ပေါ်တူဂီအသင်းလူစာရင်းတွင် ရော်နယ်ဒိုနှင့်ပီပီတို့ ပါဝင်လာ

ကမ္ဘာ့ဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒို ဟာ လာမယ့်ယူရိုခြေစစ်ပွဲစဉ်တွေအတွက် ပေါ်တူဂီ အသင်းနည်းပြသစ် ရောဘတ်တို မာတီးနက်ဇ်ရဲ့ ပထမဆုံးလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စိတ်ပျက်ဖွယ်ရာ ထွက်ခွာခဲ့ရပြီးနောက် လာမယ့်အပတ်မှာ လက်ချင်စတိန်းအသင်းနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်အတွင်း ရော်နယ်ဒို ပါဝင်လာလိမ့်မယ့်လို့ မီဒီယာနဲ့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။ 

နည်းပြသစ် မာတီးနက်ဇ်ကတော့ ရော်နယ်ဒိုရဲ့ အတွေ့အကြုံတွေဟာ ပေါ်တူဂီအသင်း လေ့ကျင့်ရေးအစီအစဉ်တွေမှာ အသုံးဝင်နိုင်တယ်လို့  ပြောဆိုထားပါတယ်။ 

"ခရစ္စတီယာနိုလို ကစားသမားမျိုးဟာ အသင်းအတွက် အလွန်အရေးပါပြီး အတွေ့အကြုံကောင်းတွေ ယူဆောင်ပေးလာနိုင်ပါတယ်၊ သူ့ အသက်အရွယ်ကို ကျနော် စိတ်မဝင်စားပါဘူး" လို့ စပိန်လူမျိုးနည်းပြက မှတ်ချက်ပေးပါတယ်။ 

ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး ၁၁၈ ဂိုး နဲ့အတူ နိုင်ငံတကာ အဆင့်မှာရော ပေါ်တူဂီအသင်းမှာပါ သမိုင်းတလျှောက် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်တင် ထားနိုင်ပါတယ်။ 

ဒီနှစ် ဇန်နဝါရီလကမှ ဆော်ဒီကလပ် အယ်လ်နက်စ်ဆာအသင်းကို ယူရိုသန်း ၂၀၀ နီးပါး တန်ကြေးရှိတဲ့ ၂ နှစ်ခွဲစာချုပ်နဲ့အတူ ရော်နယ်ဒိုက ပြောင်းရွှေ့သွားခဲ့တာပါ။ 

ဘယ်လ်ဂျီယံအသင်းနည်းပြဟောင်း မာတီးနက်ဇ်က ခံစစ်နေရာအတွက် နောက်ထပ်အတွေ့အကြုံရင့် ကစားသမားတဦးကို ရွေးချယ်ခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ပီပီက အပြီးသတ် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ 

ပေါ်တူဂီ နိုင်ငံ့လက်ရွေးစင်အသင်းဟာ ယူရိုခြေစစ်ပွဲစဉ်တွေအဖြစ် အဲဗာလိတ် အားကစားကွင်းကြီးမှာ လက်ချင်စတိန်းအသင်းနဲ့ မတ် ၂၃ ရက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး မတ် ၂၆ ရက်မှာတော့ လူဇင်ဘတ်အသင်းကို အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမှာပါ။

More News
Up