လည်း မရှောင်ပဲနဲ့ နင်းလာတော့ ဒီက ဒေသခံတွေက တားတာဗျ။” လျော်ကြေးမယူတဲ့အခင်းတွေဘက်ကို ခြံစည်းရိုးခတ်ရာမှာ မတိုးဖို့ တားရင်းနဲ့ ပစ်ခတ်မှုဖြစ်တာလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကြောင့် သေဆုံးမှုနဲ့ပတ်သက်လို့ ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က မနက်ပိုင်းကတည်းက အခြေအတင်ဖြစ်နေကြရာက ရဲက ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း  ဦးခေါင်းသေနတ်ထိမှန် သေဆုံးခဲ့ကြောင်း အတည်ပြုပါတယ်။ “ရဲတွေပစ်လိုက်တဲ့ ဒဏ်ရာက မိုးကြိုးပြင်ရွာက ဒေါ်ခင်ဝင်းရဲ့ခေါင်းကို မှန်သွားတယ်။ ကျမတို့ဆီကို ပို့လိုက်တဲ့ဓာတ်ပုံတွေမှာတော့ နဖူးကနေ ၀င်သွားတယ်။ ကျည်ဆံက နောက်ကနေထွက်သွားပြီ ဦးနှောက်တွေ ထွက်နေတယ်။ နှမ်းရိုးခင်းထဲမှာ အဲဒီအမျိုးသမီးက ခုချိန်ထိ လဲနေတုန်းပဲ။ အလောင်းကို ဘယ်သူမှ လာမကောက်ရဲသေးဘူးဖြစ်နေတယ်။ နောက်တယောက်ကတော့ ပေါင်ကိုမှန်သွားပြီး သွေးထွက်လွန်နေတယ်လို့ ပြောတယ်။ မိုးကြိုးပြင်တောင်ရွာက ဦးမှိုင်းလို့ ပြောပါတယ်။ ဒီလူနာလည်း ခုထိ ဆေးရုံ မရောက်သေးဘူး။” သူ့ဟာ မနက်ကတည်းက လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေကို ဖုန်းဆက်ပေမယ့် မရဘူးလို့ ပြောပါတယ်။ “အဓိက ကျတာကတော့ ကျမက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တွေကို ဖုန်းဆက်တယ်။ ကျမရဲ့ဖုန်းကို ဘယ်သူမှလည်း မကိုင်ဘူး တာဝန်ယူပြီး ဖြေပေးမယ့် သူလည်း မရှိဘူး။ ကျမ နေပြည်တော်ကတဆင့် သတ္တုတွင်းဝန်ကြီးကို အကြောင်းကြားထား ပြီးပါပြီ။” မကျူဆိုတဲ့ရွာသူကလည်း မျက်စိမှာ ဒဏ်ရာရတယ်လို့ ရွာသားတွေက ပြောပါတယ်။   ဒီဗွီဘီက မေးမြန်းချက်တွေအရ ဒေါ်ခင်ဝင်းသေဆုံးသွားခဲ့တဲ့အပြင် လူအယောက် ၂၀ လောက်လည်း သေနတ်ဒဏ်ရာ အနည်းနဲ့အများ ထိမှန်ခဲ့တယ်လို့ မိုးကြိုးပြင်အလယ်ရွာက ကိုဖိုးလပြည့်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ဒီဗွီဘီက ယင်းမပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ကို ပစ်ခတ်မှုဖြစ်ပြီး ၁ နာရီကျော်ခန့် အကြာမှာ မေးမြန်းတဲ့အခါ   သေဆုံးမှုရှိကြောင်း မသိရသေးဘူးလို့   ပြောပါတယ်။ “အော် ကျနော် မသိသေးဘူးခင်ဗျား။ ရွာက သတင်းမပို့သေးဘူး။ ပြန်မေးလိုက်ဦးမယ် သေချာလား မသေချာလား။” လက်ရှိမှာတော့ ဒေသခံတွေကို  ရဲတပ်ဖွဲ့အင်အား ရာချီဝိုင်းထားပြီး ဒေသခံတွေရှေ့တိုးရင်လည်း သေနတ်နဲ့ ဆက်ပစ်မယ့်အနေအထားရှိနေတယ်လို့လည်း မိုးကြိုးပြင်ရွာခံက ပြောပါတယ်။ ဒီတားဆီးမှုမှာ  မိုးကြိုးပြင်၊ ဆည်တည်း၊ တုံရွာ အစရှိတဲ့ ရွာတွေက ဒေသခံတွေ ၂၀၀ လောက်လာရောက်ပြီး တားဆီးမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ မိုးကြိုးပြင် အလယ်ရွာက ဦးဖိုးလပြည့်က ပြောပါတယ်။ ဆည်တည်းရွာမြောက်ဖက် လိပ်ခွံတောင်ခြေဒေသတ၀ိုက်က လယ်ကွင်းတွေကို ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ဖို့ ကြိုးစားရာကနေ ဒီမနက် ၈ နာရီလောက်ကတည်းက ပဋိပက္ခဖြစ်တာလို့  ဆည်တည်းရွာခံ ကိုအောင်ဌေးနိုင်က ဒီဗွီဘီကို ပြောပါတယ်။ “သူတို့က ကျနော်တို့ ရွာအနီးကို ခြံစည်းရိုးခတ်ဖို့ရာဆိုပြီးတော့ လာတာကို သူတို့ ၃ ဖွဲ့ခွဲပြီး လာတယ်။ မိုးကြိုးပြင်ဖက်မှာတဖွဲ့၊ ဆည်တည်းရဲ့ အနောက်မြောက်ဖက်မှာတဖွဲ့နဲ့ အရှေ့မြောက်ဖက်မှာတဖွဲ့ ၃ ဖွဲ့ခွဲလာတယ်။ ဒေသခံတွေကလည်း ၃ ဖွဲ့ခွဲပြီးတားတောပေါ့။ တားတဲ့အခါကျတော့ ဆည်တည်းရဲ့အနောက်မြောက်ဖက်က အဖွဲ့က သေနတ်ဖောက်ပြီး လူတွေကို လူစုခွဲတာဗျာ။ အခုလည်း ခွဲနေတယ်။ အဲတော့ သေနတ်မှန်တာက ၁ ယောက် အကန်ခံရတာ ၃ ယောက်နဲ့ လေးခွပစ် ခံရတာက ၃ ယောက်လောက်ရှိတယ်။” အဲဒီခင်းဖြစ်ရာဒေသမှာ စီမံကိန်းနေရာအတွက် လယ်မြေသိမ်းယူထားပြီး တချို့ ဒေသခံတွေကတော့ လျော်ကြေးမယူဘဲ အဲဒီလယ်မြေမှာ စိုက်ပျိုးလုပ်ကိုင်ကြတာပါ။ လက်ရှိမှာတော့ ၀မ်ပေါင်ကုမ္ပဏီကနေပြီး အဲဒီလျော်ကြေးမယူတဲ့ဒေသခံရဲ့ လယ်မြေ ၁၀၀၀ ကျော်ကို ခြံစည်းရိုးဆက်လက်ခတ်နေကြပြီး ညနေ ၄ နာရီလောက်မှာတော့ ရွာသားတွေ ပြန်ကုန်ပြီးလို့ အဲဒီကိုရောက်ရှိခဲ့တဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်ပိုင်းက ကန့်ကွက်ဆန္ဒပြကြရာမှာ ရဲတပ်ဖွဲ့က မီးခိုးဗုံးနဲ့ပစ်ခတ်လို့ သံဃာအများအပြား မီးလောင်ဒဏ်ရာရခဲ့ဖူးပါတယ်။ လက်ပံတောင်း ပဋိပက္ခ မြင်ကွင်း (၂၂ ဒီဇင်ဘာ ၂၀၁၄)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024