Home
ဆောင်းပါး
ပီတာဖိုးခွားနှင့် သာဝကြင်စိုး (သရော်စာ)
DVB
·
May 20, 2023

(က)

ဒီမနက် ထူးခြားတာကတော့ အဘစောမူးသာကော အဘလုံးတုံးပါ ကရင်သင်တိုင်းအင်္ကျီတွေနှင့် ဖြစ်၏။ ဖေကြီးရောက်တဲ့အခါကျတော့ 'ကရင်သုံးယောက်' ဖြစ်သွားတာပေါ့ဗျာ။  ဖေကြီးလည်း ကရင်သင်တိုင်းနဲ့ပဲကိုးဗျ။

အဘစောမူးသာလက်ဆောင်ပေးထားတာလေး ဒီနေ့ဝတ်ခဲ့မိလို့ အခုတော့ ရေနွေးကြမ်းဝိုင်းမှာ ကရင်သုံးယောက်။ 

" လာဟေ့ ပီတာဖိုးခွား . . . မင်းလည်း သင်တိုင်းအင်္ကျီနဲ့ သိပ်လိုက်တာပဲကွာ "

" ဟုတ်လားအဘ . . . ကရင်စကားတော့သိပ်မတတ်သေးပါဘူးဗျာ၊ ' ယအယ်နား ' လောက်ပဲ တတ်သေးတယ် ခင်ဗျ "

" လူရွှင်တော်တွေပြောသလို ' ဟေး ကရင်ကြီး . . . နင်က ဘာလူမျိုးလည်း ဝေ့ ' လို့မေးရတော့မှာပေါ့ဟာ "

" ဟားဟား ဟားဟား ဟားဟား . . . . . "

မကြာခင်မှာပဲ စိမ်းသရဖူစိမ်း အဘစိမ်းမောင်နဲ့ သူ့သားကြီး လေးမောင် (ရွာကခေါ်တာကတော့ လေကြီးလွန်းအားကြီးလို့ ' လေမောင်')တို့ ပေါက်ချလာပါသဗျ။ လက်ထဲမှာလည်း ကြွပ်ကြွပ်အိတ်ကြီးတွေနဲ့။ အချိုရည်ပုလင်းတွေ ခင်ဗျ။

" တောင်ကျောင်းမှာ ဧည့်သည့်တွေရောက်နေတယ်ဆိုလို့ကွ၊ မင်းတို့လည်း လိုက်ခဲ့ကြလေကွာ "

ဘုန်းကြီးကျောင်းနဲ့ ရွာအတွက် အကူအညီပေးမယ့်ကိစ္စလို့ ဆိုတာကြောင့် လိုက်ခဲ့ကြပါတယ် ခင်ဗျ။ စိမ်းသရဖူစိမ်း ဆရာတော့်ကျောင်းဝင်းထဲမှာ ရပ်ထားတဲ့ကားကို မြင်လိုက်တော့ အဘစောမူးသာတို့က ပြုံးစိစိဖြစ်သွားကြပါတယ်။

ဖြစ်ဆို ကားမှာက အလံလေးတွေတပ်ထားတာကိုး။ အစိမ်းဧရိယာခပ်ကျယ်ကျယ်ကနေ ကြယ်ဖြူ ပါတဲ့ အနီဧရိယာကျဉ်းကျဉ်းလေးကို ထောင့်မှာ ချောင်ပိတ်ထားတဲ့ပါတီကိုးခင်ဗျ။

(ခ)

ကျောင်းပေါ်ကစကားသံတွေ ကြားရပါတယ်။

" တပည့်တော်တို့လည်း တထိတ်ထိတ်နဲ့ စွန့်စားပြီး လာခဲ့ရတာ ဘုရာ့ "

" အိမ်း . . . တိုက်ပွဲတွေ ကြမ်းနေ ဆို "

"ကြမ်းနေပါတယ် ဘုရား၊ တပြည်လုံးမှာ မြို့နယ် ၃၃၀ ရှိတာ၊ မြို့နယ် ၂၅၀ ကျော်မှာ ကြမ်းနေပါတယ် ဘုရာ့ "

