Home
ဆောင်းပါး
“စကစလက်အောက် ရလာတဲ့ ဘွဲ့လက်မှတ်တွေ တချိန်ကျရင် ရှက်စရာဖြစ်မှာသေချာတယ်”- ဒေါက်တာသန်းလွင်ဦးနှင့် DVB မေးမြန်းချက်
DVB
·
March 30, 2023

မြန်မာပြည်တွင်း ပုဂ္ဂလိကကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု သင်ကြားတာတွေနဲ့ တခြားသင်ခန်းစာတွေကို အာဏာသိမ်း စစ်ကောင်စီက  ဥပဒေပြန်ဋ္ဌာန်း ပိတ်ပင်ဖို့ ဆောက်ရွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုနှစ် ဇန်နဝါရီလဆန်းကပြီး  စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးကနေ ပုဂ္ဂလိကကျောင်းတွေကိုလည်း မြို့နယ်ပညာရေးမှူးတွေကတဆင့် အမိန့်စာပေးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီစနစ်နဲ့သွားမယ်လို့ တဖက်မှာ ကြွေးကြော်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တဖက်မှာတော့ တဖက်မှာတော့ စစ်ကျွန်ပညာရေးကို အသက်သွင်းပြီး ကျောင်းသား လူငယ်တွေရဲ့ ဒီမိုကရေစီပညာရေးကို သင်းကွပ်ဖို့ စီမံချက်ချလုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး  Minority Affairs Institute  (MAI) တည်ထောင်သူ၊ ရန်ကုန်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံဌာနက CDM အကြီးတန်းကထိက၊ ဒေါက်တာသန်းလွင်ဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ) 

မေး - စစ်ကောင်စီက အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှု သင်ကြားတာတွေကို ဘာကြောင့် ပိတ်ပင်လာရတာလဲ။

ဖြေ - “ဘာကြောင့် အနောက်တိုင်းဒီမိုကရေစီကို သတ်တာလဲဆိုတော့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ လူငယ်တွေက သူ့ကို ပြင်းပြင်းထန်ထန် တွန်းလှန်လိမ့်မယ်လို့ မထင်ဘူးလို့ မင်းအောင်လှိုင်က ဝန်ခံထားတာရှိတယ်။ သူတို့က ၁၉၈၈ ခုနှစ်က အတွေ့အကြုံတွေကို ကြည့်ပြီးတော့မှ အာဏာသိမ်းလိုက်ရင် သာမန်ဆန္ဒပြပွဲတွေကို သူက မျှော်လင့်ထားပြီးသား။ ဆန္ဒပြပွဲကို ဘယ်လိုထိန်းကျောင်းမလဲ၊ ကိုင်တွယ်မလဲဆိုတာ သိပြီးသားပေါ့။ ခပ်ပေါ့ပေါ့ တွေးခဲ့တာပေါ့။”

“ကျနော့်အမြင်ကတော့ ၁၉၈၈ ခုနှစ်နဲ့ ဒီဘက် ၂၀၁၀ သိန်းစိန်လက်ထက်ကနေ NLD လက်ထက်မှာ ကူးပြောင်းလာတဲ့ ဒီမိုကရေစီ (စစ်တပ်အတိုင်းအတာတခုထိ ချယ်လှယ်တဲ့) ခေတ်မှာ ပွင့်လင်းလာတာက ပညာရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အတိုင်းအတာတခုအထိ ဆောင်ရွက်နိုင်ခဲ့တာတွေရှိတယ်။ ဒါကြောင့် လူငယ်တွေ သင်ကြားမှုပိုင်းမှာ အတွေးအခေါ်ရော၊ နိုင်ငံတကာတက္ကသိုလ်ချင်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိခဲ့တယ်။ တခြားနိုင်ငံက တက္ကသိုလ်တွေက ပါမောက္ခတွေနဲ့ ပြည်တွင်းပြည်ပ ကျောင်းသားဖလှယ်ရေး အစီအစဉ်တွေလည်း အများကြီးပွင့်ခဲ့တယ်။ ဒါကြောင့် လူငယ်တွေရဲ့ အတွေးအခေါ် အယူအဆတွေက ၁၉၈၈ ခုနှစ် အခြေအနေနဲ့ အများကြီးကွာသွားပြီ။”

“ဒီမိုက‌ရေစီဆိုတာ ကျနော်တို့ကိုမပေးဘဲနဲ့ တောက်လျှောက်ဖိနှိပ်ထားခဲ့ရင် ပြဿနာမရှိဘူး။ ပေးပြီးတော့မှ ဘရိတ်အုပ်လိုက်တာက ပြေးနေတဲ့မြင်းကို ဇက်ကြိုးဆွဲလိုက်သလိုပဲ လဲပြိုကြသွားတာ။ တုံ့ပြန်မှုက ပြင်းထန်လာမယ်ဆိုတာ မင်းအောင်လှိုင်က မတွက်ခဲ့ဘူး။ ဒီအနေအထားကို သူသဘောပေါက်သွားတဲ့ အခြေအနေမှာရှိတယ်။ ဒါကြောင့် ပညာရေးလွပ်လပ်ခွင့်ပေါ့၊ ပညာရေးဆိုတာ အနှောင်အဖွဲ့ကင်းရမယ်၊ လွပ်လွပ်လပ်လပ် ရှိရမယ်ဆိုတဲ့ အယူအဆကို ပေးထားလိုက်ရင် ဒီမျိုးဆက်တွေ နောက်ပိုင်းတက်လာရင် ဘယ်လိုမှ ထိန်းချုပ်လို့မရဘူး ဆိုတာကို သူသိတယ်။ ဒါကြောင့် သူ့အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်လာတဲ့သဘော ဖြစ်တယ်လို့ ကျနော်မြင်တယ်။”

မေး - အခုလိုလုပ်တာက ပြဿနာဘယ်လောက်ကြီးလဲ။ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်ပါသလဲ။

ဖြေ - “နိုင်ငံတနိုင်ငံရဲ့အသက်က ပညာရေးပဲလေ။ ပညာရေးကို ဖျက်ဆီးလိုက်ရင် အဲဒီမျိုးဆက်ကို ဖျက်ဆီးလိုက်တာပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကိုကြည့်ရင် လူငယ်တွေကိုပဲ ကြည့်ရမှာ။ လူငယ်တွေ အနာဂတ်ကောင်းရင် ဒီနိုင်ငံက ကောင်းမှာပဲ။ ဒါက ပုံသေကားချပ် ဖြစ်တယ်။ သူတို့ အခုလိုပြဋ္ဌာန်းလိုက်တာ လူငယ်တွေအတွက် စေတနာရှိတာမဟုတ်ဘူး။ တိုင်းပြည်အတွက်လည်း စေတနာရှိတာမဟုတ်ဘူး။ သေချာတာတခုက လူငယ်တွေရဲ့ အတွေးအခေါ်တွေကို ပိတ်လှောင်ဖို့ကြိုးစားတာ။ ပညာရေးကို ဝါဒဖြန့်ချိရေးယန္တရား၊ အတွေးအခေါ်သင်းကွပ်ရေး ယန္တရားအဖြစ် အသုံးချပြီး လာမယ့်မျိုးဆက်တွေရဲ့ အတွေးအခေါ်တွေကို သင်းကွပ်လိုက်တဲ့သဘောဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့အတွက်ကြောင့် လူငယ်တွေကို ဖျက်ဆီးလိုက်တာမကဘဲ နိုင်ငံကိုလည်း ဖျက်ဆီးလိုက်တာပါပဲ။ လုံးဝ ကြီးမားတဲ့ သက်ရောက်မှုရှိမှာက သေချာတယ်။”

