ရန်ကုန်တိုင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေဆီ ပို့လွှတ်ထားတဲ့ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မှာဖြစ်လို့ ရန်ကုန်မြို့မှာ မတ် ၂၆ ရက် အထိ ယာယီဝန်အားလျှော့ချရတာတွေရှိနိုင်မယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်မှုကို မတ် ၂၃ ရက် မနက် ၈ နာရီကနေ ၂၆ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်တွေကနေ ဓာတ်အားစနစ်အတွင်းကို ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု စုစုပေါင်း ၂၂၅ MW ခန့် လျော့နည်းမယ်လို့ YESC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လျော့နည်းသွားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွေအတွက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်တွေကနေ အစားထိုး ဓာတ်အားထုတ်လုပ် ပို့လွှတ်သွားမှာဖြစ်ပေမဲ့ ဝန်အားထိန်းညှိဖို့ လိုအပ်ပါက ယာယီဝန်အားလျှော့ချရမှုတွေ ရှိနိုင်တဲ့အပေါ် YESE က အသိပေး ထုတ်ပြန်ထားတာပါ။
လက်ရှိ ရန်ကုန်မြို့က မြို့နယ်တွေမှာ လျှပ်စစ်မီးကို အချိန်နဲ့ အလှည့်ကျပေးနေပြီး နေ့စဉ် တရက်ကို ၄ နာရီ တရက်ခြားပြီး ၈ နာရီခန့်ထိ ခွဲတမ်းနဲ့ ပုံမှန် လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
တချို့မြို့နယ်တွေမှာတော့ အချိန်မကျဘဲ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
လျှပ်စစ်မီး ပုံမှန်မရရှိတာ၊ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်တာတွေကြောင့် ရန်ကုန်မြို့ အပါအဝင် နိုင်ငံတဝန်းက စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်လူမှုဘဝတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။