Home
ဆောင်းပါး
ပြည်သူကို အချဉ်လို့ ထင်နေသလား
DVB
·
March 14, 2023

စစ်အုပ်စုက ပြည်သူ့ရွေးချယ်ခံ NLDအစိုးရကို လက်နက်နဲ့ အကြမ်းဖက်အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူတွေဟာ လမ်းမပေါ်တက်ကာ ဆန္ဒပြငြင်းဆန်ခဲ့ကြတယ်။ လက်နက်နဲ့ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကို လက်နက်မဲ့နိုင်ငံရေးအဖြစ် မြန်မာနိုင်ငံတစ်ဝန်း လက်သုံးချောင်းထောင်ကာ အာဏာသိမ်းခြင်းကို ပြန်ရုပ်သိမ်းဖို့ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြတာပါ။

လမ်းပေါ်တက်လာတဲ့ပြည်သူတွေကို ဘယ်သူတွေက ဦးဆောင်ခဲ့သလဲဆိုတော့ ကိုယ့်အစုနဲ့ကိုယ် ပင့်ကူမျှင်ကွန်ရက်ပမာ ပြည်သူ-ပြည်သူချင်း စုပေါင်းဦးဆောင်မှုစနစ်။ မြန်မာနိုင်ငံတစ်ဝန်းက လမ်းမတိုင်းမှာ အကြမ်းဖက်ခြင်းလုံးဝမရှိအောင်လည်း ပြည်သူ-ပြည်သူချင်း ထိန်းသိမ်းခဲ့ကြတယ်။ 

ဒါပေမဲ့ အကြမ်းဖက်ဖို့ရာ အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ စစ်တပ်က ဘယ်နေလိမ့်မလဲ။ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ အသက် ၂၀ သာရှိသေးတဲ့ မြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းထဲ ကျည်တစ်တောင့်ပစ်သွင်းကာ စစ်တပ်ဟာ မိုးပေါ်ထောင်မဖောက်ကြောင်း သက်သေပြခဲ့တယ်။

စစ်တပ်ဟာ ဆက်တိုက်ဆိုသလို ပြည်သူတွေရဲ့ဦးခေါင်းထဲ ကျည်ဆန်တွေ ပစ်သွင်းကာ ပြည်သူ တွေရဲ့သွေးသားထဲ အကြောက်တရားစီးဝင်နိုင်မလားလို့ မျှော်လင့်ကြည့်ခဲ့တယ်။ ကျနော်တို့ အနောက်မြောက် လွင်ပြင်က ကဗျာဆရာခက်သီကို ဖမ်းသွားပြီး ၂၄ နာရီမပြည့်ခင် စစ်တပ်က အလောင်းပြန်ပေးခဲ့တယ်။

၂၀၂၁ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ် ထွက်ပေါ်လာပြီးနောက် လီဗာကိုခပ်ပြင်းပြင်းဆောင့်နင်းလိုက်သလို စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေဟာ ဘက်စုံ ထောင့်စုံကနေ ကြောက်မက်ဖွယ်ပြင်းထန်လာခဲ့တယ်။ Data for Myanmar ရဲ့ မှတ်တမ်းတွေက အာဆီယံဘုံသဘောတူညီချက်၅ရပ် နဲ့ မင်းအောင်လှိုင် လည်မျိုကိုချည်ပြီး နောက်တစ်လ ၂၀၂၁ ခုနှစ် မေလရောက်မှ စစ်တပ်ဟာ ပြည်သူ့နေအိမ် ၃ လုံးကို စတင်မီးရှို့ကြောင်း ဖော်ပြပါတယ်။

