အနောက်နိုင်ငံများ၏သဘောတူညီချက်ကို ဘဲလ်ဂရိဒ်တွင် လူထောင်ပေါင်းများစွာ ကန့်ကွက်

ကိုဆိုဗိုနဲ့ ဆားဘီးယားကြား ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် အနောက်နိုင်ငံတွေ ကျောထောက် နောက်ခံပြုထားတဲ့ သဘောတူညီချက်ကို မတ် ၁၇ ရက်က ဘဲလ်ဂရိဒ်မြို့တော်မှာ လူထောင်ပေါင်းများစွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ဟာ ကိုဆိုဗိုရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုခြင်းလို့ ရှုမြင်ကြတာကြောင့် ဆန္ဒပြခဲ့ကြတာပါ။
၂၀၀၈ ခုနှစ်မှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ကျောထောက်နောက်ခံနဲ့ လွတ်လပ်ရေး ကြေညာခဲ့ပေမယ့်လည်း ဆားဘီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုဆိုဗိုဟာ သူ့နယ်မြေ ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
ဆားဘီးယားနိုင်ငံကလည်း သူ့ရဲ့ တောင်ပိုင်းပြည်နယ်ကို သူ့ပိုင်နက်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တခုအဖြစ် ယူဆနေဆဲဖြစ်ပါတယ်။
အီးယူကို ဝင်ရောက်မယ့် သူ့ရဲ့မဟာဗျူဟာ ရည်မှန်းချက် အောင်မြင်ဖို့က ကိုဆိုဗိုအတွက် ၂ နိုင်ငံ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာပါ။
ဆားဘီးယားသမ္မတ Aleksandar Vucic ဟာ ကိုဆိုဗိုဝန်ကြီးချုပ် Albin Kurti နဲ့ EU အရာရှိတွေကို မြောက်မက်ဆီဒိုးနီးယားနိုင်ငံ အိုးရစ်ဒ်မြို့မှာ တွေ့ဆုံပြီးတော့ အရင်လက နှစ်ဖက် သဘောတူထားတဲ့ ဆက်ဆံရေးပုံမှန်ဖြစ်ရေးဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးမယ့် အစီအစဉ် ရှိခဲ့ပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့မှ သံတမန်တွေဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ တင်ပြခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အတည်ပြုဖို့ တခြားနိုင်ငံတွေကို ဖိအားပေးနေတာပါ။
အဲဒီအစီအစဉ်အောက်မှာ ဘဲလ်ဂရိဒ်အစိုးရဟာ ကိုဆိုဗိုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ နေရာမရအောင် လိုက်လံ စည်းရုံးနေတာမျိုးကို ရပ်တန့်သွားစေမှာ ဖြစ်ပါတယ်။