အစဉ်အလာရှိသည့် ဆီဗီလာကို သတိထားကစားရလိမ့်မည်ဟု မန်ယူနည်းပြပြော

ယူရိုပါလိဂ်ပြိုင်ပွဲမှာ အစဉ်အလာရှိတဲ့ ဆီဗီလာအသင်းကို သတိထားယှဉ်ပြိုင်ရလိမ့်မယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်ကပြောပါတယ်။

မန်ယူအသင်းဟာ ယူရိုပါလိဂ်ချန်ပီယံ ခြောက်ကြိမ်အထိ စံချိန်တင်ရရှိထားတဲ့ ဆီဗီလာအသင်းနဲ့ ကွာတားဖိုင်နယ်အဆင့်မှာတွေ့ဆုံခဲ့တာပါ။

ဆီဗီလာဟာ အလွန်ကောင်းမွန်တဲ့ စံချိန်တင်ဆုဖလားတွေရရှိထားတာကြောင့် အတွေ့အကြုံရှိတဲ့ အသင်းဖြစ်နေပြီး သတိထားယှဉ်ပြိုင်ရမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

“ဆီဗီလာက ယူရိုပါလိဂ်မှာ အမှန်တကယ်အတွေ့အကြုံများတဲ့ အသင်းဖြစ်လို့ ခက်ခဲမဲ့ပွဲ ဖြစ်လာလိမ့်မယ်။ သူတို့က ချန်ပီယံဆုအများကြီးရထားတယ်။ သူတို့အသင်းအကြောင်း အသေးစိတ်တော့ မသိသေးပါဘူး။ ဒါကြောင့် အဲဒီအတွက် အာရုံစိုက်လုပ်ဆောင်သွားပါမယ်” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

နောက်တစ်ဆင့်တက်နိုင်ဖို့ဆိုရင် အကောင်းဆုံးခြေစွမ်းထုတ်ပြနိုင်မှသာဖြစ်နိုင်လိမ့်မယ်လို့လည်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

More News
Up