စစ်အုပ်စုက မြန်မာပြည်သူတွေကို ဒူးထောက်လက်မြှောက်ပြီး သူတို့လုပ်သမျှ နာခံကြဖို့ သွေးညှီနံ့နံ နေတဲ့ပါးစပ်နဲ့ ခပ်ပြတ်ပြတ်တောင်းဆိုခဲ့တယ်။ နားပါးပြီးအသိနက်တဲ့ ဂျန်နရေးရှင်းဇက်တွေဟာ လက်သီး လက်မောင်းတန်းတာတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတာ ကောင်းကောင်းသိလေတော့ မြန်မြန်ဆန်ဆန်ပဲနောက်တစ်လမ်းဖြစ်တဲ့ သေနတ်ကိုသေနတ်ချင်း ယှဉ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတချို့ဆီ ဦးတည်ခဲ့ကြတယ်။ ဂျန်နရေးရှင်းဇက်တချို့ဟာ မြန်မြန်ဆန်ဆန်ပဲ နယ်စပ်ဒေသတွေသွား၊ လိုအပ်တဲ့သင်တန်းတွေတက်ပြီး မြို့ပြကိုပြန်လာကာ မြို့ပေါ်ကစစ်ရေးပစ်မှတ်တွေကို ဝုန်းဒိုင်းကြဲပြလိုက်တော့ စစ်အုပ်စု ဆတ်ဆတ်ခါသွားရ ပါတယ်။

ခုခံတော်လှန်စစ်ဆိုတာ အခြေအနေရဲ့ တွန်းပို့မှုကြောင့် ဆုပ်ကိုင်လိုက်ရတဲ့လမ်း။ မြန်မာနိုင်ငံရဲ့ဒေသအသီးသီးမှာ PDFတပ်တွေ မွေးဖွားလာတာ NLD၊ CRPH၊ NUCC၊ NUGအစိုးရရဲ့ ဖိတ်ခေါ်စေ့ဆော်မှုကြောင့်မဟုတ်ဘဲ လူငယ်တွေ ကိုယ့်ဘာသာပိုင်းဖြတ်စုစည်းကာ တိုင်းပြည်ရဲ့အနာဂတ်အတွက် သေနတ်ကို ကျစ်ကျစ်ပါဆုပ်ခဲ့ကြတာဖြစ်တယ်။

တူမီးသေနတ်နဲ့ ခုခံတော်လှန်စစ်ကို စခဲ့ကြတယ်။ တူမီးသေနတ်ကိုတောင် စိတ်ကြိုက် ကျည်မဖြုန်း နိုင်၊ ရဲဘော်တိုင်း တူမီး မကိုင်နိုင်တဲ့ဘဝနဲ့ အသက်တွေပေးပြီး စခဲ့ကြတာပါ။ မောင်းပြန်သေနတ်နဲ့စစ်ရေးအတွေ့အကြုံကြွယ်ဝပြီးသား စစ်တပ်ကို တူမီးနဲ့လက်လုပ် တစ်တောင့်ထိုး သေနတ်တွေနဲ့ အလစ်ဝင်ပစ်ပြီး ပြေးကြရတာ သေလမ်းနဲ့ ကပ်လျက် ပြေးရတယ်ဆိုတာ အဲဒီပြောက်ကျားရဲဘော်တွေ မသိဘဲ ဘယ်နေပါ့မလဲ။

ပြီးတော့ သေနတ်ချင်းယှဉ်ပစ်ဖို့ မဖြစ်နိုင်တော့ မိုင်းဆွဲတိုက်ခိုက်ခြင်းနည်း။ ရန်သူလာမယ့်လမ်းမှာ မိုင်းထောင်ထားမယ်၊ ရန်သူရောက်လာရင် မိုင်းဆွဲဖြုတ်မယ်၊ မိုင်းဆွဲပြီးပြီဆိုတာနဲ့ ကြိုတင်ရွေးထားပြီးသားပြေးလမ်းအတိုင်း စွတ်သာပြေးတော့။

