ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဗီအဲရာ ထုတ်ပယ်ခံရ

ပရီးမီယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းကို လ ၂ဝ ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ပက်ထရစ် ဗီအဲရာကို မတ်လ ၁၇ ရက်မှာ ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
ဘရိုက်တန် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်အထက် ၃ မှတ်သာ ကွာခြားတော့တာကြောင့် အသင်းမန်နေဂျာဖြစ်သူကို အခုလို ထုတ်ပယ်ခဲ့တာပါ။
ပဲလေ့အသင်းဟာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ပွဲလုံးဝမရရှိသေးတဲ့ တခုတည်းသော ပရီးမီးယားလိဂ် အသင်းဖြစ်ပြီး နောက်ဆုံး ၁၁ ပွဲမှာ ၅ ပွဲသရေ၊ ၆ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။
လိဂ်ပွဲစဉ်တွေအတွင်း ပဲလေ့စ်အသင်း နောက်ဆုံးအနိုင်ရရှိမှုက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ဘုန်းမောက်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး လက်ကျန် ၁၁ ပွဲကစားဖို့ ကျန်ရှိရာ မှာ ရမှတ် ၂၇ မှတ် အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
ပဲလေ့စ်အသင်းဥက္ကဋ္ဌ စတိဗ် ပဲရစ် (ချ်) က "ဒီလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာကြောင့် အကြီးအကျယ် စိတ်ထိခိုက်ရတယ်" လို့ မှတ်ချက်ပေးပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်အထိ ရရှိအောင် စွမ်းဆောင်ပေးခဲ့ဖူးတဲ့ ပြင်သစ်ဂန္ထဝင်ကစားသမားကြီး ဗီအဲရာဟာ ၂၀၂၁ ခုနှစ် ဂျူလိုင်လမှာ ၃ နှစ်စာချုပ်နဲ့အတူ ပဲလေ့စ်နည်းပြအအဖြစ် ရွိုင်းဟော့တ်ဆန်ဆီက လွှဲပြောင်း တာဝန်ယူခဲ့တာပါ။
ဗီအဲရာရဲ့ ပဲလေ့စ်အသင်းနဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့ပြီး အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ မတ် ၁၉ ရက်နေ့ ပွဲစဉ်အတွင်း ဗီအဲရာနေရာမှာ ဘယ်သူအစားထိုးတာဝန်ယူမလဲ ဆိုတာကိုတော့ ပဲလေ့အသင်းဘက်က မထုတ်ပြန်သေးပါဘူး။