
တောင်အာဖရိကနိုင်ငံ မြို့တော်ပရီတိုရီးယား မြောက်ဘက်ရှိ ရေနဲ့ သန့်ရှင်းရေး အမြဲတမ်း ပြဿနာဖြစ်နေတဲ့ ဟမ်မန်စခရာလ်ဒေသမှာ ကာလဝမ်းရောဂါဖြစ်ပွားကြောင်း အတည်ပြုလိုက်ပြီး ခုနောက်ဆုံး ကပ်ရောဂါကြောင့် သေဆုံးသူ ၂၁ ဦး ရှိနေပါပြီ။
ကပ်ရောဂါ ဘယ်လိုစဖြစ်လဲ၊ ဟမ်မန်စခရာလ်ရဲ့ ညစ်ညမ်းတဲ့ရေကြောင့်လား ဆက်စပ်မှု ရှိ မရှိကို မသိရသေးလို့ အာဏာပိုင်တွေက ရောဂါဖြစ်ပွားမှုရဲ့ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးနေပါတယ်။
ပရီတိုးရီးယားမြို့တော်တဝိုက်ရှိ ရေဆိုးသန့်စင်တဲ့လုပ်ငန်းကို ကောင်းစွာ မထိန်းသိမ်းနိုင်ခဲ့ကြောင်း တောင်အာဖရိကရဲ့ လက်ထောက် ရေနဲ့မိလ္လာဝန်ကြီး ဒေးဗစ် မာလိုဘိုက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကာလဝမ်းရောဂါဟာ မြို့တော်ရှိ စက်မှုအဖွံ့ဖြိုးဆုံးနေရာတွေထက် အာဖရိကရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေနဲ့ ပိုပြီး ဆက်စပ်နေပါတယ်။
ဟမ်မန်စခရာလ် ဒေသခံများဖိုရမ်ကို ဦးဆောင်သူ အသက် ၅၂ နှစ်အရွယ် တူမဲလို ကွိုက်သမ်င် ရဲ့ အဆိုအရ မြူနီစီပယ်ဟာ အနီးနားရှိ ရေသန့်စင်စက်ရုံကို ပြုပြင်ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့ပြီး မိလ္လာအညစ်အကြေးတွေက ရေပေးဝေမှုအတွင်းကို စိမ့်ဝင်လာခဲ့ကြောင်း ပြောပါတယ်။
“ဒီမှာဖြစ်ခဲ့တဲ့ လျစ်လျူရှုမှုဟာ တနိုင်ငံလုံးမှာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တခြားနေရာတွေမှာ တူညီတဲ့ပြဿနာတွေ ရှိနေမှာပါ” လို့ ကွိုက်သမ်င်က ပြောပါတယ်။
ရေသယ်ကားတွေ ခဏခဏ မလာနိုင်တာတဲ့အတွက် ဒေသခံတွေကို ရေသန့်ဘူးတွေ အတင်းအကျပ် ဝယ်ခိုင်းတာကြောင့် ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။
မြူနီစီပါယ် စည်ပင်သာယာရေးအဖွဲ့ကို အာဏာရ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ပါတီက ၂၀၁၆ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့ပေမဲ့ ရေအရည်အသွေး မကောင်းမွန်ကြောင်း ဒေသခံတွေက ပြောပါတယ်။
အမျိုးသားကျန်းမာရေးဦးစီးဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။