“ကျနော်တို့ပြောနေတဲ့ စစ်ကျွန်ပညာရေးဆိုတဲ့ သဘောသဘာဝပါပဲ။ သူတို့စစ်တပ်ကို အထောက်အကူပြုပေးမယ့် ပညာရေး ဖြစ်ဖို့ဖြစ်တယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေမှာ လွပ်လပ်စွာတွေးခေါ်ခွင့် ရှိလာရင် စစ်ကျွန်ပညာရပ်လို ပြောတိုင်းလက်မခံနိုင်တော့ဘူး။ အကျိုးနဲ့အကြောင်းကို ဆင်ခြင်သုံးသပ်လာလို့ရှိရင် သူတို့အပေါ်မှာလည်း မေးခွန်းတွေ ပြန်ထုတ်လာနိုင်တဲ့အတွက် အဲလိုမေးခွန်းထုတ်တဲ့ မျိုးဆက်တွေ မထွက်လာအောင် ပညာရေးကနေ သင်းကွပ်လိုက်တာပဲ။”

“အဲလိုမျိုးဆက်တွေနဲ့ ရှင်သန်လာတဲ့ နိုင်ငံရဲ့အနာဂတ်က သေချာပေါက် နောက်ကျကျန်ခဲ့မှာပါ။ Globalization ခေတ်မှာ ပညာရေးက လွပ်လပ်စွာရှင်သန်နေတဲ့ခေတ်မှာ သူတို့ ဒီလိုလုပ်လိုက်ခြင်းက တိုင်းပြည်အကျိုးလည်း မဟုတ်ဘူး၊ လူငယ်အကျိုးလည်း မဟုတ်ဘူး။ သူတို့ အာဏာရှင်သက်ဆိုးရှည်ရေးအတွက်ပဲ ဆောင်ရွက်ထားတာ၊ အဲဒါသေချာတယ်။ တရုတ်လို အာဏာရှင်နိုင်ငံတောင်မှ ပညာရေးကို ပြင်းပြင်းထန်ထန် မနှိပ်ကွပ်ခဲ့ဘူး။ သူတို့သဘောပေါက်တယ်။ ပွင့်လင်းမြင်သာမှုပေးထားတဲ့ အခြေအနေတွေရှိတယ်။”

မေး - အရင် အာဏာရှင်ဟောင်းတွေဖြစ်တဲ့ ဦးနေဝင်း၊ ဦးသန်းရွှေတို့ လက်ထက်က အခုလို ဒီမိုကရေစီသင်းကွပ်မှုတွေက ဘယ်လိုရှိခဲ့သလဲ။

ဖြေ - “နေဝင်းအုပ်ချုပ်မှု မတိုင်ခင်တုန်းက တက္ကသိုလ်ပညာရေးနဲ့ပတ်သက်ပြီး ပြောရရင် ၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ပညာရေးအက်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေမှာတောင် ကိုလိုနီကျွန်ပညာရေးစနစ်ကို အားပေးအားမြှောက်ဖြစ်တဲ့ ဥပဒေဖြစ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသူ/သားတွေ သပိတ်တွေဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ ဆန္ဒပြပွဲတွေကြောင့် ဒီဥပဒေက အဆင့်မြင့်ပညာရေးတက္ကသိုလ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ပညာရေးမှာ လွပ်လပ်ခွင့် ရလာတယ်။”

“ဒါကြောင့် ရန်ကုန်တက္ကသိုလ်က အရှေ့တောင်အာရှမှာ အာရှအောက်စဖို့ဒ်လို့တောင် နာမည်ခေါ်တွင်တဲ့အထိ ဖြစ်လာတယ်။ အရှေ့တောင်အာရှက အထင်ကရပုဂ္ဂိုလ်တွေနဲ့ ကျောင်းသူ/သားတွေက ရန်ကုန်တက္ကသိုလ်ရဲ့ဘွဲ့ကို လေးစားတန်ဖိုးထားပြီး ယူခဲ့ကြတယ်။ အဲဒီအဆင့်မြင့်ပညာရေးစနစ်က လွတ်လပ်ရေးရလာပြီးနောက် တောက်လျှောက် ရှင်သန်ခဲ့တဲ့အတွက် အာရှမှာ ထွန်းတောက်ခဲ့တဲ့အဆင့် ဖြစ်တယ်။”

“အရင်တုန်းက ရန်ကုန်တက္ကသိုလ်က ၁၉၂၀ အက်ဥပဒေအောက်မှာဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် ဖြစ်တယ်။ အစိုးရက ကျောင်းသူ/ကျောင်းသား တယောက်ကို ဖမ်းမယ်ဆိုရင် တက္ကသိုလ်က အဓိပတိရဲ့ ခွင့်ပြုချက်မရရင် ဝင်ဖမ်းပိုင်ခွင့်မရှိဘူး။ အခုခေတ်မှာ လွှတ်တော်အမတ်တဦးကို ဖမ်းမယ်ဆိုရင် လွှတ်တော်ဉက္ကဋ္ဌရဲ့ ခွင့်ပြုချက်မရရင် ဖမ်းလို့မရသလိုမျိုးပေါ့။ ဒီအတိုင်းပဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားတဦးကို တက္ကသိုလ်ရဲ့ အဓိပတိရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ဖမ်းခွင့်မရှိဘူး။”

“အဲလိုဖြစ်စဉ်က ၁၉၃၈ ခုနှစ် ရေနံမြေသပိတ်မှာ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းက ရေနံမြေသပိတ်တွေမှာ လူထုကို သွားအားပေးခဲ့တယ်။ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်ရမယ်ဆိုတဲ့ သမိုင်းဝင်မိန့်ခွန်းကို ပြောခဲ့တာပေါ့။ အဲအချိန်က အင်္ဂလိပ်အစိုးရက သူ့ကိုဖမ်းချင်ပေမဲ့ ရန်ကုန်တက္ကသိုလ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖြစ်နေလို့ ဝင်ဖမ်းဖို့က တက္ကသိုလ်အဓိပတိဆီမှာ ခွင့်တောင်းရတယ်။ ဒါပေမဲ့ အဓိပတိက ကိုဗဟိန်းဟာ တက္ကသိုလ်ရဲ့ စည်းကမ်းဖောက်ဖျက်ထားတာ မရှိတဲ့အတွက် သူ့ကို ဖမ်းဆီးခွင့်မပေးခဲ့လို့ အစိုးရတွေက ဖမ်းခွင့်မရခဲ့ဘူး။ အဲအချိန်က တက္ကသိုလ်တွေဟာ နိုင်ငံတခုထဲမှာရှိတဲ့ နိုင်ငံငယ်လေးတခုလိုမျိုး သူ့ဘာသူ သီးခြားဖွံ့ဖြိုးနေတဲ့ အဖွဲ့အစည်းလေးတခုအဖြစ် ရပ်တည်နေခဲ့တာ။”