စိမ်းသရဖူစိမ်းကိုယ်တော်ဘေးမှာ တိုက်ပုံအဖြူ  ပုဆိုးအစိမ်းနဲ့ ပုဂ္ဂိုလ်တွေ ဝိုင်းလို့ ခင်ဗျ။အစိမ်းရောင်ဆေးဘူးကြီးတွေလည်း လှူထားတာ မြင်ရပါတယ်။ ကျောင်းခေါင်မိုးတွေ အုတ်တံတိုင်းတွေကို အစိမ်းရောင်အသစ် ပြန်ရှိုင်းဖို့နဲ့ တူပါတယ်။

" လာကြဟေ့ . . . လာကြ . . . သိမ်းမောင်တို့၊ မူးသာတို့၊ လုံးတုံးတို့၊ လေးမောင်တို့၊ ဖေကြီးတို့ . . . "

ဆရာတော်ကမိန့်တော့ ဟိုပုဂ္ဂိုလ်တွေက လှည့်ကြည့်ပြီး ပြုံးပြကြပါတယ်။ အဘစိမ်းမောင်က အချိုရည်ပုလင်းတွေကို ဧည့်သည်တွေဆီ ကမ်းပေးပါတယ်။ လိမ္မော်တို့ ကိုလာတို့ စပတ်ကလင်တို့ ဘာတို့ပေါ့ဗျာ။ စုံလို့။ အဲသည်မှာ အဘစောမူးသာက စကားစပါတယ်။

" ' ကရင်ဆော်တာ ' မပါဘူးလားဟ "

" ဟေ . . . အဲ . . . အဲဒါ မပါဘူးကွ "

" ' ကရင်ဆော်တာ ' က မိုက်တယ်ကွ "

" ' ကရင်ဆော်တာ ' က ကြမ်းရှရှနဲ့ ခပ်ပြင်းပြင်းမို့ အရင်ကတည်းက  ကြိုက်သကွ "

အဘစောမူးသာနဲ့ အဘလုံးတုံးတို့စကားကို အားလုံး နားဆင်နေရတာပေါ့ဗျာ။ ဒီအဘတွေကလည်း ဇာတ်တိုက်မထားပါပဲလိုက်ဖက်အောင် ' ချိတ်' နိုင်ကြပါသဗျ။

" အေးကွ . . . ' ကရင်ဆော်တာ ' လိုပဲ' ကချင်ဆော်တာ ' လည်း မိုက်မှာပဲ "

"အမှန်ပဲ မူးသာရ"

" ဘာကွ . . . ' ကချင်ဆော်တာ ' ရှိတယ်လို့ တစ်ခါမှ မကြားဘူးပါဘူးကွာ "

" ဟားဟား ဟားဟား ဟားဟား . . . . "

ဟိုအရွှင်အဘနှစ်ဦးရဲ့ အတိုင်အဖောက်ထဲကို အဘစိမ်းမောင် ရောက်ရှိသွားတာပါ။

"နောင်ဆို တိုင်းရင်းသားပေါင်းစုံ စက်ရုံတွေဆီကနေ အဲသည်လို ' ဆော်တာတွေ ' သူ့ဒေသနဲ့သူ ထွက်လာတော့မှာကွ "

" အေးကွ . . ' ကရင်ဆော်တာ၊ ကချင်ဆော်တာ၊ ကယားဆော်တာ၊ ရခိုင်ဆော်တာ၊ ချင် ဆော်တာ၊ ရှမ်းဆော်တာ၊ မွန်ဆော်တာ '  "

" ဟား ဟား ဟား ဟား ဟား ဟား . . . "

အဘစိမ်းမောင်ကား ရီရမလို ငိုရမလို မအီမလည်မျက်နှာကြီးနှင့်။ ဆရာတော်လည်း ရင်တထိတ်ထိတ်မျက်နှာတော်နှင့်။ ဧည့်သည်တော်ကြီးတွေကား ပြုံးတုံးတုံး မဲ့တဲ့တဲ့ပုံစံကြီးတွေနှင့်။ ဆရာတော်က စကားလမ်းကြောင်းကို ပြောင်းပေးတော်မူပါ၏။

" အိမ်း . . ဒီရက်ထဲမှာပဲ ထိုင်းရွေးကောက်ပွဲဟာ အေးအေးချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ပြီးသွားပြီနော်။ အတုယူစရာကွ "

