Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပို့ကုန်ဝင်ငွေ လျော့ကျ 
DVB
·
May 30, 2023

မြန်မာနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေဟာ လက်ရှိဘဏ္ဍာနှစ် တလကျော်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆၉ ဘီလီယံ ရရှိခဲ့ပြီး မနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် လျော့ကျခဲ့ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်ကနေ မေ ၁၉ ရက်အထိ ကုန်သွယ်မှုစာရင်းတွေအရ ပင်လယ်ရေကြောင်းကနေ ပို့ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၉၆၁ သန်း၊ နယ်စပ်လမ်းကြောင်းကနေ ပို့ကုန်တင်ပို့မှုက ၆၃၅ သန်းကျော် အသီးသီးရှိခဲ့ပါတယ်။

မနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင်တော့ ပင်လယ်ရေကြောင်းကနေ ပို့ကုန်တင်ပို့မှုက ကန်ဒေါ်လာ သန်း ၃၅၀ ကျော်၊ နယ်စပ်ကနေ တင်ပို့မှုက ကန်ဒေါ်လာ ၇၇ သန်း အသီးသီး လျော့ကျနေပါတယ်။

ပို့ကုန်ကဏ္ဍ ၇ ခုအနက် ၆ ခုမှာ တင်ပို့မှုလျော့ကျခဲ့တာ တွေ့ရပြီး လယ်ယာထွက်ကုန် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၃၅ သန်း၊ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုက သန်း ၂၁၀ ကျော်၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှာ ၅၅ သန်း မနှစ် ကာလတူထက် ေလျာ့ကျခဲ့ပြီး ရေထွက်ပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာ ၁၉ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုက ဒေါ်လာ ၃ သန်းကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာ ၁၁ သန်း အသီးသီး လျော့ကျနေပါတယ်။

မနှစ် ကာလတူအခြေအနေနဲ့ နှိုင်းယဉ်ရင် မြန်မာနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေရရှိမှုက တလကျော်အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၃၀ ကျော် လျော့ကျနေပြီး သွင်းကုန် ပြန်တင်သွင်းမှုကတော့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး ပိုမိုတင်သွင်းထားတာ တွေ့ရပါတယ်။

ပို့ကုန်ထက် သွင်းကုန်ပိုမိုတင်သွင်းခြင်းက နိုင်ငံခြားငွေ ရှားပါးပြတ်လပ်မှုကို ဖြစ်စေပြီး ဘဏ္ဍာရေးလိုငွေပြမှုကိုလည်း ပိုများလာစေပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ စိုက်ပျိုးရေး သွင်းအားစုဈေး မြင့်တက်မှု၊ စစ်ရေးပဋိပက္ခတွေကြောင့် စိုက်ပျိုးရေး ကောင်းကောင်းမလုပ်နိုင်မှုတို့ကြောင့် လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကြောင့်လည်း ဆန်စပါး အပါအဝင် ကောက်ပဲသီးနှံတွေ အထွက်နှုန်း လျော့ကျနိုင်ခြေက ဆက်ရှိနေပါတယ်။

တဖက်မှာလည်း ကန့်သတ်ထားတဲ့ ပို့ကုန် သွင်းကုန် မူဝါဒတွေ၊ ငွေကြေးမူဝါဒတွေ အပါအဝင် လျှပ်စစ်မီး ပုံမှန်မရရှိတာ၊ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာက ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးကဏ္ဍအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိနေပါတယ်။

စစ်ခေါင်းဆောင်က ကုန်သွယ်မှုလိုငွေမဖြစ်အောင် သွင်းကုန်တွေကို စိစစ်တင်သွင်းဖို့ မကြာခဏ ညွှန်ကြားချက် ထုတ်နေပေမဲ့ လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ မေ ၁၉ ရက်အထိ တလကျော်အတွင်းမှာ ပို့ကုန်တင်ပို့နိုင်မှုထက် သွင်းကုန် ပြန်လည်တင်သွင်းမှုက ပိုများနေပြီး ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ဖြစ်ပေါ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024