“ဒါက တောက်လျှောက်ဖြစ်နေပြီး နေဝင်းအာဏာသိမ်းပြီးနောက် ၁၉၆၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်အက်ဉပဒေကို ဖျက်သိမ်းခဲ့တယ်။ နောက်ပိုင်းမှာ အဆင့်မြင့်ပညာဦးစီးဌာနတခု ထူထောင်ခဲ့ပြီး တက္ကသိုလ်တွေကို အစိုးရရုံးဌာန အဖွဲ့အစည်းအောက်မှာ သွတ်သွင်းခဲ့တယ်။ ပြီးတော့မှ ဆိုရှယ်လစ်စနစ်ကို အထောက်အကူပြုတဲ့ ပညာရေးစနစ်သာ ဖြစ်ရမယ်ဆိုပြီး ၁၉၇၀ ပြည့်နှစ် ဝန်းကျင်လောက်မှာ ပြဋ္ဌာန်းခဲ့တယ်။”

“အဲဒီအချိန်ကစပြီး မြန်မာပြည်ပညာရေးက ထိုးကျလာခဲ့တယ်။ သူတို့ ဥပဒေပြဋ္ဌာန်းပြီးချင်းတော့ ထိုးမကျသေးဘဲ တက္ကသိုလ်မှာ လည်ပတ်နေတဲ့ အရင်းအမြစ် ဆရာတွေက အရင်တုန်းက ပညာရေးစနစ်နဲ့ ပျိုးထောင်ခဲ့တဲ့သူတွေရှိတော့ အဲဒီအရှိန်လေးနဲ့ အတိုင်းအတာတခုအထိ လည်ပတ်နေတယ်။ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်လောက်မှာတော့ ကျနော်တို့ပညာရေးက အရှေ့တောင်အာရှမှာရော၊ အာရှမှာပါ ဆိုးဆိုးဝါးဝါး ကျဆင်းသွားတဲ့ အခြေအနေမျိုး ဖြစ်တယ်။”

“သန်းရွှေလက်ထက်မှာ နေဝင်းလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့အတိုင်းပဲ ဆက်ပြီး လုပ်ဆောင်ခဲ့ပေမဲ့ သန်းရွှေလက်ထက်မှာ ပိုဆိုးဝါးသွားတယ်။ ၁၉၉၆ ခုနှစ်မှာ ကျောင်းသားအရေးအခင်း ထပ်ဖြစ်တယ်။ အဲဒီမှာ ကျနော်တို့လို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကို စတင်ဖိနှိပ်လာတယ်။ နိုင်ငံရေးသိပ္ပံဌာနကိုတော့ မပိတ်သိမ်းခဲ့ပေမဲ့ ကျောင်းသားတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်လိုက်တယ်။ ဒါကြောင့် နိုင်ငံရေးဌာနကို နှစ်စဉ် ကျောင်းသားတွေ ဝင်လာတာ မရှိသလောက်ကို ဖြစ်သွားတယ်။”

“နောက်တခုက တက္ကသိုလ်ဝင်တန်းမှာဆိုရင် ကျနော်တို့ခေတ်မှာ ဝိဇ္ဇာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ် ခွဲလိုက်တယ်။ နောက်ပိုင်းမှာ ကျနော်တို့ မကြားဘူးတဲ့ ဝိပ္ပံဆိုတာ ထပ်လုပ်လိုက်တယ်။ လူတိုင်းက ၁၀ တန်းတက်ပြီဆိုရင် ဆရာဝန် (သို့) အင်ဂျင်နီယာ လုပ်မယ်ဆိုတဲ့ ပရောဖက်ရှင်နယ်ကိုပဲ ရွေးကြတော့တယ်။ အဲတော့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဇီဝ၊ ရူပနဲ့ ဓာတုအတွဲ (သိပ္ပံတွဲ) ကိုပဲ ယူကြတယ်။ ဝိဇ္ဇာဘာသာရပ်ကို ယူကြတာ နည်းသွားတယ်။”

“ဝိဇ္ဇာဘာသာရပ်မှာဆိုရင်လည်း ဝိပ္ပံဆိုပြီး ပေါင်းလိုက်တဲ့အတွက်ကြောင့်မို့ တချို့ခက်ခဲတဲ့ သမိုင်းလို ဘာသာရပ်မျိုးတွေကို ကျောင်းသားအများစုက မယူကြတော့ဘူး။ တချို့သော စာသင်နှစ်တွေမှာ သမိုင်းဘာသာရပ်ကိုဖြေတဲ့ ကျောင်းသား မရှိဘူး။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွေနဲ့ ပတ်သက်ပြီး မျိုးဆက်သစ်ကျောင်းသားတွေမှာ ဘာမှမသိတော့တဲ့ပုံစံမျိုး လုပ်ခဲ့တယ်။ အဲလိုလုပ်ပြီး နိုင်ငံရေးဘာသာရပ် ဝင်မယ်ဆိုရင် သူတို့က သမိုင်းနဲ့အောင်တဲ့သူ ဖြစ်ရမယ်ဆိုပြီး ကန့်သတ်လိုက်တယ်။”

“ဒါပေမဲ့ ၁၀ တန်းမှာ သမိုင်းဘာသာကို ဖြေတဲ့သူက မရှိဘူး။ ဒါကြောင့် သမိုင်းနဲ့အောင်တဲ့ ကျောင်းသားက မရှိတော့လို့ ကျနော်တို့တက္ကသိုလ်မှာ ဝင်လာတဲ့ကျောင်းသားက မရှိတော့ဘူး။ ဝင်လာခဲ့ရင်တောင် အဲဒီတယောက်ကလည်း တော်တော်ကြီးကို ညံ့ဖျင်းတဲ့ကျောင်းသား ဖြစ်တယ်။ ဘယ်လိုမှ သင်မရတဲ့ကျောင်းသား ဖြစ်တယ်။ ဌာနကိုတော့ သူတို့ မဖျက်သိမ်းလိုက်ပေမဲ့ သူ့ဘာသာပြိုသွားအောင်ကို လုပ်ခဲ့တာ။ အဲသဘောတရားတွေနဲ့ နှိပ်ကွပ်လိုက်တာ။ ဆိုလိုတာက နိုင်ငံရေးသဘောတရားတွေ၊ အတွေးအခေါ်တွေ မဖြစ်လာအောင် သူတို့လုပ်လိုက်ခဲ့တယ်။”

