
မအောင်မြင်လိုက်တဲ့ ဗုံးခွဲရန်ကြံစည်မှုနဲ့ ဆက်စပ်ပြီး ဘယ်လ်ဂျီယံမှာ အကျဉ်းချခံထားရတဲ့ အီရန် သံတမန် တဦးနဲ့ သူလျှိုလုပ်မှုနဲ့ အီရန်မှာ အကျဉ်းကျခံနေရတဲ့ ဘယ်လ်ဂျီယံ အကူအညီပေးရေး ဝန်ထမ်းတို့ကို အိုမန်က ကြားဝင်ညှိနှိုင်းပေးတဲ့ အကျဉ်းသားအလဲအလှယ်မှာ မေ ၂၆ ရက်က လွတ်မြောက်လာခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောပါတယ်။
အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ သူတို့ကို ဘရပ်ဆဲလ်နဲ့ တီဟီရန် မြို့အသီးသီးကနေ အိုမန်နီမြို့တော်ကို ခေါ်ဆောင်ဖို့ သဘောတူညီချက် ရရှိထားကြောင်း အိုမန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းမှာ ပြောထားပါတယ်။
အီရန်သံတမန် အဆာဒိုလာ အက်ဆာဒီကို ပြင်သစ်မှာ ဗုံးခွဲရန်ကြံစည်မှုနဲ့ ဆက်စပ်ပြီး ၂၀၂၁ ခုနှစ်မှာ ဘယ်လ်ဂျီယံမှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပြီးတော့ ထောင်ဒဏ် အနှစ် ၂၀ ကျခံခဲ့ရတာပါ။
ဘယ်လ်ဂျီယံ အကူအညီပေးရေးလုပ်သား အိုလီဗီယာ ဗန်ဒယ် ကက်စ်တီးလ် ကတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အီရန်နိုင်ငံကို လာရောက် လည်ပတ်ချိန်မှာ သူလျှိုလုပ်မှု နဲ့ အဖမ်းခံရတာဖြစ်ပြီး ဇန္နဝါရီလမှာ ကြိမ်ဒဏ် ၇၄ ချက်နဲ့ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခံရခဲ့ရတာပါ။
အီရန်နိုင်ငံက သူ့ရဲ့ပြစ်ဒဏ်ကို ထပ်တိုးမြှင့်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့အကြောင်း ရှိထားတယ် လို့ ဘယ်လ်ဂျီယံအစိုးရက မေ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးကတော့ သူတို့ရဲ့နိုင်ငံသားတွေအပေါ် လုပ်ကြံခံရမှုအဖြစ် စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။
အီရန်သံတမန် အက်ဆာဒီဟာ တီဟီရန် ကို ပြန်ရောက်ရှိလာတာကို အီရန်နိုင်ငံပိုင် TV က ထုတ်ပြန်ခဲ့ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူ အလီ ဘာဟာဒိုရီ ဂျာရိုမီ အပါအဝင် တာဝန်ရှိသူတွေနဲ့ အတူ ထိုင်နေတာကို ပြသခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှ အကူအညီပေးရေး ဝန်ထမ်း အိုလီဗီယာ ဗန်ဒယ် ကက်စ်တီးလ်လည်း မေ ၂၆ ရက် ညပိုင်းမှာပဲ အီရန်နိုင်ငံကနေ ဘလ်ဂျီယံကို ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ရိုက်တာ သတင်းရုပ်သံ ထုတ်လွှင့်သွားပါတယ်။