မက္ကဆီကိုတွင် လူဆိုးဂိုဏ်းက အမျိုးသမီး ၆ ဦးအား ဖမ်းဆီးသတ်ဖြတ်

မက္ကဆီကိုအလယ်ပိုင်း ဂွါနာဝါတိုပြည်နယ်မှာ အခုလအတွင်း လူဆိုးဂိုဏ်းဝင်လို့ သံသယရှိသူတွေ က အမျိုးသမီး ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို မီးရှို့ခဲ့ရာမှာ အလောင်း ၅ လောင်းကိုတော့ ဘယ်သူဘယ်ဝါ ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်နယ်အစိုးရ ရှေ့နေတွေက မတ် ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီအမျိုးသမီးတွေဟာ ဂွါနာဝါတိုပြည်နယ်ထဲက မူးယစ်ရမ်းကားမှုတွေ ဖြစ်ပွားတတ်တဲ့ စေလေးယာမြို့မှာ မတ် ၇ ရက်က ပျောက်ဆုံးခဲ့တာပါ။
ရာဇ၀တ်ဂိုဏ်းတခုမှ ဂိုဏ်းဝင်တွေလို့ သံသယရှိသူတွေဟာ စေလေးယာမြို့ အနောက်မြောက်ဘက် ဟူဗန်တီးနိုး ရိုဆပ်စ်မြို့မှာ အမျိုးသမီးတွေကို ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း ဂွါနာဝါတို ရှေ့နေချုပ် ကားလော့စ် ဇားမာရီပါက ပြောပါတယ်။
အလောင်းတွေကို လုံးဝနီးပါး မီးရှို့ထားပြီးဖြစ်တာကြောင့် သေဆုံးသူတွေကို ဖော်ထုတ်နိုင်ဖို့ မှုခင်းဆေးပညာ အဖွဲ့တွေက လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဇားမာရီပါ က ပြောပါတယ်။
အခုထိ အလောင်းရုပ်ကြွင်းတွေကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီး ၅ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း သူကပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး သံသယရှိသူ အများအပြားကို ဖမ်းဆီးထားကြောင်းလည်း ဆိုပါတယ်။
ဂွါနာဝါတို ပြည်နယ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ နိုင်ငံရဲ့ ဒုက္ခကြုံရမှု အနည်းဆုံး ပြည်နယ်တွေထဲကနေ လူဆိုးဂိုဏ်းတွေ အုပ်စိုးမှု အများဆုံးပြည်နယ်တခု ဖြစ်နေပါတယ်။