" ဟုတ်တယ်ကိုယ်တော်၊ အမှန်ပဲ " အဘလုံးတုံးက ထောက်ပေးနေပါလေ၏။

လူကတော့ ပြုံးစိပြုံးစိ။ အဘစောမူးသာလဲ ပြုံးစိပြုံးစိပါပဲ။ ဆရာတော်ကား ထိုင်းမှာ မဲမသမာမှုတွေ ဘာတွေ ဘာသံမှ မကြားရကြောင်း ဘာမဆိုင်ညာမဆိုင် ' ပွား ' လေရာ ဟိုအရွှင်အဘတွေမှာ ပြုံးဖြဲ ပြုံးဖြဲ ဖြစ်လာကြပြီ ဖြစ်ပါလေ၏။

" ကိုယ်တော်ပြောသလိုပဲ . . . ထိုင်းဟာအတုယူစရာကောင်းတယ် "

"အမှန်ပေါ့ ဒကာ မူးသာရဲ့"

" တပည့်တော်တို့ကတော့ မဲပေးကြတဲ့ထိုင်းပြည်သူတွေကို သဘောကျတယ် ဘုရာ့ "

" အိမ်း . . . "

"အများစုဟာ သိပ်ကိုသတ္တိရှိတယ်။ အာဏာသိမ်းပြီး တိုင်းပြည်ကိုအုပ်စိုးနေတဲ့ ပရာရွတ်ရဲ့ပါတီကိုဆန့်ကျင်ပြီး ' ပီတာ လင်ဂျရိုနတ် 'ဦးဆောင်တဲ့ Move Forward ပါတီကို ပုံ အောပြီး ထည့်ခဲ့ကြတာ အတုယူစရာပဲ "

" အဲ . . . အင်း . . . အိမ်း . . . "

' ဧည့်စိမ်း ' များလည်း ဟိုကြည့်သည်ကြည့်နှင့် ဖင်တကြွကြွ။ ထပြန်လို့လည်း မရ။ အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား ဆရာတော်နှင့် ဆက် ' ပွား ' ရန် ကြံစည်ထားပုံပါလေ။ ဆရာတော်ကား ငါပြောမိတာ မှားပါပေါ့လားဟု နောင်တရနေပုံပါ ခင်ဗျ။

"အဲသည်မှာ ထိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိမ်းမောင်တို့ပါတီဗဟိုက ပုဂ္ဂိုလ်တစ်ဦးကို အင်တာဗျူးထားတာ ကြည့်လိုက်ရတယ် "

" - - - - - - "

" အဲသည် မဲအများဆုံးရတဲ့ Move Forward ပါတီက ' ပီတာ လင်ဂျရိုနတ် ' ဟာ ' ဝန်ကြီးချုပ်ဖြစ်ဖို့ ရာခိုင်နှုန်းများနေတာကို အဲသည်ပုဂ္ဂိုလ်က ပြောဖို့စောသေးကြောင်း စောင့်ကြည့် ရမှာဖြစ်ကြောင်း ဘာညာ ပြောနေပါသဗျ"

" - - - - - - "

အစိမ်းဆရာတော်ကော အစိမ်းဒကာတော်တွေပါ မအီမသာမျက်နှာကြီးတွေနှင့်။ မြင်ရမြင်ရ ရင်ဝမသက်သာ။

(ဂ)

အဘစောမူးသာက ဆက်ပါလေ၏။ ' ပီတာ လင်ဂျရိုနတ် ' ဟာ အသက် ၄၂ နှစ်ပဲရှိသေးပြီး အမေရိကန် ဟားဗက်တက္ကသိုလ်ဆင်းဖြစ်ကြောင်း၊ ထက်မြက်ကြောင်း၊ ထိုင်းနိုင်ငံအတွက်သာမက အာဆီယံအတွက်နှင့် အထူးသဖြင့် မြန်မာနိုင်ငံအတွက် အားထားရမည့်သူဖြစ်ကြောင်း သူ့မိန့်ခွန်းတွေမှာ မြင်ရပါကြောင်း ' လွှတ် ' ပါလေ၏။

ဆရာတော်လည်း ကြွလို့မရ၊ ဟိုပုဂ္ဂို လ်တွေလည်း ထလို့မရ၊ ခွကိုကျရောဆိုပါတော့။ အဘလုံးတုံးကလည်း ဝင်ဖြည့်ပြောပါလေ၏။ အဘစောမူးသာက ရုတ်တရက် ဖေကြီးဘက် လက်ညှိုးညွှန်ကာ ပြောပါလေ၏။

