မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဧပြီ ၂၀ ရက် မနက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် သေဆုံးကာ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT က သိရပါတယ်။
ရေစကြိုမြို့ ရုံးပေါင်းစုံနဲ့ ငြိမ်းဇာနည်တပ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့မနက် ၄ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ MBT တပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာတွေ မပါဝင်ဘဲ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရရှိပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ငြိမ်းဇာနည်တပ်စခန်းကို သိမ်းဆည်းနိုင်ခါနီးအချိန်မှာ ရဲဘော်စောလေး ကျဆုံးခဲ့လို့ ပြောက်ကျားတပ်ဖွဲ့တချို့ကို မြို့ပေါ်မှာထားခဲ့ပြီး ပြန်လည်ဆုတ်ခွဲခဲ့ကာ မီးသင်္ဂြိုဟ် ပေးခဲ့ကြတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
“မြို့ပေါ်မှာ ကျန်နေခဲ့တဲ့ ရဲဘော်တွေကတော့ ထပ်တိုက်နေတုန်းပဲ။ တိုက်ပွဲက ညပိုင်းအထိ တနေကုန်ဖြစ်နေကြတာ။ ကျနော်တို့လည်း ရဲဘော်စောလေးကို သင်္ဂြိုဟ်ပြီး ပြန်တက်တိုက်ကြမှာ။”
MBT အနေနဲ့ လက်နက်ခဲယမ်း မပြည့်စုံတဲ့ကြားထဲကနေ လက်လုပ်သေနတ်တွေနဲ့ မြို့ပြတိုက်ပွဲတွေကို ဆက်တိုက်ဖော်ဆောင်နေပေမဲ့ NUG ရဲ့ ထောက်ပံ့ကူညီမှုတွေလည်း လုံးဝမရရှိခဲ့ဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Royal Eagle၊ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃၊ ၄၊ ညောင်ဦးခရိုင်တပ်ရင်း ၃ နဲ့ ရဲဘော်ညီနောင်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။