ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်တို့က အမျိုးသား ၂ ဦးကို မတ်လ ၂၃ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရပ်ကွက်ရုံးအဖွဲ့က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မတ်လ ၂၃ ရက် ည ၉ နာရီခွဲလောက်က ၁ ရပ်ကွက်၊ သုမိတ္တာလမ်းမှာနေတဲ့ မြန်မာဂီတအစည်းအရုံးအဖွဲ့ဝင် စန္ဒရားဆရာ အသက် ၂၀ အရွယ် အမျိုးသားတဦးကို NUG နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီည ၁၀ နာရီခန့်မှာပဲ ၂ ရပ်ကွက်၊ သုမာလာလမ်းမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးကို သူရဲ့ လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြန်မျှဝေထားလို့ဆိုပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးစလုံးကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ အိမ်လိပ်စာ၊ အလုပ်အကိုင်အတိအကျနဲ့ ဖမ်းဆီးခိုင်းတာဖြစ်တယ်လို့ သိရတဲ့အပြင် ဧည့်စာရင်းစစ်မယ် ဆိုပြီး အင်အားသုံး ဖမ်းဆီးခဲ့တာပါ။
“ရပ်ကွက်လူကြီးတွေ ပါတယ်၊ စစ်ကား ၂ စီးပေါ်မှာ ရဲရော စစ်သားရော လဝကရော ပါတယ်။ ဧည့်စာရင်းလာစစ်တာလို့ ပြောပေမဲ့ အိမ်လိပ်စာ အတိအကျနဲ့ လာတာ။ ဓာတ်ပုံပါ ပါတယ်။ ကြားတာတော့ ကီးဘုတ်ဆရာလေးနဲ့ ဒီရပ်ကွက်ထဲကတဦး ပါသွားတယ်” လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
၂၀၂၃ ဇန်နဝါရီလကနေ မတ်လ ၂၃ ရက်အထိ မြောက်ဥက္ကလာပမှာ ဧည့်စာရင်းစစ်ချိန်အတွင်း ဖမ်းဆီးခံရသူ ၆ ဦးရှိနေပြီလို့ သိရပြီး ၂၃ ရက် ညပိုင်းက ဖမ်းဆီးခံရသူ အမျိုးသား ၂ ဦးကို မြောက်ဥက္ကလာပရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။