Home
မေးမြန်းခန်း
စစ်ကောင်စီနှင့်ပေါင်းနေသည့် အနုပညာရှင်များ ပြည်သူ့သစ္စာဖောက်များဖြစ်ဟု အကယ်ဒမီ မင်းမော်ကွန်းပြော
DVB
·
March 22, 2023

လာမယ့် ဧပြီလထဲမှာ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဦးစီးတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီနှစ်မှာကျင်းပမယ့် အကယ်ဒမီပေးပွဲက ပြီးခဲ့တဲ့ ကိုဗစ်ကာလကတည်းက ရပ်ဆိုင်းထားခဲ့ရတဲ့ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်အတွင်းက ရုံတင်ခဲ့တဲ့ ၃ နှစ်စာကို ရုပ်ရှင်ကားတွေကို ပေါင်းပြီး အကယ်ဒမီဆု ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ ရုပ်ရှင်ဆန်ခါတင်စာရင်းကိုတော့ ၂၀၂၀ ပြည့်နှစ်ကတည်းက ထုတ်ပြန်ကြေညာထားခဲ့တာမှာ လက်ရှိ နွေဦးတော်လှန်ရေးမှာပါဝင်နေဆဲ အနုပညာရှင်တွေရဲ့ ရုပ်ရှင်ကားတွေလည်း ပါဝင်နေတာပါ။ အဲဒီအထဲမှာ အကယ်ဒမီမင်းမော်ကွန်းရဲ့ “နိုင်ငံကြီးသား” “ထာဝရထက်နှစ်ဆ” စတဲ့ ရုပ်ရှင်ကားတွေပါဝင်နေတာကြောင့် အကယ်ဒမီမင်းမော်ကွန်းကို အကယ်ဒမီပေးပွဲနဲ့ ပတ်သက်တာတွေအပြင် တော်လှန်ရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတချို့ကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - စစ်ကောင်စီလက်အောက်မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲနဲ့ ပတ်သက်လို့ ကိုကျော့်ရဲ့ အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ “တက်တဲ့သူတွေ‌တော့ တက်ကြမှာပေါ့။ ဒါပေမဲ့ အကယ်ဒမီစင်မြင့်ပေါ်တက်ပြီးတော့ ဘယ်သူက ဒီဆုကိုယူမလဲဆိုတာကိုပဲ ကျနော်တို့က စိတ်ဝင်တစားစောင့်ကြည့်ရမှာပေါ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ သူတို့က ပေးပြီးတော့ မယူပြန်ဘူးဆိုရင်တော့ အခက်အခဲဖြစ်နိုင်တဲ့ကိစ္စတွေလည်း ကြိုတော့မြင်နေရတယ်။ တချို့တွေက ဘေးကျပ်နံကျပ်ထဲ နေနေရတယ်ပေါ့။ တချို့တွေကတော့ အဲဒီလိုမဟုတ်ဘူး ဟိုဘက်ကို ပေါ်ပေါ်ထင်ထင်ကူး သွားပြီးတော့ ပြည်သူကို သစ္စာဖောက်သွားတာတွေရှိပါတယ်။ သစ္စာဖောက်လို့ ပြောတဲ့နေရာမှာ တော်လှန်ရေးအစပိုင်းတုန်းက ပြည်သူနဲ့တသားတည်းဆိုပြီး လိမ်ညာခဲ့ပြီးတော့ အခုချိန်မှာ စကစဘက်က ပေါ်ပေါ်ထင်ထင် ရပ်တည်သွားတဲ့သူမျိုးတွေကို သစ္စာဖောက်တယ်လို့ပဲ ကျနော်သုံးချင်ပါတယ်။”

“ကျနော်တို့ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့ အနုပညာလုပ်ငန်းရုပ်ရှင်ဖြစ်ဖြစ် ဂီတဖြစ်ဖြစ်ပေါ့ အားလုံးက ငွေကြေးနဲ့ သက်ဆိုင်နေတယ်၊ Commercial art ဖြစ်တဲ့အတွက် ကျနော်တို့ တိုင်းပြည် အဆင်ပြေနေမှ ကျနော်တို့ ပြည်သူတွေပြေလည်နေမှ ကျနော်တို့အနုပညာတွေလည်း စီးပွားရေးအရအောင်မြင်မှာ ဖြစ်ပါတယ်။ ကျပ်တည်းနေရင် ရုပ်ရှင်တွေမကြည့်တော့ဘူး စတိတ်ရှိုးတွေ သွားမကြည့်တော့ဘူး။ ဒါပေမဲ့ ဆန်ဈေးတွေ ဆီဈေးတွေတက်ရင်လည်း ဝယ်ရမယ်သုံးရမယ်။ ကားခဆီဈေးတွေတက်ရင်လည်း ဒါမဖြစ်မနေ ကျောင်းသွား ရုံးသွားဖို့ ဝယ်သုံးရမှာပဲ။ ဒါပေမဲ့ တဖက်မှာဖျော်ဖြေရေးနဲ့ပတ်သက်တာတွေ အပျော်အပါးတွေကို လျှော့ချ ကြမှာဖြစ်တယ်။ နောက်တနည်းပြောရရင် ပြည်သူတွေ အဆင်ပြေနေဖို့ လိုပါတယ်။ အနုပညာတွေ အရင်မလုပ်ဘဲနဲ့ ကျနော်တို့က တိုင်းပြည်ကောင်းစားဖို့ ပြည်သူအဆင်ပြေဖို့ ရှေးရှုပြီးတော့ အရင်လုပ်ရပါမယ်။ ဒါတွေကို အရင်မလုပ်ဘဲနဲ့ စကစနဲ့ပေါင်းပြီးတော့ ပြည်သူကို ညာစားနေတဲ့ အနုပညာရှင်တွေသည် ပြည်သူကို သစ္စာဖောက်တဲ့ သရဲဘောကြောင်တဲ့ အနုပညာသမားတွေ  ပဲဖြစ်ပါတယ်ခင်ဗျ။”

မေး။ နောက်တခုကတော့ ဒီနှစ်အကယ်ဒမီပေးပွဲမှာ အရင်အစိုးရလက်ထက်ကတည်းက ထုတ်ပြန်ထားပြီးသား ၂၀၁၉ ဆန်ခါတင်ကားတွေကိုလည်း ထည့်သွင်း ရွေးချယ်သွားမယ်လို့ ပြောထားတာဆိုတော့ ကိုကျော့် ရုပ်ရှင်ကားတွေလည်းပါဝင်နေတယ်။ ဆိုတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ‘ကျနော်က တိုင်းပြည်အေးချမ်းနေတဲ့အချိန်တုန်းကတောင် အကယ်ဒမီဆိုတာကို လိုချင်ခဲ့တာ မဟုတ်ပါဘူးဗျ။ အခုလိုအချိန်ဆိုတော့ ပိုဆိုးတာပေါ့။ ပေးတာမပေးတာ သူတို့အပိုင်းပါပဲ။ လက်ခံခြင်းမခံခြင်းကတော့ ကျနော်တို့အပိုင်းပါပဲ ကျနော်တို့က လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ခဲ့ပြီးသားဆိုတာ အားလုံးသိပါတယ်။ အဲဒါကြောင့်မို့ အကယ်ဒမီဆိုတဲ့ ကိစ္စတွေနဲ့ ကျနော်နဲ့က ဘာမှသက်ဆိုင်ခြင်းလည်း မရှိတော့ဘူး။ နောက်ပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေပြီးတော့လည်း ကျနော့် သဘောဆန္ဒအလျောက် နုတ်ထွက်ပြီးသားဆိုတာလည်း အများသိအောင်ကြေညာပြီးသားဖြစ်တယ်။ စကစကိုလည်း အစကတည်းက တော်လှန်ခဲ့တာဆိုတော့ ရုပ်ရှင်အစည်းအရုံးရော စကစရောက လုပ်တဲ့ ဘယ်လိုပွဲမျိုးနဲ့မဆို ကျနော်နဲ့ မသက်ဆိုင်ပါဘူး။”

မေး။ လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးထားခဲ့တဲ့ အနုပညာရှင်တွေကို ပြန်လွှတ်ပေးပြီး အနုပညာအလုပ်တွေ ထဲပါဝင်စေတာမျိုး၊ နောက်ပီးတော့ အဲဒီအနုပညာရှင်တွေပါတဲ့ရုပ်ရှင်တွေ ဇာတ်လမ်းတွေကို ပြသနေတာမျိုးတွေ လုပ်နေတာဟာ စစ်ကောင်စီရဲ့ လှည့်ကွက်တခုလို့ ထင်ပါသလား။

ဖြေ- “အဓိက ကတော့ ခုနက ကျနော်ပြောသလို နှစ်ပိုင်းရှိတာပေါ့။ သူတို့ဘက်ကို ပါသွားတဲ့သူတွေနဲ့တော့ သူတို့က ပျော်ပျော်ကြီးကျင်းပမယ် လုပ်နေမယ်ပေါ့။ သူတို့ဘက်ကို မရပ်တည်တဲ့သူတွေကိုကျတော့ ပိုပြီးတော့ ကျဉ်းထဲ ကျပ်ထဲ ရောက်လာအောင် ပိုပြီးတော့ ပရိသတ်နဲ့ စိတ်ဝမ်းကွဲအောင်အကြောင်းတွေ ဖန်တီးမယ်ဆိုတော့ ကျနော်ကတော့ ဒါကိုမြင်ပီးသားပါ။ တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ သူတို့ကတော့ ဉာဏ်နီဉာဏ်နက်မျိုးစုံကို ထုတ်သုံးနေမှာပါပဲ။”

မေး။  တော်လှန်ရေးကာလ တလျောက်မှာ အခက်အခဲတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းတာတွေရှိမှာဆိုတော့ ဘယ်လိုမျိုး ကျော်ဖြတ်ခဲ့ရလဲ။

ဖြေ။ “ကျနော်တို့က တောထဲမှာလည်းနေခဲ့ဖူးတယ်။ အခု ဒီနိုင်ငံမှာလည်းနေနေတယ်ဆိုတော့ တောထဲလည်း တော်ထဲအလျောက် ဒီမှာဆိုလည်း ဒီမှာအလျောက်မတူတဲ့ အခက်အခဲတွေ မျိုးစုံရှိပါတယ်။ တခါတလေမှာလည်း ကျနော်တို့ကိုယ်တိုင်လည်း လူဖြစ်တဲ့အလျောက် စိတ်ဓာတ်ကျတဲ့အခါမျိုးတွေလည်းရှိပါတယ်။ ဒါပေမဲ့ အမြဲကြီးတော့ မဟုတ်ဘူးပေါ့၊ ကျသွားလိုက် ပြန်ပြီး တော်လှန်ရေးမှာလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထူမတ်လိုက်ပေါ့။ ဒီလိုပဲ အားလုံးလည်း သွားနေရမယ်ထင်တာပဲ။ အထူးသဖြင့်တော့ တောထဲက ကျနော်တို့ ညီအစ်ကိုမောင်နှမတွေကိုပိုပြီးတော့ကိုယ်ချင်းစာပါတယ်။ ဒါ့ကြောင့်အများကြီးတော့ မညည်းချင်ဘူး။ တခါတလေကျတော့လည်း ပြန်ပြီးတော့ မထချင်လောက်အောင် ဖြစ်ရတာမျိုးတွေလည်းရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကြိုးစားပြီး ပြန်ထူမတ်နေဆဲပေါ့။”

မေး-တော်လှန်ရေးရှည်ကြာလာတဲ့အခါမှာ ပါဝင်နေကြတဲ့အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေက မတူတဲ့ပုံစံတွေနဲ့ တိုက်ခိုက်ခံရတာမျိုးတွေ ကြုံလာကြတဲ့အခါ တချို့သူတွေက လက်လျော့နောက်ဆုတ်သွားကြတာမျိုးတွေလည်းရှိလာတဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ။ “ကျနော်တို့ ညီအစ်ကိုတွေကိုကျနော်တခုပဲပြောချင်တာက ပြည်တွင်းမှာ ကြံ့ကြံ့ခံနေကြတဲ့ ပြည်သူတွေရော၊ တောထဲက ရဲဘော်တွေရော၊ ပြည်ပမှာရှိနေတဲ့ လူတွေရော အကုန်လုံးက ကြံ့ကြံ့ခံရင်းနဲ့ ရပ်တည်နေကြရတာပါ။ ဒီလိုအခက်အခဲတွေကြုံလာရတဲ့အခါ ကျနော်တို့ စိတ်ဓာတ်ကျလို့တော့ရပါတယ်။ ဒါပေမဲ့ လက်လျော့လိုက်လို့တော့မရပါဘူး။ နဂိုတည်းက ပါလာခဲ့တဲ့ အရှိန်အဟုန်အတိုင်းပဲ ဆက်ပြီးတော့ ကြိုးစားပေးနေစေချင်ပါတယ်။ ဒါမှလည်း ကျနော်တို့တော်လှန်ရေးက အချိန်မှီအတွင်းမှာ အောင်မြင်ပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်အောင်မြင်ဖို့လည်း လိုပါတယ်။ ဒီနေ့ချိန်ထိ ပြည်တွင်းမှာ အသက်ဆုံးရှုံးနေရတဲ့ အိုးအိမ်တွေ ဆုံးရှုံးနေရတဲ့ တိုင်းရင်းသားတွေ ညီအစ်ကိုမောင်နှမတွေ အများကြီးရှိနေပါတယ်။ သူတို့ အတွက်ကို ကျနော်တို့က မဖြစ်မနေ ဆက်ပြီးတော့ ကြိုးစားနေဖို့တော့ လိုပါတယ်။”

မေး - တခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ။ “အဓိကကတော့ ကျနော်တို့ ဒီတော်လှန်ရေးက မြန်မြန်အောင်မြင်ဖို့ လိုအပ်နေပါပြီ ဟိုဘက်ကလည်း တနေ့တခြားဆုံးရှုံးမှုတွေ ရှိလာသလို သူတို့ခြေကုပ်ယူနိုင်တာတွေ အင်အားကြီးထွားလာတဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။ ဆိုတော့ ကျနော်တို့ တော်လှန်ရေး အမြန်အောင်မြင်အောင် ညီညီညွတ်ညွတ်နဲ့ အရှိန်အဟုန်မြှင့်တင်ပြီးတော့ လုပ်ဖို့လည်း လိုပါလိမ့်မယ်။ နောက်ထပ် ကျနော်တို့ ဒီတော်လှန်ရေးထဲမှာ ရန်သူကိုရင်ဆိုင်တဲ့အခါ ကိုယ့်အချင်းချင်းက အပြစ်တင်ပြီးတော့ တယောက် တပေါက်နဲ့ ရင်ဆိုင်ဖို့ဆို မလွယ်ကူနိုင်ပါဘူး။ ဆိုတော့ ကိုယ့် အချင်းချင်းလည်း ယုံကြည်ရမှာဖြစ်သလို အချင်းချင်းဖေးမပြီး စာနာနားလည်ပြီး ရှေ့ဆက်ဖို့ လိုပါလိမ့်မယ်ခင်ဗျ။ အားလုံးကိုလည်း ကျနော်က ကျေးဇူးတင်ပါတယ်။”

ဒီဗွီဘီကလည်း ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024