“ကျနော်တို့နှစ်မှာဆိုရင်လည်း အာဏာရှင်တွေကို ထိပ်ဆုံးကနေ ဦးဆောင်တော်လှန်ခဲ့တဲ့ ကျောင်းသားအများစုက နိုင်ငံရေးပညာရပ်ကို သင်ကြားထားတဲ့ ကျောင်းသား/သူတွေဖြစ်လို့ သူတို့အတွက် အန္တရာယ်လို့ ယူဆတဲ့အတွက် လူငယ်တွေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို သင်းကွပ်လိုက်တယ်။ သူတို့ သွတ်သွင်းချင်တဲ့ အတွေးအခေါ် ပညာရေးစနစ်ကိုပဲ သူတို့လုပ်ခဲ့တယ်။”

မေး - တက္ကသိုလ်ကျောင်းသားတွေကို နိုင်ငံရေးပါတီဝင် မဖြစ်ရဘူးဆိုတာမျိုး ကန့်သတ်ထားတာ ပြီးခဲ့တဲ့နှစ်တွေက ရှိခဲ့တယ်။ ဒါက ဘယ်လိုဖြစ်သင့်လဲ။

ဖြေ - “တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေ နိုင်ငံရေးပါတီဝင် မဖြစ်ရဘူးဆိုတဲ့ဟာက ပညာရေးလွတ်လပ်ခွင့်မရှိဘူး ဖြစ်သွားတယ်။ ပညာရေးလွတ်လပ်ခွင့်ရှိတယ်၊ လွတ်လပ်စွာ အသင်းအဖွဲ့ စုဖွဲ့ပိုင်ခွင့်ရှိတယ်။ ကျောင်းသားသမဂ္ဂတွေမှာ ဖွဲ့စည်းပါဝင်ခွင့်ရှိတယ်။ ကျောင်းသားတဦးက ပါတီဝင်မဟုတ်ဘဲ အရည်အချင်းရှိတယ်ဆိုရင် သူကိုယ်တိုင် ပါတီထောင်ခွင့်တောင် ရှိတယ်။ ကျောင်းသားတဦးက နိုင်ငံရေးပါတီဝင် ဖြစ်ချင်းမဖြစ်ချင်းနဲ့ ပါတီထောင်ထားလို့လည်း ပညာရေးအပေါ်မှာ သက်ရောက်စရာအကြောင်းမရှိဘူး။”

“လူတယောက်က ဒီမိုက‌ရေစီစနစ်ကို ကျင့်သုံးတယ်ဆိုရင် လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရှိတယ်။ ကျနော်တို့ တက္ကသိုလ်ဆရာများသမဂ္ဂမှာလည်း ပါဝင်ခဲ့တော့ ကျနော်တို့ တောက်လျှောက်တောင်းဆိုနေတာက လွတ်လပ်စွာ အသင်းအဖွဲ့ စုစည်းပိုင်ခွင့်နဲ့ ပညာရေးလွတ်လပ်ခွင့်ဖြစ်တယ်။ ပညာရေးအဖွဲ့အစည်းတွေ လွတ်လပ်စွာ တည်ထောင်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို ကျနော်တို့မှာ ဆောင်ရွက်ပိုင်ခွင့်ရှိတယ်။”

“မင်းအောင်လှိုင်တို့ ဒီနေ့ပြဋ္ဌာန်းလိုက်တဲ့ ပြဋ္ဌာန်းချက်က ဖက်ဒရယ်စနစ်ကို သွားထိခိုက်တယ်။ ဖက်ဒရယ်စနစ်ဆိုတာ သက်ဆိုင်ရာ ပြည်နယ်၊ ဒေသအလိုက်မှာ ပညာရေး၊ ကျန်းမာရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်။ အခု သူတို့ပြဋ္ဌာန်းလိုက်တာက ဗဟိုဦးစီးချုပ်ပိုင်ခွင့် ဖြစ်ပြီးတော့ ပြည်နယ်တွေမှာ လွတ်လပ်စွာပြဋ္ဌာန်းပိုင်ခွင့်ရှိတဲ့ ပညာရေးကိုပါ အုပ်စီးလိုက်တဲ့သဘော ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ပြဋ္ဌာန်းချက်တွေကို ကြည့်မယ်ဆိုရင် ဖက်ဒရယ်စနစ်ကို ပေးမယ်ဆိုတာလည်း နိုင်ငံရေးအယောင်ပြ (တနည်းအားဖြင့်) လူမြင်ကောင်းအောင် လုပ်ထားတဲ့စနစ်ဆိုတာ ပေါ်လွင်နေတယ်။”

မေး - ဒီမိုကရေစီကို သင်းကွပ်နေတဲ့လုပ်ရပ်ကို NUG အနေနဲ့ ဘယ်လိုဖြေရှင်းသင့်လဲ။ ဘာလုပ်သင့်လဲ။

ဖြေ - “ပြောရမယ်ဆိုရင် ကျနော်တို့က ကိုင်းဖျားကိုင်းနားတွေကို ခုတ်ဖြတ်ရုံနဲ့တော့ မရတော့ဘူး။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ဖြတ်မှာပဲ ရနိုင်တော့မယ်။ ဒါမှသာ လွတ်လပ်တဲ့ပညာရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်လို့ရမှာ။ NUG က ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းပြီး စာတွေသင်ပေးနေတယ်ဆိုပေမဲ့ သူ့မှာလည်း အကန့်အသတ်တွေက အများကြီးပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် စကစပညာရေးကို မတက်ချင်လို့ NUG ရဲ့ ပညာရေးကို ဆက်သွယ်လာတဲ့ လူထုကို အပြစ်မပြောချင်ဘူး။ ဒါပေမဲ့ NUG မှာဆိုရင်လည်း လုံခြုံရေးပိုင်းဆိုင်ရာစည်းတွေ ကျိုးပေါက်လာတာမျိုးတွေ ရှိတယ်။”

“နောက်တခုက တော်လှန်ရေးကာလတခုလည်း ဖြစ်တယ်။ ဒီကာလမှာ ကြားကာလပညာရေး လုပ်ရတယ်ဆိုတာ မှန်ပေမဲ့ တော်လှန်ရေးကို တော်လှန်‌ရေးပုံစံ မဖန်တီးဘူးဆိုရင် ဒါက တော်လှန်ရေးကို နှောင့်ယှက်ဟန့်တားလာတဲ့အရာ ဖြစ်လာလိမ့်မယ်။ လုပ်နေတဲ့ပညာရေးကိုလည်း ထိထိ‌ရောက်ရောက် လုပ်နိုင်မှာမဟုတ်ဘူး။”

“ကြားကာလမှာ ပညာရေးက နှောင့်နှေးကြန့်ကြာတယ်ဆိုတာ လက်ခံတယ်။ ကျနော်တို့ဆိုရင် ၁၉၈၈ ခုနှစ်ကို ဖြတ်သန်းလာတဲ့ မျိုးဆက်တွေဖြစ်တယ်။ ၁၉၈၈ ခုနှစ်မှာ ကျနော်က ဆယ်တန်းရောက်နေပြီ။ ဒါပေမဲ့ တက္ကသိုလ်ကို ၁၉၉၃ ခုနှစ်မှ တက်ရတယ်။ ငါးနှစ်ကျော်လောက် ဟသွားတယ်။ အဲဒီကာလမှာ အင်တာနက်တွေမရှိဘူး။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာ ကျောင်းသားအရေးအခင်း ထပ်ဖြစ်တယ်။ ကျောင်းတွေထပ်ပိတ်တယ်။ ၂၀၀၀ ပြည့်နှစ်လောက်ကျမှ တက္ကသိုလ်တွေ ပြန်ဖွင့်တယ်။ ဆိုလိုတာက ကျနော်တို့တုန်းကဆိုရင်  ကိုးနှစ်လောက် ကျောင်းမတက်ခဲ့ရတာတွေ ဖြစ်ခဲ့တယ်။”

