နျူကလီးယားလောင်စာတောင့်များ စတင်ထုတ်လုပ်နေပြီဟု ယူကရိန်းပြော

ယူကရိန်းနိုင်ငံက နျူကလီးယားလောင်စာအတွက် အခြားနိုင်ငံအပေါ်မှီခိုနေရမှုကို အဆုံးသတ်ဖို့ ပထမဆုံး ခြေလှမ်းအနေနဲ့ လောင်စာတောင့် အစိတ်အပိုင်းတွေကို ကိုယ်တိုင် စတင် ထုတ်လုပ်နေပြီလို့ မတ် ၁၆ ရက်မှာ ထုတ်ဖော်ပြောကြားပါတယ်။
ယူကရိန်းစွမ်းအင်ဝန်ကြီးဖြစ်သူ ဂါမန် ဂါလူ ရှန်ကိုက “ကျနော်တို့ အမေရိကန် မိတ်ဖက်တွေနဲ့ ဘုံရည်မှန်းချက်ဟာ ဒီလိုလောင်စာမျိုးကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်လုပ်ဖို့ပါပဲ။ သေချာတဲ့ လောင်စာပမာဏတခုနဲ့အတူ ဥရောပရဲ့ နျူကလီးယား လောင်စာဈေးကွက်ကနေ ရုရှားကို လုံးဝတွန်းထုတ်နိုင်ဖို့အတွက် ဖြစ်တယ်” လို့ ပြောပါတယ်။
အရင်တုန်းက ယူကရိန်းဟာ နျူးကလီးယားဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ လောင်စာအများစုကို ရုရှားအပေါ် မှီခိုခဲ့ရတာဖြစ်ပြီး "ဒီလိုဝယ်ယူမှုမျိုး အခုလည်းမလုပ်တော့သလို နောက်လည်း ဘယ်တော့မှ ဝယ်ယူတော့မှာ မဟုတ်ဘူး" လို့ ဂါလူရှန်ကိုက ဖြည့်စွက်ပြောပါတယ်။
လာမယ့် ၂၀၂၆ ခုနှစ်မှာ နျူကလီးယားလောင်စာကို ယူကရိန်းကိုယ်တိုင် ထုတ်လုပ် လာနိုင်မယ်လို့လည်း နိုင်ငံပိုင်နျူကလီးယားကုမ္ပဏီတခုဖြစ်တဲ့ အန်နာဂုတ်တန် အရ သိရပါတယ်။
အန်နာဂုတ်တန် ကုမ္ပဏီအကြီးအကဲဖြစ်သူ ပတ်တရို ကိုတင် ကတော့ ယူရေနီယံဒြပ်စင်ကို ကိုယ်တိုင် မသန့်စင်နိုင်သေးတဲ့အတွက် မိတ်ဖက်နိုင်ငံတွေဆီက ဝယ်ယူမယ်လို့ ပြောကြားထားပါတယ်။
မနှစ်တုန်းကလည်း ရုရှားအပေါ်မှီခိုနေရမှုကို အဆုံးသတ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ယူကရိန်းရဲ့ အဏုမြူဓာတ်အားပေးစက်ရုံ အားလုံးအတွက် လိုအပ်တဲ့ လောင်စာဖြည့်တင်းပေးဖို့ အမေရိကန် နျူကလီးယားစွမ်းအင်ကုမ္ပဏီ ဝက်စတင် ဟောက်စ် နဲ့ သဘောတူလက်မှတ်ရေးခဲ့ပါတယ်။