အဲဒီမိုင်းတွေရလာဖို့ နည်းပညာလိုတယ်။ လူငယ်တွေ ဂူဂဲခေါက်ကြတယ်။ အပြန်အလှန်မျှဝေကြ တယ်။ မိုင်းလုပ်နည်းကနေစပြီး လက်လုပ်သေနတ်၊ လက်လုပ်လက်နက်ကြီး၊ အခုဆိုရင် အကောင်သေးသလောက်ထိချက်ပြင်းတဲ့ လျက်ဆားပုလင်းဗုံးအထိ။ အခု လက်နက်တွေထုတ်လုပ်တဲ့ PDFအဖွဲ့တချို့ဆို စိတ်ချရတဲ့ လက်နက်တွေ ထုတ်လုပ်လာနိုင်တဲ့အထိ ပျိုးထောင်နိုင်ခဲ့ပြီဆိုတဲ့ အဆင့်သစ်။

မိုင်းတွေကို နိုင်နိုင်နင်းနင်းထုတ်လုပ်နိုင်ပြီးနောက် နောက်တစ်ဆင့် ထပ်ခုန်ကူးလိုက်နိုင်တာက ဒရုန်း စစ်ဆင်ရေး။ စိတ်ချရတဲ့ ဆားဗေးရလဒ်တွေ မရှိသေးပေမဲ့ ဒရုန်းတပ်ဖွဲ့တွေ သိသိသာသာ များလာခြင်းအရ အိုင်တီနဲ့ကြီးလာတဲ့လူငယ်တွေဟာ ဒရုန်းကို ကောင်းကောင်းမောင်းနှင် ဗုံးကြဲနိုင်တဲ့ပုံပါပဲ။

မိုင်းတွေရော လုပ်သေနတ်တွေရော ဒရုန်းတွေပါ စနစ်တကျလေ့ကျင့်သင်ကြားမှုကနေ စတင်ခဲ့ရတာ မဟုတ်ဘဲ မုဆိုးစိုင်သင်အဖြစ် တစ်ခါမှမလျှောက်ဖူးတဲ့ခြေထောက်နဲ့ လမ်းစလျှောက်ခဲ့တာပါ။ မုဆိုးစိုင်သင်ဆိုတာ ပန်းခင်းထဲလေညှင်းခံလမ်းလျှောက်ရတာမျိုးမဟုတ်ဘဲ အသက်တွေနဲ့ရင်းပြီး သင်ခဲ့ရတာပါ။ မိုင်းတွေ လက်နက်ကြီးတွေ စမ်းသပ်ရင်းနဲ့ မတော်တဆမှု လူတစ်ကိုယ်လုံး တစ်စစီဖြစ်သွားတာတွေ၊ ခြေပြတ်လက်ပြတ် ဘဝတွေ မနည်းလှပါဘူး။

အဲဒီလို အသက်တွေ၊ ခြေတွေလက်တွေ ရင်းခဲ့ရသလို သေနတ်တစ်လက်ဖြစ်ဖို့ မိုင်းတစ်လုံးဖြစ်ဖို့ဆို တာလည်း ငါးပြား၊ ၁၀ပြားနဲ့မရပါဘူး။ အနိမ့်ဆုံးအဆင့် မိုင်းတစ်လုံးဖြစ်ဖို့ဆိုတာတောင် ငွေ တစ်သိန်းကျော် ကုန်ပါတယ်။ မောင်းပြန်သေနတ်တစ်လက် သိန်း၁၀၀ကျော်။ အနိမ့်ဆုံးဒရုန်းတစ်စင်းရဲ့ လက်ရှိပေါက်ဈေးက ၄၅သိန်း ။PDF တွေဟာ ဒီနေ့အချိန်ထိ ဘယ်တိုက်ပွဲမှာမဆို ကျည်ဆန်ကို စိတ်ကြိုက်ပစ်နိုင်ခြင်းမရှိသေးပါဘူး။ တိုက်ပွဲမှာ အသာစီးရနေပေမဲ့ ကျည်ဆန်ကုန်လို့ လှည့်ပြန်ခဲ့ရတဲ့တိုက်ပွဲတွေလည်း မနည်းလှပါဘူး။

