သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နောက်ဆက်တွဲ ဆိုးကျိုးခံစားလာရတဲ့ ကချင်ပြည်နယ်မှာ ရာသီဥတုပိုမိုပူပြင်းခြောက်သွေ့ပြီး ရေခန်းလာတာမို့ ဓာတ်အားလုံလောက်အောင် ဖြန့်ဖြူးဖို့ အခက်အခဲရှိလာတာကြောင့် ဇွန် ၁၀ ရက်အထိ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။
ဘူးဂါးလျှပ်စစ်နဲ့ နီးစပ်သူတဦးက “ရေခန်းလာတာကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်အောင် မထုတ်လုပ်နိုင်ဘူး။ ပါဂျောင်နဲ့ မလိ ၂ နေရာပေါင်းရင်တောင် မလုံလောက်တာမို့ နှစ်ထပ်လိုင်း မန်ခိန်ဖီဒါ - မန်ခိန်ဓာတ်အားခွဲရုံမှာပါတဲ့ ရပ်ကွက်တွေတောင် ခုဆို ခါတိုင်းလောက် မီးမရနိုင်ပါဘူး” လို့ ပြောပါတယ်။
နှစ်ထပ်လိုင်း မန်ခိန်ဖီဒါမှာပါတဲ့ ရပ်ကွက်တွေကတော့ မီးသိပ်မပျက်ပါဘူး။ ရေအလုံအလောက် ရနေသေးတာမို့ လွန်ခဲ့တဲ့ မေလ တတိယပတ်ထိတော့ မီးပျက်ချိန် နည်းပေမဲ့ မေ ၃၁ ရက်မှာတော့ မန်ခိန်ဖီဒါမှာပါတဲ့ ရပ်ကွက်တွေက ၈ နာရီ အလှည့်ကျထဲ စတင်ပါဝင်လာတာဖြစ်ပါတယ်။ အဲဒီဖီဒါက အုပ်စု C ပါ။
အုပ်စု C မှာပါဝင်တဲ့ စီတာပူရပ်ကွက်မှာ နေထိုင်သူတဦးကတော့ “တော်ရုံ မီးမပျက်တာမို့ စိတ်အေးနေခဲ့တာ။ ဒီနေ့တော့ နေ့လယ် ၁ နာရီခွဲလောက်မှ မီးပြန်လာတယ်” လို့ ပြောပါတယ်။
ဘူးဂါးလျှပ်စစ်ဖြန့်ဖြူးရေးဌာန လူမှုကွန်ရက်မှာလည်း အလှည့်ကျပေးမယ့် ဖီဒါ ဓာတ်အားခွဲရုံ ရပ်ကွက်ကျေးရွာတွေကို အချိန်ဇယားနဲ့ အုပ်စုခွဲ ထုတ်ပြန်ထားပြီး အလှည့်ကျ ဖြန့်ဖြူးရာမှာ မြစ်ကြီးနား၊ ဝိုင်းမော် မြို့နှစ်မြို့အတွင်းမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဖီဒါတခုစီအလိုက် ၈ နာရီခြား ဓာတ်အားရရှိမှာ ဖြစ်ပါတယ်။
အုပ်စု A က တပ်ကုန်းဖီဒါ- ဓာတ်အားခွဲရုံ ၁၊ ပမ္မတီးဖီဒါ- ဓာတ်အားခွဲရုံ ၂၊ မြဝတီဖီဒါ- ဓာတ်အားခွဲရုံ ၃၊ မြို့မဖီဒါ- ဓာတ်အားခွဲရုံ ၃ တို့ကလွှတ်တဲ့ ဖီဒါအတွင်းက ရပ်ကွက်တွေ ပါမှာဖြစ်ပါတယ်။
အုပ်စု B ကတော့ နန်ကျင်ဖီဒါ- ဓာတ်အားခွဲရုံ ၁၊ ပြည်ထောင်ဖီဒါ- ဓာတ်အားခွဲရုံ ၂၊ မြို့သစ်ကြီးဖီဒါ- ဓာတ်အားခွဲရုံ ၃ နဲ့ ရှမ်းစုဖီဒါ- ဓာတ်အားခွဲရုံ ၃ တို့ကလွှတ်တဲ့ ဖီဒါအတွင်းရှိ ရပ်ကွက်တွေ ဖြစ်ပါတယ်။
အုပ်စု D က မပခ-ဓာတ်ခွဲရုံ ၂၊ VIP - ဓာတ်အားခွဲရုံအမှတ် ၃ နဲ့ ဝိုင်းမော် ၅၈ တပ်ရင်း- ဝိုင်းမော်ဓာတ်အားခွဲရုံမှာ ပါဝင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေ ပါဝင်ပါတယ်။
ဖီဒါအလိုက် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရာမှာ အချိန်အနည်းငယ်ခြားပြီး ပို့လွှတ်ဖြန့်ဖြူးသွားမှာ ဖြစ်တဲ့အတွက် နားလည်ပေးစေလိုတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။
အုပ်စု A B C တွေကတော့ ၈ နာရီခြား အလှည့်ကျ မီးရရှိမှာဖြစ်ပြီး အုပ်စု D ရှိ ရပ်ကွက်နဲ့ ကျေးရွာတွေကတော့ ဓာတ်အားကို ၂၄ နာရီ ရရှိမှာဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။
သဘာဝဘေးအန္တရာယ်နဲ့ ထူးခြားဖြစ်စဉ်တွေကလွဲပြီး အုပ်စုတိုင်းကို ဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ ဘူးဂါး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက ထုတ်ပြန်ထားပါတယ်။