မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်းနဲ့ ( ၃၂ ×၃၃ ) လမ်းကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ မြေကွက်အမှတ် (၈၁၈ ) ရှိ ၃ လွှာတိုက်ခန်းတခုမှာ မေ ၂၈ ရက် ညပိုင်းက အမျိုးသားတဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသူနေထိုင်တဲ့ အောက်ထပ်မှာ ကုန်စုံဆိုင်ဖွင့်ထားတာပြီး ည ၈ နာရီ ၄၅ မိနစ်လောက်မှာ ဆိုင်ကယ်စီး ၃ ဦးက ကိုဆွေလွင်ဦး နေတဲ့နေရာကို မေးမြန်းကာ နေအိမ်အပေါ်ထပ်ကို တက်ရောက်ပစ်ခတ်ခဲ့တာပါ။
မန္တလေးအခြေစိုက်ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက "၆၂ × ၃၂ လမ်းကြားက ကုန်စုံဆိုင် အပေါ်ထပ်မှာ ဖြစ်တာ။ ည ၈ နာရီခွဲကျော်လောက်က လူ ၃ ဦး ဆိုင်ကယ် ၁ စီးနဲ့ ဆိုင်ရှေ့နား လာရပ်တယ်။ ဆိုင်ဝန်ထမ်းကို မေးပြီး အပေါ်တက်ပစ်သွားတာလို့ ပြောတယ်။ ရောက်တော့ ပက်လက်အနေအထား ဝဲရင်ညွန့် ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ DB ဖြစ်နေပါပြီ" လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ်ရှိ ကိုဆွေလွင်ဦးလို့ သိရပြီး ရင်ဘတ် ဘယ်ဘက်ခြမ်းကို ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။
ရုပ်အလောင်းအနီးမှာ ၉ မမကျည်ဆန်ခွံ ၁ ခုနဲ့ ကျည်ဆန် ၁ တောင့်ကို တွေ့ရှိခဲ့ပြီး ပစ္စည်းပျောက်ဆုံးမှု မရှိဘူးလို့ သိရပါတယ်။
ပစ်ခတ်မှုအပြီး ည ၉ နာရီလောက်မှာ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့ပြီး ရုပ်အလောင်းအား မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အခု ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့က ဘာကြောင့် သတ်တာလဲဆိုတာ မသိရသေးပါဘူး။