“ဒီဘက်နှစ်မှာဆိုရင် ကိုဗစ်-၁၉ ရောဂါနဲ့ အာဏာသိမ်းမှုဖြစ်တော့ သုံးနှစ်လောက်တော့ ခံသွားတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်က ဒစ်ဂျစ်တယ်နည်းပညာတွေ တိုးတက်လာတယ်၊ အွန်လိုင်းတွေ တိုးတက်လာတဲ့အတွက် ဒီပလက်ဖောင်းကိုသုံးပြီးတော့ ပညာရေးကို သွားနေကြတာတွေရှိတယ်။ ကျနော့်အနေနဲ့ မြင်ချင်တာက သမားရိုးကျပညာရေးကို အခုချိန်မှာ လုပ်တာထက်စာရင် တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ သင်ခန်းစာမျိုး၊ ‌ကျောင်းသူ/သားတွေရဲ့ အသိတရားနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ အတွေးအခေါ်ကို အားပေးတဲ့ သင်ခန်းစာမျိုးတွေကို သွားသင့်တယ်။”

“အတန်းပညာသင်ပေးတာထက်စာရင် အစောစောကပြောတဲ့ ပညာရေးကို သွားသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အတန်းပညာကို သင်ခန်းစာကိုသွားရင် လက်ရှိ မြေပြင်မှာ ဦးစီးဦးဆောင်နေတဲ့ တော်လှန်ရေးကိုလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ပြောမယ်ဆိုရင် ဖွတ်မရ ဓားမဆုံး ဆိုတဲ့ အဖြစ်မျိုး ကြုံလာနိုင်တဘ်။ အခု ကျနော်က Minority Affairs Institute - MAI အဖွဲ့ကို ထူထောင်ပြီး သမားရိုးကျပညာရေးကို ပေးတာမဟုတ်ဘူး။ ခေတ်ကာလအဆက်ဆက်က ဖြတ်သန်းခဲ့တဲ့ လူငယ်တွေနဲ့ လူငယ်တွေမှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံရေးအတွေးအခေါ်တွေ ပေးလို့ရအောင် သင်ခန်းစာအတိုတွေ ပေးနေတာဖြစ်တယ်။ အတန်းတက်သွားတာထက်စာရင် ရှိသင့်ရှိထိုက်တဲ့ အတွေးအခေါ် အယူအဆတွေ ပေးနေတာဖြစ်တယ်။”

“NUG အနေနဲ့ ဒါမျိုးသင်တန်းတွေပေးရင် ကျနော်တို့က လက်ခံတယ်။ သမားရိုးကျပညာရေးသွားတာတော့ ကျနော် လက်မခံဘူး။ အဓိကက ပီပြင်ဖွံ့ဖြိုးတဲ့ ပညာရေးထူထောင်ဖို့ဆိုရင် စကစအမြစ်ကိုဖြတ်မှ လုပ်နိုင်မှာဖြစ်တယ်။ ဒီစကစကို မဖြတ်ဘဲ စကစကိုဆန့်ကျင်တဲ့ ပညာရေးစနစ် ထူထောင်နေမယ်ဆိုရင် ကိုင်းဖျားကိုင်းနား လိုက်ခုတ်ဖြတ်နေသလိုမျိုး ထိရောက်မှုမရှိဘူးလို့ ကျနော်မြင်တယ်။ အဓိကကတော့ စကစဖြုတ်၊ ဒီမိုကရေစီပြန်ရအောင်လုပ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ ပညာရေး၊ စီးပွားရေး ကဏ္ဍအသီးသီးက နိုင်ငံရေးအခင်းအကျင်းကောင်း ဖန်တီးနိုင်မှ ဖွံ့ဖြိုးတိုးတက်တဲ့ ဝန်းကျင်တခုကို ထူထောင်နိုင်မှာဖြစ်တယ်။ နိုင်ငံရေးမကောင်းရင် ကျန်တာ ဘာမှ ကောင်းတာလုပ်လို့မရဘူး ဖြစ်နေတယ်။”

မေး - လက်ရှိ NUG အစိုးရက ဆောင်ရွက်နေတဲ့ ပညာသင်ကြားမှုပုံစံနဲ့ ပတ်သက်ပြီးတော့ ရော ဘယ်လို မြင်ပါသလဲ။

ဖြေ - “NUG က သမားရိုးကျပညာရေးကို သွားချင်တဲ့ပုံစံမျိုး၊ တက္ကသိုလ်တွေထူထောင်တဲ့ ပုံစံမျိုးလေးတွေ ရှိတယ်။ ကျနော့်အမြင်ကတော့ ဖြစ်သင့်ဖြစ်ထိုက်တာကို ဦးစားပေး လုပ်သင့်တယ်။ နောက်တခုက ကိုယ့်ကိုယ်ကိုယ် မြေပြင်ကိုစိုးမိုးတဲ့ အစိုးရတရပ်လို သတ်မှတ်ခံယူနေတာ၊ လုပ်ဆောင်နေတာက တော်လှန်ရေးကို အနှောင့်အယှက် ဖြစ်စေတယ်။”

“ကျနော့်အမြင်အရ တော်လှန်ရေးကာလမှာ ပညာရေးဝန်ကြီးဌာနဆိုတာက မလိုအပ်ဘူး။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးကာလမှာ ပညာသင်ကြားရေးက လုပ်ရမယ်ဆိုပေမဲ့ တော်လှန်ရေးကို အထောက်အကူပြုတဲ့ ပညာရေးကို လုပ်သင့်တယ်လို့ ကျနော်က ယူဆတယ်။”

မေး - ကျောင်းသားမိဘအများစုက ဒီမိုကရေစီကို လိုချင်ကြတယ်။ အာဏာသိမ်းစမှာ ကျောင်းတွေမထားကြဘူး။ နောက်ပိုင်းတော့ ကလေးတွေပညာရေး နောက်မကျစေချင်လို့ဆိုပြီး ပြန်ထားကြတယ်။ ဆိုတော့ လက်ရှိအခြေအနေမှာ မိဘတွေ ဘာလုပ်သင့်လဲ။