ပြောရရင် ငွေရှိမှသာ တော်လှန်နိုင်တဲ့ဘဝ။ PDFတပ်ဖွဲ့တိုင်းလိုလိုဟာ လက်နက်ခဲယမ်းတွေလုပ် တတ်ဖို့နဲ့တိုက်ပွဲ အတွေ့အကြုံတွေရဖို့ အသက်တွေရင်းပြီးဖြည်းဖြည်းချင်းတည်ဆောက်ခဲ့ရသလို တိုက်ပွဲဝင် လက်နက်ကိရိယာတွေ ဝယ်ယူနိုင်ဖို့ကိုလည်း မူးစုပဲစုနဲ့ စုဆောင်းဝယ်ယူခဲ့ရတာပါ။

လက်နက်လုပ်ဖို့၊ လက်နက်ဝယ်ဖို့၊ PDFတပ်ဖွဲ့ဝင်တွေ စားသောက်စရိတ်နဲ့အထွေထွေ ကုန်ကျငွေ အတွက်  ပိုက်ဆံတွေ ဘယ်ကရပါသလဲ။ ဘယ်နိုင်ငံတကာကမှ ငါးပြားတစ် စေ့မကူတာအားလုံးအသိပဲဖြစ်သလို ပြည်တွင်း၊ ပြည်ပပြည်သူတွေက ထောက်ပံ့လို့သာ အဲဒီပိုက်ဆံတွေရတာလည်း အားလုံးအသိပါပဲ။

သူ့ပရိသတ်နဲ့သူ ပြည်သူတွေက PDF အဖွဲ့တွေကို နင့်နေအောင် ထောက်ပံ့ကြပါတယ်။ ဒီလောက် များပြားတဲ့ငွေတွေကို နှစ်လရှည်ကြာ ပြည်သူတွေက ဘာ့ကြောင့် ထောက်ပံ့ကြပါသလဲ။ ပြည်သူတွေဟာ ခုခံတော်လှန် စစ်ကိုယုံကြည်ကြသလို နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမယ်လို့လည်း ယုံကြည်ကြလို့ပါပဲ။

နွေဦးတော်လှန်ရေးရဲ့ တပ်ဦးထိပ်က NUG အစိုးရဆိုတာ တော်လှန်ရေးအတွက်ရန်ပုံငွေကို မူးယစ် ဆေးဝါးတို့လို သိက္ခာမဲ့နည်းလမ်းတွေနဲ့ မရှာဖွေဘူးဆိုတာ တစ်ကမ္ဘာလုံးက လက်ခံထားကြပါတယ်။ NUG အစိုးရဟာ ငွေတိုက်စာချုပ်တွေထုတ်ရောင်းတယ်။ မင်းအောင်လှိုင် မတရားသိမ်းထားတဲ့အိမ်တွေ ရောင်းတယ်။ စစ်တပ်သိမ်းထားတဲ့မြေတွေပေါ် တော်လှန်ရေးပြီးရင် အိမ်ရာတွေတည်ပေးမယ်၊ ကွန်ဒိုတွေဆောက်ပေးမယ်ဆိုပြီးရောင်းပါတယ်။ မကြာသေးခင်က ရောင်းချပြီးစီးခဲ့တဲ့ ရန်ကုန်မြို့၊ ကမ္ဘောအေးဘုရားလမ်းပေါ်က ရဲရင့် နွေဦးကွန်ဒိုတိုက်ခန်း ၈၀၀ကျော်ဟာ ၂၄ နာရီမပြည့်မီ ရောင်းကုန်သွားပါတယ်။

