Home
မြန်မာသတင်း
ကျောင်းအပ်လက်ခံသည့်နေ့တွင် ကျောင်းသားကျောင်းသူ ၁ သန်းကျော်ကျောင်းအပ်
DVB
·
May 25, 2023

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ မေလ ၂၃ ရက်နေ့က စတင်ပြီး ကျောင်းအပ်လက်ခံခဲ့ရာ ပထမဆုံး ကျောင်းအပ်လက်ခံတဲ့နေ့မှာပင် ကျောင်းသား ကျောင်းသူ ၁ ဒသမ ၃ သန်းကျော် ကျောင်းအပ်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဌာနက သိရပါတယ်။

ဒီလိုကျောင်းအပ်လက်ခံတဲ့ ပထမဆုံးနေ့မှာပင် ၁ သန်းကျော်လောက် ကျောင်းအပ်နှံခဲ့တာဟာ မူလတန်းအဆင့် ကျောင်းအပ်နှံမှုကြောင့်ဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မူလတန်း ကျောင်းသား ကျောင်းသူ ၁ သန်းကျော်အထိ ကျောင်းအပ်ခဲ့တယ်လို့ သိရပါတယ်။

အလယ်တန်းအဆင့်ကတော့ ၂ သိန်းကျော်လောက် ကျောင်းအပ်ခဲ့ကြပြီး အထက်တန်းအဆင့်ကတော့ ၆ သောင်းကျော်လောက် ကျောင်းအပ်ခဲ့တယ်လို့ ပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အခုပညာသင်နှစ်မှာ ယခင်နှစ်ကထက် ကျောင်းသားကျောင်းသူ ပိုမိုများပြားစွာ ကျောင်းတက်နိုင်ဖို့ ရည်မှန်းထားပြီး အခုနှစ် ကျောင်းအပ်သူတွေကို ကျောင်းဝတ်စုံတစုံ၊ ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ ပေးထားပါတယ်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်က စတင်ကာ KG+12 ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျန်ရှိနေတဲ့ သင်ရိုးသစ်အတန်းတွေဖြစ်တဲ့ Grade-9 နဲ့ Grade-12 အတန်းတို့ကို ဖွင့်လှစ်သင်ကြားသွားမှာ ဖြစ်တဲ့အတွက် KG+12 သင်ရိုးသစ်နဲ့ အတန်းအားလုံးကို ဆောင်ရွက်နိုင်ပြီလို့ ကြေညာထားပါတယ်။

စစ်ကောင်စီပညာရေးဌာနက ကျောင်းအပ်လက်ခံတဲ့ စာရင်းတွေကို ဖော်ပြရာမှာ အဓိကမြို့ကြီးတွေက စာရင်းတွေလောက်သာ ကောက်ခံနိုင်ပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်းနဲ့ ကရင်ပြည်နယ် နေရာအချို့က စာရင်းတွေကိုတော့ မကောက်ခံနိုင်သေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024