ဖြေ - “ကျနော့်ကလေးတွေဆိုရင်လည်း ကျနော့်ကြောင့် ပညာလည်း သင်ခွင့်မရကြဘူး။ ဘာလို့လဲဆို‌တော့ ကျနော့်ကို စကစက ပုဒ်မ ၅၀၅ နဲ့ ဝရမ်းထုတ်ထားတဲ့အတွက် ကျနော့်ကလေးတွေ ကျောင်းသွားတက်ရင် ဓားစာခံအနေနဲ့ ဖမ်းဆီးခံရနိုင်တယ်။ ဗမာပြည်ထဲမှာ ကျောင်းတက်ဖို့ အခြေအနေက သမားရိုးကျပညာရေး သွားလို့မရသလို နိုင်ငံခြားမှာ ကျောင်းထားဖို့လည်း ကျနော် မတတ်နိုင်ဘူး။”

“ကျောင်းသားမိဘတဦးအနေနဲ့ ပြောရရင် ဘာသာရပ်အလိုက် ကျွမ်းကျင်တဲ့ ကျနော့်မိတ်ဆွေ ဆရာ/မတွေဆီမှာ ကျနော့်ကလေးကို ဘွဲ့ရဖို့၊ အတန်းတက်ထက်ဖို့စာရင် ရှိသင့်ရှိထိုက်တဲ့ အသိပညာရှိဖို့ အွန်လိုင်းကနေ လုပ်ပေးနေတယ်။ ကလေးတွေမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂလိပ်စာ၊ သင်္ချာ အရည်အသွေးတွေ ရှိဖို့လိုတယ်။”

“နောက်တခုက လူမှုရေးသိပ္ပံဘာသာရပ်တွေကို အတန်းတက်ဖို့ထက် ရှိသင့်ရှိထိုက်တဲ့ အတွေးအခေါ်တွေဖြစ်အောင် သင်ခိုင်းထားတယ်။ အခု ကျနော့်သမီးဆိုရင် ၉ တန်းမှာ ကိုဗစ်-၁၉ ဖြစ်တယ်၊ ပြီးတော့ အာဏာသိမ်းမှုဖြစ်တာနဲ့ သူ့ပညာရေးက ရပ်သွားတယ်။ ဒါကြောင့် သူ့ကို GED ပညာရေးသင်ခန်းစာတွေ လုပ်ခိုင်းထားတယ်။ GED ဆိုတာ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ အမေရိကန်ပညာရေးစနစ်ပေါ့။ သူက အထက်တန်းအောင်ရင် တက်လို့ရတယ်ဆိုတာ သတ်မှတ်ထားတယ်။ အဲဒါကို ကျနော်က သမီးကို ပြင်ဆင် ဖြေခိုင်းထားလိုက်တယ်။ အဲဒါအောင်သွားရင် သူက ဗမာပြည်သာမကဘဲ နိုင်ငံတကာလည်း သွားလို့ရတယ်။”

“အဆိုးဆုံးပြောရရင် ကျနော်တို့တော်လှန်‌ရေးက နောက်ငါးနှစ်ကြာခဲ့ရင်တောင် ဘာလုပ်လို့ရလဲဆိုရင် ပညာတော်သင်ဆုတွေ လျှောက်လို့ရနိုင်တယ်။ အဲလို အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်။ ဒါကို ကျနော်တို့ မြင်ဖို့လိုတယ်။ ဆိုလိုတာက စကစရဲ့ ပညာရေးစနစ်မှာ တက်လိုက်ရင် အတန်းတက်ရင်တက်သွားမယ်၊ အောင်ရင်အောင်သွားမယ်။ သေချာပေါက်က အတွေးအခေါ်မဲ့တဲ့ ပညာရေး၊ ဆင်ခြင်တုံတရားမဲ့တဲ့ ပညာရေးပဲ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးဆိုတာ တွေးခေါ်မြော်မြင်မှုကို သွားရမယ်လို့ တကမ္ဘာလုံးက လုပ်နေတဲ့အချိန်မှာ ကြက်တူရွေးနှုတ်တိုက်နဲ့ အတွေးအခေါ်မရှိတဲ့ ပညာရေးစနစ်ကို သွားမယ်ဆိုရင် မဖြစ်ဘူး။”

“အခုကြားရတာ ဆေးတက္ကသိုလ်တက်မယ်ဆိုရင် အမှတ်မလိုတော့ဘဲ ဖန်တီးပေးမယ် ဆိုတာမျိုး တွေ့ရတော့ အံ့သြဖို့ကောင်းပါတယ်။ သူတို့ရဲ့ပညာရေးမှာ အရည်အသွေးထက် အရေအတွက်ကိုပဲ သွားလိမ့်မယ်။ အရည်အသွေးကိုစဉ်းစားရင် အရူးမို့လို့ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့မှာ ဘွဲ့ရဘယ်လောက်ထွက်လာမယ်ဆိုပြီး သွားလိမ့်မယ်။ ဒါကြောင့် ကျောင်းသားမိဘတွေကို စကစကျောင်းတွေမှာ ထားပါ၊ မထားပါနဲ့ မပြောလိုဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ ‌ကျောင်းသားမိဘတွေကို နှိုင်းယှဉ်ပြောရင်လည်း မတရားရာ ရောက်လိမ့်မယ်။”

“အဲဒီအတွက်ကြောင့် စကစ ပညာရေးကို သွားမယ်ဆိုရင် အတန်းတက်သွားနိုင်ပေမဲ့ ထိုက်သင့်တဲ့ပညာရေး၊ ခေတ်မီတဲ့ပညာရေးကိုတော့ ရသွားမှာမဟုတ်ဘူး။ စကစရှိနေသရွေ့ကတော့ ဒီအောင်လက်မှတ်က သုံးလို့ရနေမှာပေါ့။ စကစဆိုတာကလည်း ဘယ်လောက်တည်မြဲမလဲဆိုတာ မပြောနိုင်ပေမဲ့ သေချာတာကတော့ မတည်မြဲနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ လူထုတခုလုံးကလည်း ပါဝင်နေသလို တော်လှန်ရေးကလည်း ဆုတ်လို့ရတဲ့ အခြေအနေ မဟုတ်ဘူး။ လူထုက နောက်ဆုတ်ရင် စစ်ကျွန်ကနေ ဘယ်တော့မှ ပြန်ထနိုင်မှာ မဟုတ်ဘူး။ လူထုက ဘယ်လောက်ပင်ပန်းပြီး ပျက်စီးဆုံးရှုံးမှုတွေက အများကြီးဖြစ်နေပေမဲ့ ကျနော်တို့က ရှေ့ဆက်တိုးရလိမ့်မယ်။ စကစကိုဖယ်မှပဲ ကျနော်တို့ဘဝတွေက လူနဲ့တူတော့မှာဖြစ်တယ်။ အခုအနေအထားကတော့ ခဏယာယီ ဖြစ်တယ်။ ဒါပေမဲ့ ဘယ်လောက်ကြာမလဲ ဆိုတာတော့ မပြောနိုင်ဘူး။ နှစ်တွေကတော့ ပေးဆပ်ရလိမ့်မှာပေါ့။”

