
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ တာ့ခ်နဲ့ ကိုင်ကို့စ်မှာ အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် အမျိုးသမီးတဦးဟာ ငါးမန်းတိုက်ခိုက်ခံရတာကြောင့် ပြင်းထန်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တော်ဝင် တာ့ခ်နဲ့ ကိုင်ကို့စ် ကျွန်းစုရဲတပ်ဖွဲ့က ပြောပါတယ်။
မေ ၂၄ ရက် ညက ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ သတင်းအရ အသက် ၂၂ နှစ်အရွယ် အမည်မသိ အမျိုးသမီးနဲ့ သူ့သူငယ်ချင်းတို့ဟာ နိုင်ငံရဲ့ တတိယအကြီးဆုံးကျွန်းဖြစ်တဲ့ ပရိုဗိုက်ဒန်စီရယ်ကျွန်းမှာ ရေလွှာလျှောစီးနေကြချိန် တိုက်ခိုက်ခံရတာလို့ ရဲတပ်ဖွဲ့က ကြေညာပါတယ်။
ဒေသစံတော်ချိန် ညနေ ၃ နာရီ ၇ မိနစ်လောက်မှာ အပန်းဖြေစခန်း ဝန်ထမ်းတဦးက လူနာတင်ယာဉ် တောင်းဆိုဖို့ ရဲတပ်ဖွဲ့ကို ဖုန်းဆက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
“နစ်နာသူ အမျိုးသမီးဟာ ငါးမန်းကိုက်ခံရတာကြောင့် ခြေထောက်ပြတ်သွားတာကို ဝန်ထမ်းက ပြောပြခဲ့တယ်” လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ပြင်းထန်တဲ့ အခြေအနေမှာ ရှိေနတဲ့ အမျိုးသမီးကိုတော့ ချက်ရှယ်ခန်းမဆေးစင်တာကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဖလော်ရီဒါတက္ကသိုလ်ရှိ နိုင်ငံတကာ ငါးမန်းတိုက်ခိုက်ခံရမှု မှတ်တမ်းမှာ ငါးမန်းတိုက်ခိုက်ခံရမှုဟာ ရှားပါးပြီး ၂၀၂၂ ခုနှစ်က ကမ္ဘာပေါ်မှာ ငါးမန်းတိုက်ခိုက်ခံရမှု ၅၇ ကြိမ်သာရှိပြီး ၅ ယောက် သေဆုံးမှုရှိခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
ငါးမန်းတိုက်ခိုက်မှု အများစုမှာ ငါးမန်းဟာ လူသားကို တခြားသားကောင်တွေအထင်နဲ့ မှားယွင်းတိုက်ခိုက်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။