Sunday, June 11, 2023
HomeLead Storyပါကစ္စတန်တွင် ဆန္ဒပြခဲ့သည့် အရပ်သား ၁၆ ဦးကို စစ်ဘက်ဆိုင်ရာရုံးသို့ လွှဲပြောင်း

ပါကစ္စတန်တွင် ဆန္ဒပြခဲ့သည့် အရပ်သား ၁၆ ဦးကို စစ်ဘက်ဆိုင်ရာရုံးသို့ လွှဲပြောင်း

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့အရှေ့ပိုင်းရှိ တရားရုံးတခုဟာ အခုလအတွင်း ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို ဖမ်းဆီးပြီးနောက် အကြမ်းဖက်ဆန္ဒပြမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိသူ အရပ်သား ၁၆ ဦးကို  မေ ၂၅ ရက်က စစ်ဘက်ဆိုင်ရာရုံးကို လွှဲပြောင်းပေးလိုက်ပါတယ်။

အဲဒီ သံသယရှိသူ ၁၆ ယောက်ထဲမှာ နောက်လာမယ့် ပြည်နယ်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ခန်းရဲ့ ပီတီအိုင်ပါတီမှ အဖွဲ့ဝင်တယောက် ပါဝင်နေကြောင်း ခန်းရဲ့ ဥပဒေရေးရာအဖွဲ့မှ အကြီးတန်းအဖွဲ့ဝင် အက်ဇ်ဟာ ဆီဒစ်ကေးက ပြောပါတယ်။

လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်ဟာ လူအုပ် ဖျက်ဆီးခံခဲ့ရတဲ့ ပါကစ္စတန် ပက်ရှ်ဝါ ရေဒီယိုဌာနကိုမနေ့က သွားရောက်ခဲ့ပါတယ်။

“ပစ္စည်းတွေကို ဖျက်ဆီးသူတွေ၊ ဖျက်ဆီးဖို့ လမ်းညွှန်ပေးသူတွေ၊ ကြံစည်သူတွေ၊ စစ်စခန်းတွေကို တိုက်ခိုက်ဖို့ နှိုးဆော်သူတွေ၊ အရပ်ဘက် ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်သူတွေဟာ သက်ညှာခွင့်နဲ့ မထိုက်တန်ပါဘူး” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ခန်းဟာ မေ ၉ ရက်က ဖမ်းဆီးခံခဲ့ရပြီးနောက် ၂ ရက်အကြာမှာ တရားရုံးချုပ်က ခန်းကို ဖမ်းဆီးတာဟာ ဥပဒေမဲ့ဖြစ်နေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ခန်းကို ဖမ်းဆီးပြီးနောက်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး ဆန္ဒပြသူတွေဟာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ လာဟိုးရှိ ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးရဲ့ နေအိမ်ကို မီးရှို့ခံခဲ့ရပါတယ်။

အကြမ်းဖက်မှုအပြီးမှာ စစ်တပ်က အခြေခံအားဖြင့် နိုင်ငံတော်ရဲ့ရန်သူတွေကို ကျင့်သုံးလေ့ရှိတဲ့ စစ်ခုံရုံးတွေမှာ သံသယရှိသူတွေကို စစ်ဆေးသွားမယ်လို့ ပြောထားပါတယ်။

ဥပဒေနဲ့အညီ ဒီဆုံးဖြတ်ချက်ကို ချမှတ်ပြီး လွှတ်တော်က အဆုံးအဖြတ်ကို အတည်ပြုလိုက်တာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular