ရန်ကုန်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ မေဃဝတီ ( ၃ ) လမ်းမှာ မတ် ၁၇ ရက် ညပိုင်းက အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် စွပ်ကျယ်အမည်း၊ ဂျင်းဘောင်းဘီတို ဝတ်ဆင်ထားတဲ့ အမျိုးသားဟာ အဲဒီ ည ၉ နာရီခွဲလောက်မှာ သူနေထိုင်တဲ့ အိမ်မှာ ဆွဲကြိုးချ အနေအထားနဲ့ သေဆုံးနေတာကို မိသားစုဝင် တယောက်က တွေ့ခဲ့တာပါ။
လှည်းကူးအခြေစိုက် နာရေးအသင်းက "ည ၉ နာရီခွဲလောက်က DB (အလောင်း) တစ်ခု ကောက်ရမယ်လို့ ရဲက ခေါ်လို့ သွားတာပါ။ အသက်က ၃၁ နှစ် သာသနာ့ရိပ်သာ ရပ်ကွက်နေသူပါပဲ။ မိသားစုဝင်တွေကို ရဲက မေးနေတာတော့ ရှိတယ်။ ဘယ်လိုကြောင့်လဲ မသိသေးဘူး " လို့ ဆိုပါတယ်။
ဒီဖြစ်ရပ် မဖြစ်ခင်က သေဆုံးသူဟာ မိသားစုဝင်တွေနဲ့ ပြဿနာဖြစ်ခဲ့ခြင်း မရှိသလို သောက်စားပြီး မူးယစ်ရမ်းကားသူ မဟုတ်ဘူးလို့ သိရပြီး မိသားစုဝင်တွေ နေအိမ်မှာ မရှိခိုက် ဆွဲကြိုးချသွားခဲ့တာလို့ သိရပါတယ်။
ရုပ်အလောင်းကို လှည်းကူးဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပြီး သေဆုံးမှုကို လှည်းကူး ရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။