စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားရွာသား လူငယ် ၃ ဦးကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အရ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ကိုနိုင်မင်းထက်၊ ကိုနေထက်လင်းနဲ့ ကိုမင်းထက်ပိုင်တို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်တရားရုံးက ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပြီး ဆန္ဒပြပွဲတွေနဲ့ CDM လှုံ့ဆော်မှုတွေမှာ ပါဝင်ခဲ့တာကြောင့် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
တင်သားရွာ ဒေသခံတဦးက “ထောင် ၂ နှစ်စီ ချလိုက်တယ်။ ဖမ်းတုန်းကတော့ PDF တွေဆိုပြီး ဖမ်းတာ။ သူတို့က စားဝတ်နေရေး မပြေလည်လို့ အထက်ပိုင်းကို ဆောက်လုပ်ရေးသွားလုပ်တဲ့ ကလေးတွေပါ။ မြို့အထွက်မှာ ဖမ်းခံလိုက်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ ၃ ယောက်ကို PDF အဖွဲ့ဝင်တွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် ဧပြီ ၁ ရက်က ကလေးမြို့အထွက် ပဲဝိုင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ပြီး တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖို့ ဒေသအသီးသီးမှာ ပေါ်ထွက်လာတဲ့ PDF တပ်ဖွဲ့တွေထဲမှာ လူငယ်တွေ အများဆုံးပါဝင်နေတာ ဖြစ်ပါတယ်။