ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အာမခံရ

အမှုပေါင်းများစွာ စွဲချက်တင်ခံထားရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းဟာ မတ် ၁၇ ရက်က လာဟိုးမြို့ အဆင့်မြင့်တရားရုံးမှာ အာမခံရရှိပြီးနောက် သူ့အပေါ် ထောက်ခံသူတွေနဲ့အတူ ဝန်းရံကာ တရားရုံးကနေ ပြန်လည်ထွက်ခွာသွားပါတယ်။
ဝန်ကြီးချုပ်ဟောင်း ခန်းရဲ့ ရှေ့နေဖြစ်သူ အက်ဇ် ဟာ စီဒစ် က “တရားသူကြီး တာရီ ဆာလင်းမ် ရှိတ်ခ် အနေနဲ့ အီမရန်ခန်း အပေါ်စွဲဆိုထားတဲ့ အမှု ၉ မှု အတွက် အကာအကွယ် ပါဝင်တဲ့ အာမခံပေးလိုက်တာပါ။ ဒီအမှုတွေထဲမှာ အစ္စလာမာဘတ် ပြည်နယ်အစိုးရက စွဲဆိုထားတဲ့ အမှု ၅ မှုနဲ့ ပန်ဂျပ်ဘ် ပြည်နယ်အစိုးရက စွဲဆိုထားတဲ့ အမှု ၄ မှုတို့ ပါဝင်ပါတယ်” လို့ တရားရုံးအပြင်ဘက်မှာ ပြောကြားသွားပါတယ်။
လာမယ့်မတ် ၁၈ ရက်မှာ ခန်းက တရားရုံးကို လာရောက်မယ်လို့လည်း ရှေ့နေဖြစ်သူက အတည်ပြုပါတယ်။
ဒီမတိုင်ခင် တရားစွဲဆိုမှုတွေကနေ ရှောင်တိမ်းနေတာကြောင့် အီမရန်ခန်းကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ တဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ခန်းအပေါ် ထောက်ခံသူတွေအကြား သဘောထားတင်းမာနေမှုကို ဖြေလျှော့ ထိန်းသိမ်းနိုင်ဖို့ ခန်းက တရားရင်ဆိုင်မယ်လို့ သိရပါတယ်။
နာမည်ကြီး ခရစ်ကတ် ကစားသမားဟောင်းလည်းဖြစ်တဲ့ ခန်းဟာ မြို့တော့်အစ္စလာမာဘတ်ရှိ အဆင့်မြင့်တရားရုံးက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက်မှာ အခုလို တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကာလမှာ နိုင်ငံရပ်ခြားက ရာထူးဂုဏ်ထူးရှိသူတွေ ပေးအပ်ခဲ့တဲ့ နိုင်ငံတော်လက်ဆောင်ပစ္စည်းတွေကို တရားမဝင် ရောင်းချခဲ့တယ်ဆိုတဲ့ စွဲချက်တွေ အရ တရားရုံးမှာ လာရောက်ကြားနားဖို့ ခန်းက အကြိမ်ကြိမ်ပျက်ကွက်ခဲ့တာကြောင့် သူ့ကိုဖမ်းဆီးဖို့ တရားရုံးတွေက ဝရမ်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ခန်း ကတော့ ဒီတရားစွဲချက်တွေအပေါ်မှာ ငြင်းဆိုထားပါတယ်။