“ဒါကြောင့် စကစကျောင်းမှာ မတက်ပါနဲ့လို့တော့ မတိုက်တွန်းလိုဘူး။ ဒါပေမဲ့ ဒီဘက်ခေတ်ပညာရေးက ဟိုအရင် ၁၉၈၈ ခုနှစ်လိုမျိုး မဟုတ်တော့ဘူး။ ဆန္ဒရှိရင်ရှိသလို လေ့လာသင်ကြားဖို့ လွယ်ကူနိုင်တဲ့ အခြေအနေဖြစ်တယ်။ အဲဒီတခုပေါ်မှာ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်မယ့် ပညာရေးကို အမြော်အမြင်ကြီးကြီးနဲ့ ဆောင်ရွက်ပါလို့ပဲ ကျနော်ပြောချင်တယ်။”

မေး - မြန်မာပြည်မှာက မိဘအများစုက ပညာရေးဆိုရင် ဆရာ/မတွေပေါ်မှာပဲ မူတည်တယ်။ သူတို့က လိုအပ်တာ ထောက်ပံ့ရင် ရပြီဆိုပြီး အတွေးလည်းရှိတယ်။ ဒါကြောင့် သားသမီးတွေ ကျောင်းမှာ ဘာသင်လဲဆိုတာ မကြည့်မိဘူး။ စားဝတ်နေရေးကိုပဲ လုံးပန်းနေကြတော့ ဒီကိစ္စကို ကျော်လွှားနိုင်ပါ့မလား။

ဖြေ - “မိဘတွေအပါအဝင် အကုန်လုံးက အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ကျပ်တည်းကြရတယ်။ ပြောမယ်ဆိုရင် အခုက ဘက်နှစ်ဖက်ပဲ ရှိတော့တယ်။ ဘက်နှစ်ဖက်ကို ရွေးရမယ့်အခြေအနေ ဖြစ်တယ်။ ဘယ်ဘက်မှ မပါချင်တဲ့သူတွေလည်း ဘေးကျပ်နံကျပ်ဖြစ်တယ်။ ကျောင်းသားမိဘတွေအတွက် စိန်ခေါ်မှုကြီးမားတဲ့ အခြေအနေမျိုးပါ။ ဒါကြောင့် သူတို့ကို အပြစ်မတင်ရက်ဘူး။”

“ဘွဲ့တခုက လိုအပ်တာမှန်ပေမဲ့ စကစလက်အောက်မှာ ရလာတဲ့ဘွဲ့လက်မှတ်တွေက တချိန်ကျရင် ရှက်စရာဖြစ်မှာတော့ သေချာတယ်။ မိဘတွေကို ဘာလုပ်ပါလို့ ကျနော်မပြောချင်ပေမဲ့ ဖြစ်နေတဲ့အခင်းအကျင်းကို အမြော်အမြင်ကြီးကြီးနဲ့ ကြည့်ပြီး လုပ်ကြပါလို့ ကျနော်ပြောချင်တယ်။ ၁၉၈၈ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်တုန်းက ကျနော်တို့မှာ တခြားရွေးချယ်စရာမရှိလို့ ဒီပညာရေးကိုပဲ တက်ခဲ့ရတယ်။ ဒါတောင် ၈ နှစ် ၉ နှစ်လောက် ကြားထဲမှာဟသွားတယ်။ ဒီနေ့မှာဆိုရင် အွန်လိုင်းနဲ့သွားမလား၊ တခြား နိုင်ငံတကာ ကျောင်းတွေနဲ့ သွားမလားဆိုတဲ့ ရွေးချယ်စရာတွေက ပေါ်လာတယ်။ ဒါကြောင့် ဒါကို အမြင်ကျယ်ကျယ်နဲ့ ချဉ်းကပ်ဖို့ပဲ အကြံပြုချင်တယ်။ မိဘတွေနဲ့တော့ စိန်ခေါ်မှုက ကြီးပါတယ်။”

မေး။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒီမိုကရေစီသင်းကွပ်တဲ့ အစီအမံအတိုင်း ဆက်သွားရင် နောက် ၅ နှစ်မှာ ဘာဖြစ်မလဲ။

ဖြေ - “ဒီအတိုင်းပဲ ဆက်သွားရင်တော့ တိုင်းပြည်က မြောက်ကိုရီးယားလိုဖြစ်ပြီး ပျက်စီးသွားမှာ သေချာပါတယ်။ အခုတောင်မှ ဖြစ်နေပါပြီ။ အခုက စကစအတန်းတက်နေဖို့ မလိုဘူး။ ရွေးချယ်စရာတွေ ရှိလာနေပြီ။ စကစပညာရေးလက်အောက်မှာပဲ ရပ်တည်ပြီး စကစရဲ့ အလုပ်အကိုင်ပေါ်မှာ ရပ်တည်မယ်ဆိုရင်တော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ဖြစ်တယ်။ စကစပြုတ်ကျသွားရင်တောင် ကျနော်တို့နိုင်ငံက ဘက်ပေါင်းစုံမှာ တည်ငြိမ်ဖို့ဆိုရင် အနည်းဆုံး ငါးနှစ်လောက် အချိန်ယူရမှာဖြစ်တယ်။ ဒီထက် မပြေလည်ဘူးဆိုရင် နိုင်ငံရေး အင်အားစုတွေကြားမှာ အကွဲအပြဲပိုများမယ်၊ ညှိနှိုင်းမှုတွေ ကြန့်ကြာနေရင် ဒီထက် ပိုကြာသွားနိုင်တယ်။”

“ဒါကြောင့် ကျနော်အကြံပေးချင်တာ ရုန်းထွက်ဖို့ အကြံပေးချင်ပါတယ်။ ကျနော့်တပည့်တွေလည်း ကျနော့်ကို တိုင်းပြည်မှာ ဒီလိုဖြစ်နေချိန်မှာ သူတို့က နိုင်ငံရပ်ခြားမှာ ပညာသင်ရတာ စိတ်မလုံဘူးလို့ ပြောကြတယ်။ အဲလို မလုံခြုံတာ သေချာပေမဲ့ သူတို့ကို အကြံပေးဖြစ်တာက ပညာသင်ထားပါပေါ့။ ဘာလို့လဲဆိုတော့ တော်လှန်ရေးပြီးရင် ငါတို့နိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကပ်ဘေးတခု ကြုံရလိမ့်မယ်။ အဲလိုအချိန်ကျရင် မင်းတို့ ဖြည့်ဆည်းဖို့ တာဝန်ရှိတယ်။ ကိုယ့်တကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ဖို့ထက်စာရင် လူ့အဖွဲ့အစည်းအတွက် ဦးစားပေးရမယ့် အခြေအနေဖြစ်တယ်။ ဒီအတွက် မျှော်မှန်းပြီးလုပ်ပါပေါ့။”

“သေချာတာက အပင်တပင် ရှင်သန်ဖို့ဆိုရင် မြေဆီကောင်းရမယ်၊ ရေလောင်းရမယ်၊ မြက်ရှင်းလင်းရမယ်။ အပင်က ဘယ်လောက်ပဲ မျိုးစေ့မှန်မှန် ရေလောင်းတာ၊ ပေါင်းသင်တာ မလုပ်နိုင်ရင် မြေဆီသြဇာမကောင်းရင် မရှင်သန်နိုင်ပါဘူး။ လူတယောက်ဟာ ဘယ်လောက်ပဲ ပင်ကိုယ်အရည်အချင်းရှိရှိ သေချာတာက စကစရဲ့လက်အောက်မှာ ဘယ်လိုမှ မရှင်သန်နိုင်ပါဘူး။ တိုင်းပြည်ကလည်း ကျဆုံးနိုင်ငံဖြစ်နေတဲ့အတွက် မရှင်သန်နိုင်ဘူး။ ဒါက စိတ်မကောင်းဖြစ်ရတယ်။”