တည့်တည့်ပြောရရင် NUGအစိုးရ ရောင်းချတာမှန်သမျှဟာ လေနဲ့ရောင်းနေတာချည်းပါပဲ။ NUG ကလေနဲ့ရောင်းသမျှကို ပြည်တွင်းနဲ့ ပြည်ပရောက်မြန်မာတွေက ဒေါ်လာတွေပေးပြီး ဝယ်နေကြပါတယ်။ NUG ရောင်းတာတွေအားလုံးဟာ နွေဦးတော်လှန်ရေး အောင်မြင်မှသာ အထမြောက်မှာချည်းပါပဲ။ အဲဒါကို ဘာ့ကြောင့် ဝယ်နေကြပါသလဲ။ NUG အစိုးရအပေါ် ယုံကြည်မှု၊ NUGအစိုးရကို ပံ့ပိုးပေးရမယ်ဆိုတဲ့အသိနဲ့ နွေဦးတော်လှန်ရေး ကျိန်းသေပေါက် အောင်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပါပဲ။

ဒါ့အပြင် လူထုပါဝင်တဲ့ပြောက်ကျားသပိတ်တိုက်ပွဲတွေ ယုံကြည်စွာဆက်လက်တည်ရှိနေတာနဲ့ သပိတ်တိုက်ပွဲတွေကို PDFတွေက လုံခြုံရေးရယူပေးတာတွေဟာ ခုခံတော်လှန်စစ်နဲ့  လက်နက်မဲ့သပိတ်တိုက်ပွဲတို့ အတူတကွပေါင်းစည်းတည်ရှိနေခြင်းဆိုတဲ့ သ‌င်္ကတ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းက  မင်တက်ခဲ့ရတဲ့ အသံတိတ်သပိတ်ဟာ နွေဦးတော်လှန်ရေးအတွက် ဩဇာနဲ့သက်ရောက်မှု အင်မတန်ကြီးမားလှတယ်ဆိုတာ ဒီမိုကရေစီအင်အားစုအားလုံးက လက်ခံထားကြပါတယ်။

ဆိုလိုတာက နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်နဲ့ လက်နက်မဲ့သပိတ်ဆိုတဲ့ တိုက်ပွဲပုံသဏ္ဍာန် ဟာ သူ့အားသာချက်နဲ့သူ အပြိုင်တည်ရှိနေပြီး သူတို့ရဲ့ ရည်မှန်းချက်ဟာ မြန်မာမြေပေါ်က  စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပါမကျန် မြေလှန်ပစ်ရေးပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဆိုတာ ပြည်သူတွေအသေခံ၊ အငတ်ခံ၊ ဘဝပျက်ခံပြီး ယုံကြည်မှုကြီးစွာနဲ့ ခုခံတော်လှန်နေကြတာ ဖြစ်ပါတယ်။

ပြည်သူဟာ သူတို့သွားနေတဲ့ လမ်းသူတို့ကောင်းကောင်းသိကြပါတယ်။ ပြည်သူတွေဟာ နှစ်ပေါင်း ရှည်ကြာ အာဏာရှင်တွေရဲ့ ဗလောင်းဗလဲတွေကြား ရအောင်ရှင်သန်ခဲ့ကြသလို အာဏာရှင်တွေအောက် ဒူးထောက်ခစားသွားသူတွေရဲ့ ပါးစပ်ပေါက်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီးပြီမို့ ပြည်သူဟာ အရေထူပြီးသား၊ နားပါးပြီးသား၊ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေဆိုတာ သိပြီးသား။ 

စစ်အုပ်စုပြုလုပ်ချင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲကို ခေါင်းလျှိုဝင်ခြင်းဟာ နိုင်ငံရေးကို နိုင်ငံရေး နည်းနဲ့ဖြေရှင်းတာပါဆိုတဲ့ ဆင်ခြင်အပေါ် ပြည်သူယုံမယ်လို့ ထင်ရင်တော့ သိပ်မှားသွားပါလိမ့်မယ်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024