Home
မြန်မာသတင်း
မြဝတီတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားထိခိုက်ကျဆုံးပြီးနောက် လေကြောင်းမှ တိုက်ခိုက်
DVB
·
March 25, 2023

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၂၅ ရက် ဒီနေ့မနက် ၄ နာရီလောက်ကတည်းက တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံး ဖမ်းဆီးခံရတာများနေတဲ့အတွက် စစ်တပ်က လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်ရဲကင်း ဒရုန်းနဲ့တိုက်ခိုက်ခံရသလို  သင်္ကန်းညီနောင်၊ မဲကနယ်၊ အ‌ရှေ့‌တောင်တိုင်းစစ်တပ်ဌာနချုပ် ရတခ လက်‌အောက်ခံတပ်ရင်း ခလရ (၂၇၅) အနီးဝန်းကျင်တွေမှာလည်း  လက်နက်ကြီးငယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်တပ်၊ ရဲ၊ BGF နဲ့ တခြား အကူတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူနဲ့ ဖမ်းမီသူ   အယောက် ၅၀ လောက် ရှိတယ်လို့ ကရင်တပ်ဖွဲ့နဲ့ နီးစပ်သူကပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒီမနက် ၈ နာရီ ၄၅ မိနစ်လောက်အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေကြားနေရပြီး မြဝတီမြို့ပေါ်မှာ ပြည်သူတွေအများစုက  အပြင်မထွက်ရဲဘဲ အိမ်တွင်းမှာသာနေနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် မြ၀တီမြို့ပေါ်မှာတော့ ဆိုင်တွေပိတ်ထားခဲ့ရတယ်လို့ ဖုန်းအရောင်းဆိုင်ဖွင့်ထားတဲ့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ကညနေပိုင်းလောက်က ညမထွက်ရလိုက်ကြေညာတယ်။ ဒီမနက် ၅ နာရီလောက်ကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်သံတွေကြားနေရတယ်။ ဒီနားက သူတွေပြောတာက ညီနောင်တို့ မဲကနယ်(အတွင်း)ဘက်က လို့ပြောတယ်။ ကုန်သွယ်ရေးဇုန်နား အထိရောက်ပြီလို့လည်း ပြောနေကြတယ်။ မြို့ပြင်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာကတော့ လက်နက်ကြီး အဆက်မပြတ်ပစ်နေတယ်။ အသံတွေကကျယ်တယ်။ ကျနော့်ဆိုင်လည်း ပိတ်ထားရတယ်။”

အခုအချိန်မှာတော့ မြဝတီကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားလိုက်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၁)ကိုလည်း ဒီမနက် မြန်မာဘက်က ယာယီပိတ်ထားခဲ့ရာက အခုတော့ ပြန်ဖွင့်ထားတယ်လို့ နယ်စပ်မှာနေထိုင်သူက ပြောပါတယ်။

“မြန်မာနိုင်ငံကနေ ထိုင်းကိုလာတဲ့သူတွေကို ပေးမလာတော့ဘူး။ ထိုင်းမှာရောက်တဲ့လူကိုတော့ ပေးပြန်တာတော့ရှိတယ်။ ထိုင်းဘက်ကနေ မြဝတီကိုသွားမယ့် ကားရော၊ ခရီးသည်ရော၊ ကာစီနိုသွားကစားမယ့်လူတွေရော အကုန်လုံးပိတ်လိုက်ပြီ။”

လက်ရှိ မြဝတီမြို့မှာ ရဲစခန်းနေရာတဝိုက်အပါအဝင် အရေးပါတဲ့နေရာတွေမှာ  မြန်မာဘက်က လုံခြုံရေးတင်းကျပ်ထားသလို  ထိုင်းဘက်မှာလည်း ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးတင်းကျပ်ချထားပါတယ်။  

ဓာတ်ပုံ-ဒေသခံတစ်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024