“အရင်တုန်းက ကျနော်တို့တိုင်းပြည်က နေရာစုံမှာ ခြစားနေတဲ့ အိမ်တလုံးလိုပါပဲ။ နေရာစုံကို ပြင်နိုင်သလောက် ပြင်ခဲ့ပေမဲ့ မရခဲ့ဘူး။ အခုကတော့ အိမ်တလုံးလုံးက လုံးဝပြိုကျသွားတဲ့ အခြေအနေဖြစ်တယ်။ ဆိုတော့ အိမ်အသစ်ကို ပြန်ဆောက်ရမှာဖြစ်လို့ ပေးဆပ်မှုတွေက အနည်းအကျဉ်းတော့ ရှိမှာပါပဲ။ တော်လှန်ရေးဖြစ်စဉ်မှာ အချိန်က အနည်းဆုံး ၄-၅ နှစ်ပေးမှပဲ ပြောင်းလဲလာမယ့် အခြေအနေကို ကြုံလာမှာဖြစ်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့အတွက် စကစတခုတည်းပဲ ပြုတ်ကျမယ့်အချိန်ကို တွက်တာမဟုတ်ဘဲ စကစပြုတ်ကျပြီး post conflict (ပဋိပက္ခအလွန်) အခင်းအကျင်းမှာ တည်ငြိမ်ဖို့က အချိန်အတိုင်းအတာတခု ယူရမှာဖြစ်တယ်။ ဒါကို မျှော်မှန်းပြီးတော့ ကျောင်းသားတွေ‌ရော မိဘတွေကပါ အမြော်အမြင်ရှိရှိ လုပ်ထားဖို့ လိုအပ်တယ်။”

မေး။ စစ်အုပ်စုက ပြောပြောနေတဲ့ အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုဆိုတာနဲ့ ပတ်သက်ပြီး တခြားဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါလား။

ဖြေ - “အဲဒါက အနောက်တိုင်းဆိုတဲ့ စကားလုံးကို ရည်ညွှန်းပြောချင်ပါတယ်။ ဒီမိုကရေစီဆိုတာ သူတို့က အစကတည်းက ကြိုက်တာမဟုတ်ပါဘူး။ သူတို့က ပညာရေးကို ဝါဒဖြန့်ချိရေးအနေနဲ့ သုံးထားတယ်။ ကျနော်တို့မြန်မာနိုင်ငံက ကိုလိုနီနယ်ချဲ့အောက် ကျရောက်ဖူးတယ်။ ဒါကြောင့် အာဏာရှင်ခေတ်အဆက်ဆက်မှာ ပြောတဲ့စကားလုံးမှာ “ကိုလိုနီနယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်ရေး” ဆိုတာပါတယ်။ ကိုလိုနီဆိုရင် သူတို့က အမြဲတမ်း အဆိုးအမြင်နဲ့ ပြောခဲ့တယ်။ စစ်အစိုးရလက်ထက်တလျှောက် ပြောခဲ့တာက ကိုလိုနီလက်သစ်ဝါဒတွေ၊ အနောက်တိုင်းအတွေးအခေါ်တွေ အယူအဆတွေ ဆိုပြီးပေါ့။ ဆိုလိုချင်တာ သူတို့က အနောက်တိုင်းအတွေးအခေါ်ဆိုတာ ငါတို့ကိုဒုက္ခပေးမယ့်သူ၊ ဒီအတွက်ကြောင့် အမျိုး ဘာသာ သာသနာဆိုပြီး ဘာသာရေးနဲ့ ယဉ်ကျေးမှုကို ပြန်ချိတ်လိုက်ပြီးတော့ အမျိုးဘာသာ သာသနာ တည်တံ့ဖို့ဆိုရင် အနောက်တိုင်း အတွေးအခေါ်တွေကို ဆန့်ကျင်ရမယ်ဆိုတဲ့ အယူအဆကို လုပ်တယ်။ တကယ်တမ်း ဆန့်ကျင်သလားဆိုရင် အဲလိုမဟုတ်ဘဲ သူတို့ရဲ့ အာဏာတည်မြဲရေးကို တည်ဆောက်ဖို့ ကြိုးစားလာကြတယ်။”

“ဆရာကြီးသန်းထွန်း ပြောဖူးတဲ့ စကားတခွန်းရှိတယ်။ ဗမာပြည်ရဲ့ အစိုးရအဆက်ဆက်မှာ မင်းကောင်းမင်းမြတ်လို့ သတ်မှတ်ရင် သာသနာပြုမင်း ဖြစ်တဲ့အတွက်ကြောင့် စစ်အာဏာရှင်တွေက သူတို့အဆက်ဆက်မှာဆိုရင် ဘုရား၊ ကျောင်း ဆောက်တာတွေ လုပ်ခဲ့ကြတယ်။ သူတို့အစိုးရအဆက်ဆက်မှာ ဘုရားမတည်တဲ့သူ မရှိဘူး။ ဦးနု၊ ဦးနေဝင်း၊ သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင်တို့ လက်ထက်မှာ ဘုရားစေတီတွေ တည်ခဲ့တယ်။ သူတို့အားလုံးက သာသနာကို ချီးမြှောက်ချင်လို့ မဟုတ်ခဲ့ဘူး။ သူတို့အာဏာတည်မြဲရေးအတွက် သာသနာကို ခုတုံးလုပ်တာပဲ။”

“အခုချိန်မှာလည်း အနောက်တိုင်းအတွေးအခေါ် အယူအဆ ဆိုတာကို ဘုံရန်သူအနေနဲ့ သတ်မှတ်လိုက်တာ၊ ငါတို့အားလုံးရဲ့ ဘုံရန်သူက အနောက်တိုင်းတွေ၊ ဒါတွေကိုဆန့်ကျင်မှ ငါတို့ရဲ့ အမျိုးသားရေးလက္ခဏာ တည်တံ့ခိုင်မြဲမယ်။ လူမျိုးစရိုက်လက္ခဏာ တည်တံ့ဖို့ထက် ဒါကို ခုတုံးလုပ်ပြီးမှ သူတို့အာဏာတည်မြဲရေးကို တည်ဆောက်လာတာဖြစ်တယ်။ ဆိုလိုချင်တာ ဒီစကားလုံးရဲ့နောက်မှာ သူတို့ရဲ့ အာဏာတည်ဆောက်ရေးအတွက် အများကြီး ကျယ်ပြန့်တဲ့ ရည်မှန်းချက်တွေရှိတယ်။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အစီအစဉ်တွေ အများကြီးရှိတယ်။”

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024