
ဖိလစ်ပိုင်အရှေ့ဘက်မှာရှိတဲ့ အနောက်ပစိဖိတ်ဒေသထဲက ဂူအမ်ကျွန်းပေါ်မှာ အဆင့် ၄ ရှိတဲ့ တိုင်ဖွန်းမုန်တိုင်း မာဝါရဲ့ ပုံရိပ်ကို အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် မိုးလေဝသ သုတေသန ပူးပေါင်းဆောင်ရွက်ရေးဌာန၊ ဂျပန်မိုးလေဝသအေဂျင်စီနဲ့ ဂျပန်လေကြောင်း ရှာဖွေရေး အေဂျင်စီ တို့က မေ ၂၄ ရက်မှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က တိုက်ခတ်ခဲ့တဲ့ အားပြင်းတိုင်ဖွန်းမုန်တိုင်းဟာ အနောက်ပစိဖိတ် သမုဒ္ဒရာကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၀ နဲ့ ဖြတ်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပါတယ်။ သေဆုံးမှု သို့မဟုတ် ဒဏ်ရာရရှိမှုဆိုင်ရာ အစောပိုင်း သတင်းတွေ မထွက်လာသေးပါဘူး။
စူပါတိုင်ဖွန်း မာဝါလို့ နာမည်ပေးထားတဲ့ မုန်တိုင်းဟာ ညတွင်းချင်းမှာပဲ တစ်နာရီ အတွင်း မိုးရေချိန် ၂ လက်မ အထိ ရွာချခဲ့တယ်လို့ အမေရိကန် အမျိုးသား မိုးလေဝသဌာန (NWS) က သူ့ရဲ့ ခန့်မှန်းချက် ထဲမှာ ဖော်ပြထား ပါတယ်။
အနောက်မြောက်ဘက်ဆီ တစ်နာရီ ၈ မိုင်နှုန်းနဲ့ ရွေ့လျားနေတဲ့ တိုင်ဖွန်းမာဝါ ကြောင့် မြေပြိုတာ၊ ရုတ်တရက် ရေကြီးတာနဲ့ အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးချက် ဆက်တိုက်ထုတ်ပြန် ထားပါတယ်။
တိုင်ဖွန်းမာဝါရဲ့ လေတိုက်နှုန်းကို ဆက်ဖီယာ ဆင်မ်ဆွန် ဟာရီကိန်း လေတိုက်နှုန်း ညွန်းကိန်းအရ ဒုတိယအပြင်းထန်ဆုံးသော အမျိုးအစား အမှတ် ၄ အဖြစ် အဆင့် ထည့်သွင်းထားပါတယ်။
ကမ္ဘာတစ်ဝှမ်း မုန်တိုင်းတွေရဲ့ ကြိမ်နှုန်းနှင့် ပြင်းထန်မှု တိုးပွားလာခြင်းဟာ လူသားတို့ကြောင့် ရာသီဥတု ပြောင်းလဲမှု ရဲ့ လက္ခဏာဖြစ်တယ်လို့ ရာသီဥတုပုံစံတွေကို လေ့လာတဲ့ သိပ္ပံပညာရှင် တွေက ဆိုပါတယ်။
အင်္ဂါနေ့ညမှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က မုန်တိုင်းဆိုင်ရာ အရေးပေါ် ကြေငြာချက်ကို အတည်ပြုခဲ့ပြီး အမေရိကန် ပြည်ထောင်စုရဲ့ စစ်ရေးအရတည်ရှိတဲ့ ဂူအမ်ကျွန်း အတွက် ပြည်ထောင်စု အကူအညီကို ခွင့်ပြုပေးခဲ့ပါတယ်။