" ' ပီတာ လင်ဂျရိုနတ် ' နဲ့ ဖေကြီးက ခပ်ဆင်ဆင်နော်၊ အရွယ်ကလည်း မတိမ်းမယိမ်း၊ ခုလို ကရင်သင်တိုင်းလေးနဲ့ဆိုတော့ ပိုပြီးတူပါ့ "

" ဟားဟား ဟားဟား ဟားဟား . . . . . . "

" သူ ဒီလိုကရင်သင်တိုင်းလေးဝတ်ပြီး ပြောသွားတာများ လက်ဖျားခါလောက်တယ်ဟ "

" ဆိုပါအုံး "

" ကျနော် ဘာကြောင့် ဒီအင်္ကျီကို ဝတ်ရသလဲဆိုတော့ ဒီအင်္ကျီက တခြား အင်္ကျီတွေထက်ပိုပြီး တန်ဖိုးရှိလို့ပါတဲ့ "

"ကရင်အင်္ကျီက  အရှေ့ဘက်ကော အနောက်ဘက်ကော နှစ်ဘက်လုံး အတူတူပဲ။  ကရင်အင်္ကျီမှာ အိတ်ကပ်မပါဘူး။ ကော်လာ မပါဘူး၊ အနားကွပ်မပါဘူး။ ကျနော်လည်း ကရင်အင်္ကျီလိုပဲ ဘယ်တော့မှ မထိမ်ချန်ဖူးဘူး။ ဘယ်တော့မှ မဖုံးကွယ်ဖူးဘူး။ ရှေ့မှာတစ်မျိုး နောက်ကွယ်မှာတစ်မျိုး မလုပ်ဘူး "

" နောက်မှာ ဒီလိုဆိုရင် ရှေ့မှာလည်း ဒီလိုပဲ။ ဒီအင်္ကျီမှာ အိတ်ကပ်မပါဘူ။ အပေးအယူလုပ်စရာ ဘာမှမရှိဘူး။ သိမ်းထား ဝှက်ထားစရာနေရာလည်း မရှိဘူး။ ကော်လာမရှိ ကြယ်သီးမရှိ၊ အနားကွပ်မရှိတာတွေဟာ ရိုးသားမှုနဲ့ ပကာသနမရှိတာကို ပြတာပဲ "

" အေးကွာ . . . ဒီဖိုးခွားလေး တော်လိုက်တာ "

ဆရာတော်က ရင်တမမ။ စကားဝိုင်းမှတော့ ထ၍မရ။ ဒုက္ခ ဆင်းရဲခြင်းပါတကား။ ဟိုအဘတွေကား လွှတ်၍ ပြောကောင်းနေဆဲပါ။

" ' ပီတာ လင်ဂျရိုနတ် ' က မြန်မာနိုင်ငံကစစ်အာဏာသိမ်းမှုအရေးကို ဖြေရှင်းဖို့၊ အမေရိကန်က ပြဋ္ဌာန်းထားတဲ့ Burma Act  အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းမယ်တဲ့"

" မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်။ အဲဒါကိုအကောင်အထည်ဖော်ဖို့ ထိုင်းနိုင်ငံအနေနဲ့ တွန်းအားပေးသွားမယ်တဲ့"

" ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အောင်မြင်မှု လုံးဝမရနိုင်ဘူးတဲ့ "

" ပြီးတော့ . . . မြန်မာပြည်သူတွေကို အကူအညီပေးဖို့အတွက် ထိုင်းနဲ့ မြန်မာနိုင်ငံကြားမှာ လူသား

ချင်းစာနာထောက်ထားမှုအကူအညီပေးရေးလမ်းကြောင်းတွေလည်း ဖွင့်လှစ်သွားမယ်တဲ့ "

အဘစိမ်းမောင်ကား ကျောင်းကြမ်းပြင်ကို လက်ထောက်ကာ ဖင်တကြွကြွ။ ဒီပုံစံကိုမြင်တော့ အ ဘစောမူးသာက ဒီလို ပြောလာပါတယ် ခင်ဗျ။

" မင်းက ဘာဖြစ်နေတာလဲ "

" အဲ . . . . . "

" ဖင်ကြား ခဲညပ်နေသလိုပဲ "

" အဲ . . . . . "

" မင်းတော့မသိဘူး . . . မင်းတို့အဘ ကြင်စိုး သာ၀ မအလတော့ ဖင်ကြားခဲညပ်နေပြီဆိုတာ အသေအချာပေါ့ဗျား "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024